Healthy Life Ad
Child

အရောင်ခွဲခြားမြင်နိုင်စွမ်း ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)

မေး Color Blindness အကြောင်း သိပါရစေ ဆရာ။
ဖြေ Color Blindness ဆိုတာက အရောင်လုံးဝ မမြင်တာတော့ မဟုတ်ပါဘူး။ အရောင်တွေကို ခွဲခြားနိုင်မှု စွမ်းရည် ကျဆင်းတာ ဖြစ်ပါတယ်။ အရောင်တွေကို အဓိကအနေနဲ့ သုံးမျိုးပဲ သတ်မှတ်ပါတယ်။ အနီရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်ဆိုတဲ့ အဓိက အရောင်သုံးမျိုးကို သတ်မှတ်ပြီး ဒီအရောင် သုံးရောင်ကို မြင်နိုင်၊ မမြင်နိုင် ခွဲခြားပါတယ်။ အရောင်တွေကို ခွဲခြားနိုင်မှု စွမ်းရည် ကျဆင်းတဲ့ သူတွေက အနီရောင်ကို ပြရင် မြင်တယ်၊ အစိမ်းရောင်ကို ပြရင်လည်း မြင်တယ်၊ အပြာရောင်ကို ပြရင်လည်းမြင်တယ်။ ဒါပေမဲ့ အစိမ်း၊ အနီ၊ အပြာဆိုတဲ့ အရောင်သုံးမျိုးကို အစက်လေးတွေနဲ့ ရောထွေးလိုက်တယ်။ အဲဒီ အစက်တွေ ရောထွေးထားပြီး နံပါတ်တစ်ခု ဥပမာ-နံပါတ် ၁၂ လို့ ပြလိုက်ရင် ၁၂ ကို ၁၂ မှန်း မသိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အရောင်တွေ ရောထွေးပြီး ဘာမှန်း တိတိကျကျ မသိတော့ဘူး။ ဒီလိုဖြစ်တာကို Color Blindness (အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းခြင်း) လို့ ခေါ်ပါတယ်။ သူတို့ကို ဘောပင်အနီရောင် ပြလိုက်ရင် အနီရောင်ဆိုတာ သိတယ်၊ အဲလိုပဲ အစိမ်းရောင်ရှိတဲ့ ပစ္စည်းတစ်ခုခုကို ပြလိုက်ရင်လည်း အစိမ်းရောင်ဆိုတာသိပါတယ်။ အရောင်တွေ ရောသွားမှသာ ခွဲခြား မသိတော့တာမျိုးပါ။ ဒါကို အရပ်အခေါ်အရ Color Confusion လို့ ခေါ်ပါတယ်။ Color Blindness ဖြစ်တာထက် ဒါကို အရောင်အမြင်မှာ ချို့ယွင်းတာလို့ ခေါ်ပါတယ်။ ဆေးပညာ အရတော့ Defective Color Vision လို့ ခေါ်ပါတယ်။

မေး အရောင်အမြင်မှာ ချို့ယွင်းတာကို ဘယ်လို စမ်းသပ်သိရှိ နိုင်ပါသလဲ ဆရာ။
ဖြေ အရောင်အမြင်မှာ ချို့ယွင်းတာကို စမ်းပုံစမ်းနည်းက အမျိုးမျိုး ရှိပါတယ်။ အများဆုံး စမ်းတာက ဂျပန်ဆရာဝန်တစ်ဦး ဖော်ထုတ်ခဲ့တဲ့ နည်းဖြစ်တဲ့ Ishihara နဲ့ စမ်းတာ ဖြစ်ပါတယ်။ စမ်းပုံ စမ်းနည်းက Plate ပြား ၂၄ ချပ် ရှိတဲ့အနက် ဘယ်နှချပ်ကို သူဖတ်နိုင်သလဲ ဆိုတဲ့ အဖြေအပေါ် မူတည်ပြီး သတ်မှတ်တာပါ။ Plate ပြား၂၄ ချပ်အနက် ၂၄ ချပ်စလုံး ဖတ်နိုင်ရင်တော့ ဘာပြဿနာမှ မရှိဘူးပေါ့။

မေး. အရောင်တွေကို ခွဲခြားနိုင်တဲ့ စွမ်းရည်ကျဆင်းမှု ဖြစ်သူဦးရေက ဘယ်လောက်အထိ ရှိပါသလဲ ဆရာ။
ဖြေ. အရောင်ခွဲခြားမှု စွမ်းရည်ကျဆင်းမှု (Color Blindness) ဖြစ်သူဦးရေက နည်းပါတယ်။ အများစုက အရောင်ကို မြင်နိုင်စွမ်း ချို့ယွင်းမှု (Defective Color Vision) ဖြစ်တာပါ။
သူတို့က အရောင်အမြင်ပိုင်း ဆိုင်ရာမှာ ချို့ယွင်းမှု ရှိပေမယ့် လူကောင်းတွေပါပဲ။ ဘာရောဂါမှ မရှိပါဘူး။ အမြင်စွမ်းရည်လည်း အပြည့်အဝ ရှိပါတယ်။ မျက်စိစမ်းတဲ့ အခါမှာလည်း အပေါ် တစ်တန်းကနေ အောက်ဆုံး အတန်းအထိ မြင်နိုင်ပါတယ်။ စာလုံး သေးသေးလေးက အစဖတ်နိုင်ပေမယ့် သူတို့က အရောင်တွေ ရောထွေးသွားရင် မဖတ်နိုင်တော့တာပါ။

မေး. အရောင်အမြင် ချို့ယွင်းတာကို ဆေးကုသလို့ ရပါသလား ဆရာ။
ဖြေ. ဒါက ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ အရောင်ကို မြင်နိုင်စွမ်း ချို့ယွင်းတာက မွေးရာပါ (Congenital) ကြောင့် ဖြစ်တာလား၊ ရောဂါ တစ်ခုခုကို အခြေခံပြီး (Acquired) ဖြစ်တာလား ဆိုတာကို ကြည့်ရပါမယ်။ ငယ်ငယ်ကတည်းက ဖြစ်လာတဲ့ သူတွေအတွက်ကတော့ ကုသပေးလို့ မရပါဘူး။ ရောဂါတစ်ခုခုကို အခြေခံပြီး ဖြစ်တယ်ဆိုရင်တော့ မူလရောဂါကို ကုသပေးဖို့ လိုပါတယ်။ မူလရောဂါကို ဖယ်ရှားနိုင်ရင် ပြန်ကောင်းနိုင်ပါတယ်။

မေး. အရောင်အမြင်မှာ ချို့ယွင်းတာက ဘယ်လို ရောဂါတွေနဲ့ ဆက်စပ်မှု ရှိနေပါသလဲ ဆရာ။
ဖြေ. မျက်စိရဲ့ အမြင်စွမ်းရည်က မျက်စိမှာရှိတဲ့ မြင်လွှာ(Retina) ပေါ်မှာ မူတည်တယ်။ မြင်လွှာမှာ Rods နဲ့ Cones ဆိုတဲ့ ဆဲလ်နှစ်မျိုး ရှိပြီး အရောင်က Cones နဲ့ ဆက်စပ်မှု ရှိပါတယ်။ Cones မှာ ဖြစ်တဲ့ ရောဂါတွေ – ဥပမာ မက်ကူလာမှာ ဖြစ်တဲ့ ရောဂါတချို့ဟာ အရောင်အမြင် ချို့ယွင်းမှုနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒီရောဂါတချို့ကို ကုသလိုက်ရင် နဂိုအတိုင်း လုံးဝ ကောင်းသွား နိုင်ပါတယ်။ ဒါပေမဲ့ မက်ကူလာ အစိတ်အပိုင်းမှာ ရောဂါဖြစ်တဲ့ သူတိုင်းက အရောင်အမြင်မှာ ချို့ယွင်းမှု ဖြစ်နိုင်ခြေ သိပ်နည်းပါတယ်။ လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ရောဂါ ဖြစ်နိုင်ခြေ ရှိတယ်။ အရောင်ကို မြင်နိုင်စွမ်း ချို့တဲ့သူ လူတစ်ရာမှာ မွေးရာပါ အရောင်ကို မြင်နိုင်စွမ်း ချို့တဲ့တာက ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းခန့် ဖြစ်နိုင်ခြေ ရှိပြီး ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ခြေက ဝ ဒသမ ဝ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

မေး. အရောင်ကို မြင်နိုင်စွမ်း ချို့တဲ့မှုမှာ မွေးရာပါ အခြေအနေကြောင့် ဖြစ်တာက မျိုရိုးဗီဇနဲ့ ဆက်နွှယ်မှု ရှိပါသလား ဆရာ။
ဖြေ. မျိုးရိုးဗီဇနဲ့ ဆက်နွှယ်မှု ရှိပါတယ်။ ဆေးပညာ အရ Genetic X – linked လို့ ခေါ်ပါတယ်။ မိခင်က ဒီမျိုးရိုးဗီဇ သယ်ဆောင်သူ ဖြစ်ပြီး သားတွေဆီမှာ လက်ဆင့်ကမ်း ပါလာတာမျိုးပါ။

မေး. မွေးရာပါ အခြေအနေကြောင့် ဖြစ်တဲ့ အရောင်ကို မြင်နိုင်စွမ်းချို့တဲ့မှုက ကုသလို့ မရဘူးဆိုရင် ဆရာတို့အနေနဲ့ ဘယ်လို လုပ်ဆောင် ပေးနိုင်ပါသေးသလဲ။
ဖြေ. သူတို့ကို လုပ်ပေးနိုင်တာကတော့ နှစ်သိမ့်ဆွေးနွေး အကြံပေးတာ (Counselling) ပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အလုပ်အကိုင် ပိုင်းမှာတော့ နည်းနည်း ခက်ခဲတတ်ပါတယ်။ များသောအားဖြင့် သူတို့တွေက မေးလေ့ရှိတယ်။ “ကျွန်တော်တို့ ဘယ်လို အလုပ်တွေကို လုပ်လို့ရလဲ”ဆိုပြီး မေးပါတယ်။ ဆရာဝန် အလုပ်ကို လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုကိုလည်း သူလုပ်နိုင်တယ်။ လူနာ ပြာနှမ်းနေတာ တွေကိုလည်း သူမြင်ရတယ်။ ဒါပေမဲ့ အနီ၊ အစိမ်း၊ အပြာ စတာတွေကို အစက်လေးတွေ ရောနေတဲ့အခါ သူ ခွဲခြားမမြင်ရတဲ့အတွက် Slide ပြားတွေ ကြည့်ရတဲ့ ရောဂဗေဒ ဆရာဝန် (Pathologist) တို့၊ Microbiologist တို့ကိုတော့ သူမလုပ်နိုင်ပါဘူး။ ပြီးတော့ အရောင်အတွက် အရေးကြီးတဲ့ အချက်(Signal) ပြ ဆက်သွယ်ရေး စနစ်နဲ့ ပတ်သက်တဲ့ အလုပ်တွေဆိုရင် လုပ်လို့ မရပါ ဘူး။ ဥပမာ ပြောရရင် သင်္ဘော၊ လေယာဉ် စတာတွေမှာ အလုပ်တိုင်း လုပ်လို့ မရဘူး။ နောက်တစ်ချက်က ဘူမိဗေဒ (Geology) အလုပ်ကို သူလုပ်လို့ မရဘူး။ ကျောက်တွေရဲ့ အရောင်တွေကို သူကောင်းကောင်း မခွဲခြား နိုင်လို့ပါ။ သစ်တောနဲ့ ဆိုင်တဲ့ အလုပ်တွေကို လုပ်လို့ မရပါဘူး။ အဓိက ကတော့ ဒီသုံးချက်ပါပဲ။အလုပ်အကိုင် အနေနဲ့ နည်းနည်းပါးပါး ရှောင်ရှားလိုက်ရင် အဆင်ပြေတာပဲ ဖြစ်လို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ လူဆိုတာက ဖြစ်ချင်တိုင်း ဖြစ်ရမယ် လို့တော့ မဟုတ်ပါဘူး။ ဒီတစ်ခုကို မဖြစ်နိုင်ဘူး ဆိုရင် ဖြစ်နိုင်ခြေ ရှိတဲ့အချက်ကိုပဲ ရွေးပြီး အကောင်းဆုံး ကြိုးစားရမှာပါ။

မေး. အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းတဲ့ သူတွေက မွေးလာမယ့် သားသမီး တွေမှာရော ဒီလို အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းနိုင်ခြေ ရှိပါသလား ဆရာ။
ဖြေ ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့် ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေက သူများတွေ ထက်တော့ ပိုများနေပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၅၀ ရာခိုင်နှုန်းလောက် ပိုများပါတယ်။

မေး. အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်း နေတယ်ဆိုတာကို ကိုယ့်ဘာသာသိတဲ့ သူရှိပါသလား ဆရာ။
ဖြေ ကိုယ့်ဘာသာ သိတဲ့သူက ရှားပါတယ်။ ဘာလို့လဲ ဆိုတော့ အစိမ်း၊ အနီ၊ အပြာ စတဲ့ အရောင်တွေကို လုံးဝ မသိတဲ့သူက အတော်ရှားပါတယ်။ လူတစ်ရာမှာ တစ်ယောက်တောင် မရှိပါဘူး။ အများစုက အစိမ်း၊ အနီ၊ အပြာ၊ အဝါ စသဖြင့် ခွဲခြား သိကြပြီး အဲဒီအရောင်တွေ ရောထွေးသွားတဲ့ အခါကျမှ မသိကြတာ များပါတယ်။ အဖြူပေါ်မှာ အနီနဲ့ ရေးထားရင် ကောင်းကောင်း သိပေမယ့် အဝါပေါ်မှာ အနီနဲ့ ရေးတာမျိုး၊ အပြာပေါ်မှာ အစိမ်းနဲ့ ရေးထားတာမျိုး ဆိုရင် ကောင်းကောင်း မဖတ်နိုင်တော့ပါဘူး။

မေး. ရောဂါကြောင့် အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းတယ်ဆိုရင် ဆေးကုသမှု သက်တမ်းက ကြာမြင့် နိုင်ပါသလားဆရာ။
ဖြေ အရောင်ခွဲခြားမှု စွမ်းရည်ကျဆင်းတာက ရောဂါကြောင့် ဖြစ်တယ်ဆိုရင် ဆေးကုသရမယ့်သက်တမ်းက ကြာပါတယ်။ နောက်တစ်ချက်အနေနဲ့ လုံးဝပျောက်ကင်းသွားပါ့မယ်ဆိုတဲ့ အာမခံချက်လည်းမရှိပါဘူး။ ဆေးကုသလိုက်လို့
ပျောက်သွားပေမယ့်
ပြန်ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဆရာတို့အတွေ့အကြုံအရ အရောင်တွေကို ခွဲခြားမြင်နိုင်စွမ်း ချို့တဲ့တာက ရောဂါကြောင့် ဖြစ်တဲ့သူကို မတွေ့ဖူးပါဘူး။ အားလုံးက မွေးရာပါအခြေအနေကြောင့် ဖြစ်ကြတာတွေပါ။

မေး. မိဘ တစ်ပါးပါးမှာ အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းတယ်ဆိုရင် သားသမီးတွေ အနေနဲ့ အရောင်ခွဲခြားမှု စွမ်းရည်ကျဆင်းမှု ရှိ၊ မရှိ စမ်းသပ် စစ်ဆေးမှုကို ခံယူသင့်ပါသလား ဆရာ။
ဖြေ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ တကယ်လို့ မွေးရာပါ အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းမှု ရှိတယ်ဆိုတာ သိခဲ့ရင် ငယ်ငယ်ကတည်းက သူ့အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လမ်းညွှန်ပေးထားလို့ ရတာပေါ့။ ဒီလိုဖြစ်တာက ကုလို့မရဘူး ဆိုပေမယ့် ဘာပြဿနာမှ မရှိဘူး၊ ပုံမှန်ပဲ၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့တော့ သင်္ဘော ကပ္ပတိန် မလုပ်နဲ့၊ အင်ဂျင်နီယာ အပိုင်းကိုပဲ လုပ်၊ ဆရာဝန်လုပ် စသဖြင့် လမ်းကြောင်း ပေးထားလို့ ရပါတယ်။ ဒီလို ဖြစ်ပေမယ့် မွေးရာပါ ဖြစ်တာကြောင့် မျက်စိနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲလည်း ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ဓာတ်ကျစရာ၊ စိုးရိမ်ပူပင်စရာ မလိုပါဘူး။

Most Popular

Healthy Life Ad
To Top