Healthy Life Ad
Life Style

ဆီးကျိတ်ရောင်ခြင်းနှင့် ပတ်သက်၍ သိသင့်သမျှ

၊ ကိုထက် ၊

ဆီးကျိတ်ဆိုတာ သစ်ကြားသီးအရွယ် ဂလင်းငယ်တစ်ခုဖြစ်ပြီး ဆီးကျိတ်ရည်တွေ ထွက်ရှိပါတယ်။ အမျိုးသား ၁၀-၁၂ ရာခိုင်နှုန်းဝန်းကျင်ဟာ ဆီးကျိတ်ရောင်ရမ်းတဲ့ ဝေဒနာလက္ခဏာတွေကို ခံစားရတတ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဆီးကျိတ်ရောင်ရမ်းတာက အသက် ၅၀ အောက်အမျိုးသားတွေမှာ အဖြစ်များဆုံး ရောဂါလက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ အများအားဖြင့် ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖြစ်တတ်ပြီး ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းပေါ် မူတည်ကာ ဖြည်းဖြည်းချင်း ဒါမှမဟုတ် ရုတ်တရက် ဖြစ်တတ်တဲ့ အခြေအနေလည်းဖြစ်ပါတယ်။ လနဲ့ချီပြီး ကြာလာတဲ့ အခြေအနေကို နာတာရှည် ဆီးကျိတ်ရောင်ရမ်းတယ်လို့ သတ်မှတ်ပါတယ်။

– အမျိုးအစားများ

ဆီးကျိတ်ရောင်ရမ်းတာက ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးအစားအမျိုးမျိုးရှိပါတယ်။

– ဘက်တီးရီးယားပိုးကြောင့် ရုတ်တရက်ဆီးကျိတ် ရောင်ရမ်းခြင်း

အဖြစ်အနည်းဆုံး အမျိုးအစားဆိုပေမယ့် ဖြစ်ခဲ့ရင် အပြင်းထန်ဆုံးခံစားရတဲ့ အခြေအနေပါ။ ဘက်တီးရီးယားပိုးဝင်တာကြောင့် အန်တာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ ဖျားတာနဲ့ ချမ်းတုန်တာ တို့လည်းခံစားရတတ်ပါတယ်။ ဆေးကုသမှုကို ချက်ချင်းမခံယူရင် ပိုးတွေပျံ့နှံ့ရာက ဆီးအိတ်ပိုးဝင်တာနဲ့ ဆီးသွားတဲ့ လမ်းကြောင်း ပိတ်တာတို့ဖြစ်တတ်ပါတယ်။

– ဘက်တီးရီးယားပိုးကြောင ့်နာတာရှည်ဆီးကျိတ် ရောင်ရမ်းခြင်း

မကြာခဏဆီးလမ်းကြောင်း ပိုးဝင်ရာက ဘက်တီးရီးယားပိုးဟာ ဆီးကျိတ်ဂလင်းကိုထိခိုက် စေတဲ့အခြေအနေပါ။ ဒီအခြေအနေကို ရောဂါ အမည်တပ်နိုင်ဖို့ ခက်ပါတယ်။ ရုတ်တရက်ဖြစ်တဲ့ ဆီးကျိတ်ရောင်ရမ်းတာနဲ့ တူပေမယ့် ခံစားရတဲ့ ဝေဒနာလက္ခဏာကတော့ သိပ်မပြင်းထန်ပါဘူး။

– ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ နာတာရှည် ဆီးကျိတ်ရောင်ရမ်းခြင်း

အဖြစ်များဆုံး ဆီးကျိတ်ရောင်ရမ်းတဲ့ အခြေအနေပါ။ ဆီးထဲမှာ သွေးဖြူဥပါရှိမှု၊ မရှိမှု၊ ဆီးကျိတ်အရည်ပါရှိမှု၊ မပါရှိမှုပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ ရောဂါလက္ခဏာပြပြီး အလိုလိုပျောက်သွားတတ်ပါတယ်။

– ရောဂါလက္ခဏာမပြဘဲ ဆီးကျိတ်ရောင်ရမ်းခြင်း

အမျိုးသားတစ်ဦးက ဆီးကျိတ်ရောင်ရမ်းနေပေမယ့် ဘာလက္ခဏာမှမပြတဲ့ အခြေအနေမျိုးပါ။ မျိုးမအောင်လို့ ဆေးစစ်ရာက ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာအတွက် ဆေးစစ်ရာက မတော်တဆ တွေ့ရှိတတ်ပါတယ်။

– ဆီးကျိတ်ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါလက္ခဏာများ

ဆီးကျိတ်ရောင်ရမ်းတဲ့အခါဖြစ်ပေါ်တတ်တဲ့ရောဂါလက္ခဏာတွေကဖြစ်စေတဲ့ အကြောင်းရင်း ပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေကတော့-

–       ဆီးသွားချိန်မှာ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊

–       အထူးသဖြင့် ညဘက်မှာပါ မကြာခဏ ဆီးသွားတာ၊

–       ဆီးသွားရ ခက်ခဲတာ၊

–       လိင်တံ၊ ကပ္ပာယ်အိတ်၊ အစာဟောင်းအိမ်၊ ပေါင်ခြံ၊ ဝမ်းဗိုက်နဲ့ ခါးနာတာ၊

–       သုက်လွှတ်ချိန်မှာ နာကျင်တာ၊

–       တုပ်ကွေးလို ဝေဒနာလက္ခဏာ ခံစားရတာတွေ ဖြစ်ကြပါတယ်။

– နောက်ဆက်တွဲ ပြဿနာများ

ဆီးကျိတ်ရောင်ရမ်းတာက ဘက်တီးရီးယားပိုးကြောင ့်ဖြစ်ရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။ မဟုတ်ရင် နောက်ဆက်တွဲပြဿနာတွေ ဝင်တတ်လို့ပါ။ အဲဒါတွေကတော့-

–       သွေးထဲ ဘက်တီးရီးယားပိုးဝင်တာ၊

–       ဝှေးစေ့ကနေ သုက်ကောင်ထွက်ရာ လမ်းကြောင်းဖြစ်တဲ့ သုက်ပြွန် ရောင်ရမ်းတာ၊

–       ဆီးကျိတ်ပြည်တည်တာ၊

–       မျိုးအောင်နိုင်စွမ်းမရှိတာတို့ ဖြစ်တတ်ပါတယ်။

– ဆေးကုသမှု

ဆီးကျိတ်ရောင်ရမ်းစေတဲ ့အခြေခံအကြောင်းရင်းကို ကုသဖို့လိုအပ်ပါတယ်။ အသုံးများတဲ့ကုထုံးတွေက-

– ပဋိဇီဝပိုးသတ်ဆေးပေးခြင်း – ဆရာဝန်က ဆီးကျိတ်ရောင်စေတဲ့ ပိုးအမျိုးအစားပေါ်မူတည်ပြီး သင့်တော်တဲ့ ပိုးသတ်ဆေးပေးမှာဖြစ်ပါတယ်။

-NSAIDSပေးခြင်း – ဆီးကျိတ်ရောင်ရမ်းမှုကို လျော့ကျစေတဲ့အပြင် နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

– Alpha Blockers – ဒီဆေးက ဆီးကျိတ်ဂလင်းနဲ့ ဆီးအိတ်ဆက်သွယ်ရာ ကြက်သားတွေ ပျော့ပျောင်းသွားစေမယ့် ဆေးပါ။ ဆီးသွားစဉ် နာကျင်တဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

– အခြားကုထုံး – စအိုထဲလက်နှိုက်ပြီး စမ်းသပ် စစ်ဆေးတာလိုပဲ ဆီးကျိတ်ဂလင်းထဲရှိတဲ့ အရာတွေကင်းစင်အောင် လုပ်ဆောင်တဲ့ ကုထုံးကိုလည်း ပေးလေ့ရှိပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top