Healthy Life Ad
Health Tips

ချောင်းဆိုး ဘာကြောင့် မပျောက်ရတာလဲ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ချောင်းဆိုးတဲ့ ရက်ကြာနေလို့ စိတ်ညစ်နေသလား။ ချောင်းဆိုးပျောက်အောင် အမျိုးမျိုးလုပ်ပေမယ့် သက်သာ မလာလို့ စိတ်ညစ်နေပါသလား။

အကြောင်းရင်း (၁) အအေးမိခြင်း၊ တုပ်ကွေးမိခြင်းဖြစ်ပြီးနောက် အသက်ရှူလမ်းကြောင်း ယားယံခြင်း
နာတာရှည်ချောင်းဆိုးဝေဒနာဖြစ်ရတဲ့ အကြောင်းရင်းအများစုက မခန့်မှန်းနိုင်ပါဘူး။ အအေးမိဝေဒနာဖြစ်ပြီးတဲ့အခါ၊ ဗိုင်းရပ်စ်ပိုးဝင်ပြီးတဲ့အခါတွေမှာအဖြစ်များတတ်ပါတယ်။ ဒါကလည်း လူတိုင်းမဖြစ်ဘဲ ကိုယ်ခံအားနည်းသူတွေမှာ ဖြစ်တတ်ပါတယ်။

အကြောင်းရင်း(၂) အခြေခံကျန်းမာရေးပြဿနာရှိခြင်း
ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါက ချောင်းဆိုးစေတဲ့ အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ အက်ဆစ်ဆန်တက်ကာ ရင်ပူတာနဲ့ အိပ်စက်အနားယူစဉ် အသက်ရှူခဏရပ်တာတွေကလည်း နာတာရှည်ချောင်းဆိုးဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ တီဘီရောဂါရှိရင်လည်း ချောင်းဆိုးတတ်ပါတယ်။

အကြောင်းရင်း (၃) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများရင် အအေးမိဝေဒနာကိုကြာကြာဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာတဲ့အခါ ချောင်းဆိုးဝေဒနာမဖြစ်အောင် စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ အနားယူဖို့ နည်းလမ်းကတော့ အိပ်ရေးဝ၀အိပ်စက်ပေးဖို့ပါပဲ။ တစ်ညမှာအိပ်ချိန် ၇-၈ နာရီလောက်ရှိသင့်ပါတယ်။

အကြောင်းရင်း (၄)အရည်ကိုအလုံအလောက် မသောက်ခြင်း
အအေးမိဝေဒနာ ဒါမှမဟုတ် တုပ်ကွေးဖြစ်ရင် အရည်များများသောက်ပေးရပါမယ်။ ရေ၊ သစ်သီးဖျော်ရည်နဲ့ စွပ်ပြုတ်တွေက အသက်ရှူလမ်းကြောင်းမှာ အချွဲတွေကိုပျော်စေနိုင်ပြီး ချောင်းဆိုးသက်သာစေပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့အရည်တွေက ရေဓာတ်ခမ်းခြောက်စေလို့ အကူအညီမရပါဘူး။

အကြောင်းရင်း (၅) နှာခေါင်းတွင်းဖျန်းဆေးကို အလွန်အကျွံအသုံးပြုခြင်း
နှာခေါင်းတွင်းဖျန်းဆေးက နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ ဒါပေမဲ့ သုံးရက်ထက်ပိုပြီး အသုံးမပြုပါနဲ့။ ကြာကြာသုံးရင် ဝေဒနာလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

အကြောင်းရင်း (၆) လေထုခြောက်သွေ့လွန်းခြင်း စိုစွတ်လွန်းခြင်း
အထူးသဖြင့် ဆောင်းရာသီမှာ ခြောက်သွေ့တဲ့လေထုက ချောင်းဆိုးဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ စိုစွတ်တဲ့ လေထုက ပန်းနာရင်ကျပ်ရောဂါကိုထစေပြီး ဖုန်မှုန့်တွေနဲ့ မှိုတွေကို ပေါက်ပွားစေနိုင်ပါတယ်။

အကြောင်းရင်း (၇) ဘက်တီးရီးယားပိုးဝင်ခြင်း
အအေးမိဝေဒနာဖြစ်ရင် အသက်ရှူလမ်းကြောင်း ထိခိုက်လွယ်ပြီး ဘက်တီးရီးယားပိုးတွေ အလွယ်တကူဝင်ရောက်စေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးတွေက နှာခေါင်းတွင်း ကူးစက်ပိုးဝင်တာ၊ လေပြွန်ရောင်ရမ်းတာနဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဖျားတာနဲ့အတူ ကြာရှည်ချောင်းဆိုးနေရင် ဘက်တီးရီးယား ပိုးဝင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top