Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကျန်းမာရေးအမေးအဖြေများ (၂)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ကလေးမွေးပြီးရင် အခုကြီးနေတဲ့ သားအိမ်က ပြန်ချပ်ပါ့လား . . .

မေး ။ အခုကိုယ်ဝန်ဆောင်လာချိန်မှာ သားအိမ်က တအားကြီးလာပါတယ်။ အဲဒီသားအိမ်က ကလေးမွေးပြီးချိန်မှာ နဂိုအနေအထား ပြန်ဖြစ်ပါ့မလား၊ ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရပါ့မလဲ၊ ဗိုက်စည်းစည်းတာကရော ဗိုက်တကယ်ချပ်ပါ့လား ဆရာ။

ဖြေ ။ မိခင်တိုင်း မိခင်တိုင်းက တစ်သားမွေးပြီးရင် တသွေးလှချင်ကြပါတယ်။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်တွေမှာ တစ်သားမွေးပြီးရင် တသွေးဝလာတာ ပိုများပါတယ်။ လူ့ခန္ဓာကိုယ်မှာ အင်မတန် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အင်္ဂါအစိတ်အပိုင်းဆိုတာ သားအိမ်ပါပဲ။ သားအိမ်ဆိုတာ လက်သီးဆုပ်တစ်ဝက်လောက်ပဲရှိတယ်၊ ပြောမယ်ဆိုရင် သရက်သီးသေးသေးတစ်လုံးအရွယ်လောက်ပဲ ရှိတယ်။ အဲဒီသေးသေးလေးထဲကို ကလေးလေးတစ်ယောက် သန္ဓေတည်ပြီး နေ့စေ့လစေ့အထိ ဖြစ်လာရင် သားအိမ်က အကြီးကြီး ဖြစ်သွားတယ်။ တချို့ အမြွှာကိုယ်ဝန်ဆိုရင် သားအိမ်က ပိုကြီးတယ်။ ဒါပေမဲ့ ထူးဆန်းအံ့သြဖို့ကောင်းတာက ကလေးလေးမွေးပြီးတာနဲ့ အဲဒီသားအိမ်ဟာ စပြီးဝပ်ပါတယ်။ သားအိမ်ထဲမှာ ရှိတဲ့ကြွက်သားတွေက ညှစ်ချတာ တစ်နေ့ကိုလက်တစ်လုံးနှုန်းနဲ့ ပြန်ဝပ်ပါတယ်။ ကလေးမွေးပြီး ၁၀ ရက်မြောက်နေ့ကစပြီး ၁၁ ရက်မြောက်နေ့မှာ အဲဒီသားအိမ်ကို ဗိုက်ပေါ်ကနေစမ်းလို့ မမိတော့လောက်အောင် ပြန်သေးသွားပါတယ်။ ကလေးမွေးပြီးခြောက်ပတ်ဆိုရင် အဲဒီသားအိမ်ဟာ ကလေးမမွေးခင်အချိန်အထိ ပြန်သေးသွားပါတယ်။ သားအိမ်က အကြီးကြီးကနေ သေးသေးလေးပြန်ဖြစ်သွားတယ်။ ဒီလို ဖြစ်သွားဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတော့ ကလေးကို မိခင်နို့ချိုတိုက်ကျွေးရင် ပိုပြီး သားအိမ်ဝပ်ပါတယ်။ ကလေးကို နို့တိုက်ရင် မိခင်ကိုယ်ထဲမှာ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီဟော်မုန်းကို အောက်ဆီတိုစင်လို့ ခေါ်တယ်။ အဲဒီဟော်မုန်းက နို့ရည်ကို ပန်းထွက်အောင်လုပ်သလို သားအိမ်မှာရှိတဲ့ကြွက်သားတွေကိုကျုံ့အောင် လုပ်ပေးပါတယ်။ ပြီးတော့ သွေးသွန်တာတွေကို ကာကွယ်ပေးပါတယ်။ ဒီတော့ သားအိမ်က မြန်မြန်သေးသွားပါတယ်။

မွေးပြီးရင် ဗိုက်က အကြီးကြီးဖြစ်ပြီး ကျန်ခဲ့တယ်။ အဲဒီဗိုက်ကို ပြန်ချပ်အောင်လုပ်ဖို့ မိခင်က လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဘယ်လို လေ့ကျင့်ခန်း လုပ်မှာလဲဆိုတော့ မိခင်တွေက ကိုယ်ရဲ့ ဝမ်းဗိုက် ကြွက်သားတွေကို တောင့်တင်းလာအောင်နဲ့ အားရှိအောင်လုပ်ရမယ်။

ဗိုက်စည်းလိုက်ရင် ဗိုက်ချပ်သွားမှာပဲလို့ လူတွေက ထင်တယ်။ အဲဒါက ခဏပါပဲ။ ဗိုက်စည်းဖယ်လိုက်ရင် ဗိုက်က ပြန်ဖောင်းလာတတ်ပါတယ်။ ဗိုက်စည်းစည်းတာကို ဆရာလည်းအားပေးပါတယ်။ တစ်ခုပဲ ဗိုက်ကြီးကို အတင်းစည်းထားရင် ဗိုက်စည်းက မသန့်တဲ့အခါ အောက်မှာ ချုပ်ထားတဲ့ ချုပ်ရိုးကို ပွတ်မိရင် အဲဒီမှာ ပြည်တည်တတ်တယ်။ ဒါကြောင့် ဗိုက်စည်းစည်းတဲ့အခါ ချုပ်ရိုးကို ထိလောက်အောင် အရမ်းမစည်းရပါဘူး။

တကယ် ဗိုက်ပိန်စေဖို့ ကြွက်သားတွေအားရှိအောင် လေ့ကျင့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာ လမှာကတည်းက ဗိုက်ကိုတင်းလိုက်၊ လျှော့လိုက် အမြဲလုပ်ရတယ်။ နောက်တစ်ခုက မိခင်တွေဟာ ဝမ်းဗိုက်ကြွက်သားတွေတင်မက မွေးလမ်းကြောင်းတစ်ဝိုက်ကြွက်သားတွေ တင်းရင်းဖို့လည်း အရေးကြီးပါ တယ်။ အဲဒီကြွက်သားတွေ အားလျော့သွားရင် သားအိမ်ကျတတ်တယ်၊ ဆီးအိမ်ဝမ်းအိမ်တွေ ကျပြီး ဖောင်းလာတတ်တယ်။ ချောင်းဆိုးတော့ ဆီးထွက် ရှက်ရှက်လို့တောင် ပြောတယ်။ အသက်ကြီးလာတာနဲ့ အပေါ်က ‘အဟွတ်’ဆို အောက်က ‘ဗြွတ်’ဆိုပြီး ဆီးထွက်သွားတတ်တယ်။ အဲဒါက ဆီးအိမ်ကြွက်သားတွေ အားလျော့သွားလို့ပါ။ အိမ်ထောင်သည်တွေမှာ အဲဒီကြွက်သားတွေ အားလျော့သွားရင် အိမ်ထောင်ရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အားကောင်းမှ အိမ်ထောင်ရေးသုခတွေနဲ့ ပြည့်စုံမှာပါ။

ဒါကြောင့် အဲဒီကြွက်သားတွေအားကောင်းစေမယ့် လေ့ကျင့်ခန်းလေးကိုလုပ်ပေးသင့်ပါတယ်။

အဲဒီလေ့ကျင့်ခန်းက မခက်ပါဘူး၊ အချိန်မရွေး၊ နေရာမရွေး ဘယ်သူမဆို လုပ်လို့ရတယ်။ အောက်ပိုင်းမှာ ရှိတဲ့ ကြွက်သားတွေအကုန်လုံးက တစ်စုတဝေးတည်းရှိတာ။ အခုထိုင်နေတယ်ဆိုရင် စအိုဝလေးက ထိုင်ခုံနဲ့ထိနေတယ်မဟုတ်လား။ အဲဒီထိနေတဲ့စအိုဝလေးကို မိုးပေါ်မြှောက်ကြည့် . .အိမ်သာတက်ချင်နေတဲ့အချိန်တက်ဖို့ အဆင်မပြေသေးတဲ့အခါမှာ စအိုကြွက်သားတွေကို ရှုံ့ပြီး အောင့်ရသလိုမျိုးပေါ့။

ဝမ်းဗိုက်ကြွက်သားကိုလည်း အဲဒီလို လုပ်ပေးရမယ်။ အဲဒီလိုလုပ်ကြည့်ရင် ဝမ်းဗိုက်ကြွက်သားတွေနဲ့မိန်းမ ကိုယ်ကြွက်သားတွေ သန်မာပြီး ကလေးမွေးပြီးတဲ့အခါ ဝမ်းဗိုက်ချပ်ရပ်မယ်၊ သားအိမ်မကျဘူး၊ ဆီးအိမ်မကျဘူး၊ အိမ်ထောင်ရေး ပြဿနာတွေလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် သန်ချဆေး သောက်သင့် / မသင့်

မေး ။ ကိုယ်ဝန်က ၁၇ပတ်ပါဆရာ။ သန်ချဆေးသောက်လို့ရမလား ဆရာ။

ဖြေ ။ ကိုယ်ဝန်ဆောင်မိခင်တွေကို စီမံချက်နဲ့ သန်ချဆေးတွေပေးပြီး သန်ချကြတယ်။ ဘာကြောင့် ဒီလို လုပ်ရတာလဲဆိုတော့ ဆရာတို့နိုင်ငံမှာ တစ်နိုင်ငံလုံးကိုခြုံပြီးကြည့်လိုက်ရင် ကိုယ်ဝန်ဆောင်မိခင်အများစု အာဟာရချို့တဲ့နေတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ သန်ကောင်တွေ အရမ်းများ နေလို့ပါ။ ကျန်းမာရေးအသိပညာနည်းတာ၊ ရေသုံးစွဲမှုနည်းတာ၊ သန့်ရှင်းမှုနည်းတာ . . ဒီလိုအကြောင်းတွေကြောင့် သန်ကောင်တွေက အရမ်းများနေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ရှိနေချိန်မှာ ဗိုက်ထဲ ကပ်ပါးပိုးတစ်ကောင်ရှိနေရင် မအေစားသမျှ ကလေးယူရမှာကို သန်ကောင်တွေက ယူနေတဲ့အခါ အာဟာရချို့တဲ့ပါတယ်။ ဒီတော့ စီမံချက်နဲ့ သန်ချဆေးတွေ အကုန်တိုက်ရတာပါ။ ဒါက နိုင်ငံတစ်ခုအနေနဲ့ လိုအပ်ချက်အရ တိုက်ရတာမျိုးပါ။

ဒါပေမဲ့ ဆရာကတော့ သန်ချရမလားလို့ မေးလာရင် ကိုယ်ဝန်ဆောင် တစ်ယောက်စီ တစ်ယောက် စီကို ကြည့်ပြီး စဉ်းစားရပါတယ်။ သူ့မှာ သန်ကောင်ရှိသလား၊ သန်ကောင်ရှိလောက်တဲ့ အခြေအနေမျိုး ရှိသလား။ ရှိတယ်ဆိုရင် သန်ချဆေးပေးရပါတယ်။ မရှိဘူးဆိုရင်မပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုံးလိုက်တဲ့ သန်ချဆေးက ကိုယ်ဝန်ဆောင်မိခင်အတွက် ရာနှုန်းပြည့် စိတ်ချရပါတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘာလို့ သန်ချဆေးပေးရသလဲဆိုရင်တော့ သန်ကောင်တွေက ပိုပြီးကြောက်စရာကောင်းလို့ ပေးရတာပါ။

ဒါပေမဲ့ သန်ကောင်မရှိတဲ့ ကိုယ်ဝန်ဆောင်ကို သူများတွေ သန်ချဆေးသောက်တိုင်း သောက်ရမယ် ဆိုတာကတော့ သိပ်မသင့်တော်ဘူး။ သန်ကောင်ရှိတယ်၊ ဗိုက်ထဲ လေတွေထိုးနေတယ်၊ သန်ကလည်း တစ်ခါမှ မချဖူးဘူး၊ အစားအသောက်အနေအထိုင်ကလည်း သန့်ရှင်းမှုအားနည်းတယ်၊ လမ်းဘေးစာတွေ စားတာများတယ် ဆိုရင်တော့ သန်ချဆေးပေးရမှာပါ။ တစ်ခုပဲ ကိုယ်ဝန်ဆောင် ပထမ သုံးလမှာ သန်ချဆေး လုံးဝ မပေးရပါဘူး။ လိုအပ်ရင် သုံးလကျော်ပြီးမှ သန်ချဆေးသောက်ရပါတယ်။

အမျိုးသမီးကျန်းမာရေးအမေးအဖြေများကို
ဆက်လက်ဖော်ပြသွားပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top