Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကျန်းမာရေး အမေးအဖြေများ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

မေး. ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်လိုကာကွယ်ဆေးတွေ ထိုးလို့ရပါသလဲ။ ဘယ်လို ကာကွယ်ဆေးတွေ မထိုးသင့်ဘူးလဲ သိချင်ပါတယ်ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်ကာလမှာ မေးခိုင်ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပါတယ်။ ဘယ်အချိန်မှာ ထိုးရသလဲဆိုရင် ကိုယ်ဝန်ဆောင် ပထမသုံးလကျော်သွားရင် ကြိုက်တဲ့အချိန် ထိုးလို့ရပါတယ်။ တစ်ခါထိုးပြီး ခြောက်ပတ်(တစ်လခွဲ)ကြာရင်ထိုးရပါတယ်။ တခြား ကာကွယ်ဆေးတွေကတော့ ကိုယ်ဘာကို ကာကွယ်ချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး ထိုးလို့ရပါတယ်။ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးကို ထိုးလို့ရပါတယ်။ H1N1 တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်ကာလမှာ လုံးဝမထိုးရပါဘူး။ ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်ကာလမှာထိုးရင် ကလေးကို ဘာဖြစ်နိုင်တယ်ဆိုတာ ဘယ်သူမှမသိလို့ပါပဲ။

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဘယ်တော့၊ ဘယ်မှာ၊ ဘယ်သူနဲ့ ဘယ်လိုမွေးမလဲဆိုတာ စဉ်းစားရပါပြီ။ ဘယ်လိုမွေးမလဲဆိုတဲ့နေရာမှာ သဘာဝအတိုင်း ရိုးရိုးမွေးတာကောင်းသလား၊ ဗိုက်ခွဲမွေးတာ ကောင်းသလားဆိုတာကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ချင်းပေါ်မှာပဲ မူတည်ပါတယ်။

ရိုးရိုးမွေးသင့်သလား၊ ဗိုက်ခွဲမွေးသင့်သလား . . .

မေး. ရိုးရိုးမွေးတာနဲ့ ဗိုက်ခွဲမွေးတာ ဘယ်ဟာပိုကောင်းသလဲ ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ ဘယ်တော့၊ ဘယ်မှာ၊ ဘယ်သူနဲ့ ဘယ်လိုမွေးမလဲဆိုတာ စဉ်းစားရပါပြီ။ ဘယ်လိုမွေးမလဲဆိုတဲ့နေရာမှာ သဘာဝအတိုင်း ရိုးရိုးမွေးတာ ကောင်းသလား၊ ဗိုက်ခွဲမွေးတာ ကောင်းသလားဆိုတာကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ချင်းပေါ်မှာပဲ မူတည်ပါတယ်။ သူရဲ့အခြေအနေ ဥပမာ အသက်အရွယ်၊ ကလေးက သားဦးလား စတာတွေကို ကြည့်ရပါတယ်။

ဥပမာ မိခင်တစ်ယောက်က အသက် ၄၀ ဖြစ်နေပြီ၊ အိမ်ထောင်ကျလည်း နောက်ကျပြီး သားဦးကိုယ်ဝန်လည်းဖြစ်တယ် . . ဒီလို မိခင်တွေ ရိုးရိုးမွေးချင်တယ်ဆိုရင် ဆရာတို့က တားရတယ်။ ဘာဖြစ်လို့တားရသလဲဆိုတော့ ရိုးရိုးမွေးတယ်ဆိုတာက ဗိုက်က ဒီမနက်နာတယ်၊ ညနေမွေးမလား မသေချာဘူး။ ညှစ်ရတယ်။ မိခင်က အသက် ၄၀ ရှိနေပြီ၊ ကလေးက သူ့အတွက် အရမ်းအရေးကြီးတယ်၊ အမှားမခံဘူးဆိုရင် ဗိုက်ခွဲမွေးတာက သူ့အတွက်ပိုကောင်းတယ်။ မြန်မြန်ခွဲပြီး မြန်မြန်ထွက်သွားရင် အဆင်ပြေတာပဲ။ အသက် ၄၀ ဆိုတော့ ငယ်ငယ်ကလို ညှစ်အားက ကောင်းချင်မှကောင်းတော့မှာ။ အသက် ၂၀-၂၅ နှစ်တို့လို ညှစ်အားက မကောင်းနိုင်ပါဘူး။

ကလေးတစ်ယောက်ကို အရင်က ရိုးရိုးမွေးထားတယ်၊ အခု ဒုတိယကိုယ်ဝန်မှာလည်း သန်သန်မာမာပဲ။ မွေးရလွယ်တယ်။ ဒီလိုမိခင်ကို ခွဲတာပိုကောင်းတယ်လို့ ဘယ်ပြောမလဲ။ အရင်ကလေးတွေကို ရိုးရိုးမွေးထားရင် နောက်တစ်ယောက်မွေးရတာ ပိုတောင်လွယ်သေးတယ်။ တစ်ခုပဲ ကလေးကအောက်မှာ အချင်းပိတ်နေတယ်၊ ခေါင်းက မိုးပေါ်ရောက်ပြီး တင်ပါးက အောက်ရောက်နေတယ်ဆိုရင်တော့ ခွဲတာပိုကောင်းတယ်။

ရိုးရိုးမွေးတာရော ခွဲမွေးတာမှာပါ ကောင်းတာရှိသလို ဆိုးတာလည်းရှိတယ်။ ခွဲစိတ်ပြီး မွေးတယ်ဆိုတာက ကလေးငါးယောက်တောင် လိုချင်တယ်ဆိုရင် သွားမလုပ်နဲ့။ ခွဲမွေးရင် ပထမတစ်ယောက်၊ နှစ်ယောက်ပဲ၊ တတိယကိုယ်ဝန်ဆိုရင် ထပ်မယူနဲ့တော့၊ သားကြောဖြတ်တော့လို့ လုပ်လေ့ရှိတယ်။ ခဏခဏ ခွဲပါများရင် သားအိမ်က ပါးပါးသွားတတ်လို့ပါ။ သုံးခါလောက်ပဲခွဲရင် တော်ပြီဆိုပြီး ဖြစ်တတ်တယ်။

တချို့ကျတော့ ဗေဒင်နဲ့ ဘယ်နေ့ဘယ်အချိန် မွေးချင်တယ်ဆိုတာမျိုးရှိတယ်။ အဲဒီလိုဆိုရင် ရိုးရိုးမွေးဖို့ ဘယ်လွယ်တော့မလဲ၊ ခွဲမွေးမှ အဆင်ပြေတာလည်း ရှိပြန်တယ်။ ဒါကြောင့် ရိုးရိုးမွေးတာကောင်းတယ်၊ ခွဲမွေးတာ ကောင်းတယ်ဆိုပြီး လှေနံဓားထစ် ပြောလို့မရပါဘူး။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ချင်း တစ်ယောက်ချင်းပေါ်မှာ မူတည်တာကြောင့် ကိုယ်ပြထားတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

4D အာထရာဆောင်းကို ကိုယ်ဝန်ဘယ်နှလမှာ ရိုက်သင့်သလဲ . . .

မေး. 4D အာထရာဆောင်းကို ကိုယ်ဝန်ဘယ်နှလမှာရိုက်ရင် အကောင်းဆုံးလဲ ဆရာ။

ဖြေ. ကိုယ်ဝန် ၂၈ ပတ်နဲ့ ၃၀ ပတ်ကြားမှာ 4D အာထရာဆောင်းရိုက်တာ အကောင်းဆုံးပါပဲ။ အဲဒီအချိန်မှာ ကလေးလေးက အကောင်းဆုံးပေါ်လွင်နေပြီ။ အရမ်းလည်း မငယ်တော့ဘူး၊ အရမ်းလည်း မကြီးသေးဘူး။ ကိုယ်ဝန် ၃၀ ပတ်ထက်ကျော်သွားရင် ကလေးက ကြီးသွားတော့ ရိုက်ရင်သိပ်မပေါ်တော့ဘူး။ အကြမ်းအားဖြင့် ကိုယ်ဝန် ၂၈ ပတ်ဝန်းကျင်က အကောင်းဆုံးပဲလို့ ပြောကြပါတယ်။

မကြာခဏ လေအောင့်တတ်တယ် . . .

မေး. အရင်ကတည်းက ခဏခဏ လေအောင့်တတ်ပါတယ်။ အစာမကြေတာက အခုကိုယ်ဝန်ဆောင်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်ရင် အစာမကြေတာက ပိုဖြစ်တတ်ပါတယ်။ ဟော်မုန်းတွေကြောင့် အစာမကြေ ဖြစ်တတ်တာပါ။ ဒီလိုဖြစ်တတ်ရင် အစားအသောက်ကို သတိထားရပါတယ်။ ဗိုက်အဆာမခံရဘူး။ အစားအသောက်ကို နည်းနည်း နည်းနည်းနဲ့ မကြာခဏ စားပေးရပါတယ်။ ဗိုက်အောင့်တတ်တဲ့သူတွေက ကိုယ်ဘာနဲ့ မတည့်ဘူးလဲဆိုတာသိပြီး ရှောင်ရပါမယ်။ ညသန်းခေါင်ကျော်မှာ ဗိုက်ထဆာတတ်တယ်။ အဲဒီအခါ အလွယ်တကူ စားနိုင်အောင် အစာကြေလွယ်မယ့် ဘီစကွတ်မုန့်လေးတွေ ဆောင်ထားသင့်ပါတယ်။ အလုပ်ထဲမှာလည်း အဆင်သင့်အစားအသောက်လေးတွေ စားသင့်ပါတယ်။ အကြာကြီးထိုင်တာ၊ အကြာကြီး ရပ်တာတွေ မလုပ်သင့်ပါဘူး။ ကွန်ပျူတာတွေကို မနက်ကနေ ညအထိကြည့်တာကို ဆင်ခြင်ရပါမယ်။ အဲဒီလိုလုပ်ရင် ခါးနာတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ နာရီဝက်လောက် ထိုင်ပြီးရင် မျက်လုံးကော ခန္ဓာကိုယ်ကိုပါ အနားပေးရပါတယ်။ မျက်လုံးက ဟိုးအဝေးက အစိမ်းရောင်ကို လှမ်းကြည့်ရတယ်၊ လမ်းလျှောက်ရတယ်။ အလုပ်ဇောကပ်ပြီး အကြာကြီးထိုင်လို့ ထိုင်မိမှန်းမသိဖြစ်တတ်တာကြောင့် သတိထားပြီး နာရီဝက်-၄၅ မိနစ် တစ်ခါလောက် အနေအထား ပြောင်းပေးသင့်ပါတယ်။ အကြာကြီးရပ်တာကိုလည်း မလုပ်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top