Healthy Life Ad
Life Style

ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ ဆက်စပ်ဖြစ်ပေါ်ပုံ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)
(အတွင်းရေးမှူး-ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆီးချို၊ သွေးတိုး၊ နှလုံးဆက်စပ်ပြီး ဖြစ်ပုံကို သိပါရစေရှင့်။ ကျွန်မ ဆီးချိုရောဂါဖြစ်နေသည်မှာ ၂ နှစ်ရှိပါပြီ။ အစားလည်းမရှောင်ပါ။ ကြောက်ရမှန်းလည်းမသိပါ။ စားပြီး ဆေးတော့ပုံမှန်သောက်ပါတယ်။ အခုအခါ သွေးတိုးလာပါတယ်။ နှလုံးလည်း အဆီချဆေးသောက်နေရပါတယ်။ ရောဂါတွေဆက်စပ်ပုံကို သိချင်လာပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
Mya Phyu Phyu (FB)

ဖြေ. ကိုယ်စားလိုက်တဲ့ အစာထဲမှာပါတဲ့ အချိုဓာတ်ရယ်၊ ကစီဓာတ်ကနေ အချိုဓာတ်ကို ပြောင်းလဲတဲ့ဓာတ်တွေကို ခန္ဓာကိုယ်ကယူပြီး စွမ်းအင်အတွက် အသုံးပြုပါတယ်။ စွမ်းအင်အဖြစ် အဓိကသုံးတဲ့ အင်္ဂါအစိတ်အပိုင်းတွေက ဦးနှောက်၊ အသည်း၊ ကြွက်သားတွေဖြစ်ပါတယ်။ ဆီးချိုရောဂါသည်အများစုကတော့ သွေးထဲကို ကစီဓာတ်ကနေ အချိုဓာတ်အဖြစ် ပြောင်းလဲရောက်ရှိတာတော့ အတူတူပဲ။ ဒါပေမဲ့ ကြွက်သားနဲ့အသည်းက သွေးထဲက အချိုဓာတ်ကိုယူပြီး အသုံးမချနိုင်ဘူး။ အနှောင့်အယှက် အဟန့်အတားတွေရှိနေတယ်။ အဲဒီအခါ ဆီးချိုရောဂါသည်တွေရဲ့ သွေးထဲမှာ အချိုဓာတ်တွေက များနေတယ်။ အဲဒီလိုများနေတော့ သွေးတွင်း အချိုဓာတ်တွေကို ကျောက်ကပ်ကနေအပြင်ကို စွန့်ထုတ်ပေးရပါတယ်။ သွေးထဲမှာများနေရင် သွေးကြောနံရံတွေ ထိခိုက်ပျက်စီးစေတာကြောင့် စွန့်ထုတ်ပေးရတာပါ။ ပြောရရင် သွေးထဲမှာ အချိုဓာတ်တွေလျှံပြီး ဆီးထဲမှာအချိုဓာတ်တွေ ပါလာတာဖြစ်တဲ့အတွက် သွေးချိုဆီးချိုရောဂါလို့လည်း ပြောကြတာပါ။

တကယ်လို့ အချိုဓာတ်တွေကို ကိုယ်စားချင်သလောက်စားပြီး ပိုတဲ့အချိုဓာတ်တွေကို ကျောက်ကပ်ကနေ ဆီးအဖြစ် စွန့်ထုတ်နေမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဘာမှအန္တရာယ်မရှိဘူး၊ ဆီးချိုရောဂါလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို့ဖြစ်လာတာလဲဆိုတော့ ပိုနေတဲ့သွေးကြောထဲက အချိုဓာတ်တွေက သွေးကြောနံရံတွေကို ဖျက်ဆီးသွားပါတယ်။ ပြီးမှ ကျောက်ကပ်ကနေတစ်ဆင့် အပြင်ကိုစွန့်ထုတ်တယ်။ အဲဒီအခါ ပျက်သွားတဲ့ သွေးကြောနံရံတွေကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်တည်ဆောက်ပေးရပါတယ်။ အဲဒီလို ဖြစ်လိုက်-ပြင်လိုက်နဲ့ နှစ်ကြာလာတဲ့အခါမှာ တစ်ကိုယ်လုံးရှိ သွေးကြောတွေ ကျဉ်းသွားစေပါတယ်။ ဆီးချိုသွေးချိုရောဂါဖြစ်ရင် ဘာဖြစ်သလဲဆိုတော့ တစ်ကိုယ်လုံးသွေးကြောတွေကျဉ်းစေတာပါ။

ဦးနှောက်သွေးကြောကျဉ်းပြီး ပိတ်သွားရင် လေဖြတ်တယ်လို့ပြောတယ်။ နှလုံးသွေးကြောကျဉ်းရင် ရင်ဘတ်အောင့်တယ်၊ မောတယ် . . စသဖြင့် ဖြစ်လာနိုင်ပါတယ်။ ခြေလက်ထိပ်တွေကိုသွားတဲ့ သွေးကြောကျဉ်းရင် ထုံမယ်၊ ကျဉ်မယ်။ ကျောက်ကပ်ကိုသွားတဲ့ သွေးကြောကျဉ်းတာကြာလာရင် ကျောက်ကပ်ထိခိုက်ပျက်စီးတတ်တယ်။ ကြာလာမှဖြစ်တဲ့အတွက် လူတွေက အချိုဓာတ်ကိုဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လတ်တလော သွေးဖောက်လိုက်လို့ ၅၀ဝ ဖြစ်နေလည်း ဘာမှမခံစားရဘူး၊ ၃၀ဝ ဆိုလည်း ဘာမှမဖြစ်သေးဘူး။ ခန္ဓာကိုယ်ထဲမှာ သွေးကြောနံရံတွေ ပျက်စီးနေတာ မသိနိုင်သေးလို့ပါ။ ဂရုမစိုက်တဲ့ နှစ်တွေကြာလာတဲ့အခါမှာ တစ်ကိုယ်လုံးသွေးကြောကျဉ်းသွားရင် သွေးကြောကျဉ်းတဲ့အတွက် သွေးလွှတ်ကြောထဲ ဖိအားတက်လာတယ်။ ဒါကို သွေးတိုးရောဂါလို့ ခေါ်ပါတယ်။

နှလုံးသွေးကြောကျဉ်းသွားရင် နှလုံးရောဂါနဲ့ ဆက်စပ်သွားပါပြီ။ နောက်တစ်ခုက သွေးတိုးတဲ့အခါ နှလုံးက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ရတဲ့အတွက် နှလုံးကြီးလာပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းချုပ်တာကြောင့် နှလုံးနဲ့ပတ်သက်ရင် နှလုံးသွေးကြောကျဉ်းတာဖြစ်တယ်၊ နှလုံးကြီးတာဖြစ်တယ်။ အဲဒီလိုပဲ ကျောက်ကပ်ကိုသွားတဲ့ သွေးကြောတွေကျဉ်းတဲ့အခါ ကျောက်ကပ်ထဲကို လုံလောက်တဲ့ သွေးပမာဏ မရောက်တော့တဲ့အတွက် ကျောက်ကပ်ဆိုတာ သွေးကြောမျှင်အသေးတွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ သွေးကြောမျှင်အသေးတွေ ထိခိုက်ကုန်ပါတယ်။ ဒီလိုနဲ့ ဆီးချိုမထိန်းတဲ့ နှစ်ရှည်လများကြာလာတဲ့အခါ ကျောက်ကပ်ပါ ထိခိုက်လာပါတယ်။ ကျောက်ကပ်တော်တော်ပျက်စီးမှ ခြေထောက်တွေ ဖောရောင်တာလို လက္ခဏာတွေ ပြတတ်ပါတယ်။

ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းသိမ်းတာကြောင့် နောက်ဆက်တွဲဖြစ်တဲ့ရောဂါတွေက လက္ခဏာပေါ်မှဆိုရင် နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ဆီးချိုလူနာတွေကို မကြာခဏ ခေါ်ပြီး စစ်ဆေးမှုလုပ်ပေးရပါတယ်၊ ရောဂါရှေ့ဆက်မတိုးအောင်၊ နောက်ဆက်တွဲရောဂါ ဝေဒနာတွေမဝင်အောင် ဆေးတွေပေးရပါတယ်။

ပြောရရင် ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းသိမ်းတာကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ရောဂါတွေက လက္ခဏာပေါ်မှဆိုရင် နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ဆီးချိုလူနာတွေကို မကြာခဏ ခေါ်ပြီး စစ်ဆေးမှုလုပ်ပေးရပါတယ်၊ ရောဂါရှေ့ဆက်မတိုးအောင်၊ နောက်ဆက်တွဲရောဂါ ဝေဒနာတွေမဝင်အောင် ဆေးတွေပေးရပါတယ်။ လူနာတွေအနေနဲ့ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ထိခိုက်ပျက်စီးနေတာတွေကို တော်ရုံတန်ရုံဆို ခံစားသိရှိနိုင်မှာ မဟုတ်ပါဘူး။ လက္ခဏာပြမှဆိုရင် နောက်ကျသွားပါပြီ။ ဒါကြောင့် ဆီးချိုရောဂါကို ကောင်းကောင်းမထိန်းချုပ်ရင် သွေးကြောကျဉ်းတာရဲ့ နောက်ဆက်တွဲ သွေးတိုးတယ်၊ နှလုံးကြီးတယ်၊ ကျောက်ကပ်ပျက်စီးပါတယ်။ ဒါတွေကဆက်စပ်မှုပါ။

ဒါကြောင့် ဆီးချိုရောဂါရှိပြီဆိုရင် အခုအချိန်ကတည်းက အချိုတွေကို ဆင်ခြင်စားတာ၊ ဆီးချိုကို တတ်နိုင်တဲ့ဘောင်အတွင်း (ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာအတွင်း) ထိန်းသိမ်းထားတာက နောင်တစ်ချိန်မှာ လေမဖြတ်အောင်၊ နှလုံးသွေးကြောမကျဉ်းအောင်၊ သွေးမတိုးအောင်၊ ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်မဆေးရအောင် လုပ်နေတယ်ဆိုတာ ဆီးချိုလူနာရှင်တိုင်း သဘောပေါက်သင့်ပါတယ်။

ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါဖြစ်ပြီး တစ်သက်လုံးဂရုစိုက်သွားရမယ့် ရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ လူသက်တမ်းစေ့နေလို့ရပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်အောင် အစားအသောက်ကို ဆင်ခြင်သင့်ပါတယ်။ အစားအသောက် မဆင်ခြင်ဘဲ၊ အချိုတွေကို မဆင်ခြင်ဘဲ စားသောက်နေထိုင်လို့ နောက်ဆက်တွဲရောဂါဝေဒနာတွေ ဝင်လာရင် ကုန်ကျစရိတ်များပြီး ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိသားစုတွေအကုန်လုံးမှာပါ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တိုင်း ကိုယ်ရဲ့ဆီးချိုပမာဏ၊ အဆီ၊ သွေးပေါင်အကုန်လုံးကိုရှိသင့်တဲ့ အတိုင်းအတာ ပမာဏအတွင်းရှိနေအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top