Healthy Life Ad
Health Tips

အိပ်ရာမဝင်မီ ဘာစားသင့်သလဲ. . ဘာရှောင်သင့်သလဲ. .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျရင် သင့်ကျန်းမာရေးအတွက်သာမက အိပ်ရာနိုးချိန်မှာ သင့်စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။ ညည ကောင်းကောင်း အိပ်ပျော်စေဖို့ ဘယ်လို အစာတွေကိုစားသင့်ပြီး ဘယ်လို အစာတွေကို မစားသင့်ဘူးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

မစားသင့်သည့် အစာများ

– ဝက်ပေါင်ခြောက် ဟမ်ဘာဂါ
အဆင်သင့်အစာက သင့်ကျန်းမာရေးအတွက်သာမက သင့်အိပ်စက်မှုအတွက်ပါ ရန်သူဖြစ်ပါတယ်။ ဝက်ပေါင်ခြောက်မှာ အဆီတွေအများကြီး ပါဝင်တဲ့အတွက် အစာအိမ်အက်ဆစ်အထွက်နှုန်းတိုးစေပြီး ရင်ပူစေပါတယ်။

– ဝိုင်
အယ်လ်ကိုဟောက ဆီးသွားစေတဲ့အာနိသင်ရှိပြီး ညဘက်မှာ သောက်ထားရင် တစ်ကြိမ်ထက်ပိုပြီး ဆီးသွားချင်နေပါလိမ့်မယ်။ ဒါ့အပြင် ဝိုင်သောက်ပြီးအိပ်ရင် ညဘက် ဟောက်သံအကျယ်ကြီး ထွက်တတ်ပါတယ်။

– အမည်းရောင် ချောကလက်
အမည်းရောင် ချောကလက်မှာ ကဖင်းနဲ့ သီရိုဘရိုမင်းဓာတ်တွေ ပါဝင်တာကြောင့် အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအတွက် နှလုံးခုန်နှုန်းမြန်ပြီး အိပ်မပျော်ဖြစ်စေပါတယ်။

– ကြက်သား
ကြက်သားမှာ ပရိုတင်းဓာတ်များများပါဝင်တာကြောင့် အစာချေဖျက်နှုန်းကို ၅၀ ရာခိုင်နှုန်းနှေးစေပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ အနားမရဘဲ သင့်ခန္ဓာကိုယ်က ကြက်သားကို အစာကြေအောင်ချေဖျက် နေရပါလိမ့်မယ်။

– ပူစပ်သော ဟင်းခတ်အမွှေးအကြိုင်များ
ပူစပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အိပ်ရာမဝင်ခင် ဘယ်တော့မှ မစားသင့်ပါဘူး။ ဒီအစာတွေက ရင်ပူစေပြီး အိပ်စက်မှုကို အဟန့်အတားဖြစ်စေလို့ပါ။

စားသင့်သည့် အစာများ

– ငှက်ပျောသီး
ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ် ပါဝင်တာကြောင့် ကြွက်သားတွေကို အားဖြည့်ပေးပါတယ်၊ ညဘက် ကောင်းကောင်း အိပ်မောကျစေပါတယ်။

– ကြက်ဆင်သား
ကြက်ဆင်သားကို ညအိပ်ရာမဝင်ခင် တစ်နာရီ ခွဲ-နှစ်နာရီအလိုမှာ စားပေးရင် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန်ဓာတ် ပါဝင်တာကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေပါတယ်။

– နွားနို့
နွားနို့မှာ အမိုင်နိုအက်ဆစ် ထရစ်ပတိုဖန်ပါဝင်တာကြောင့် အိပ်ရေးဝစေပြီး အချိန်ကြာကြာ အိပ်ပျော်စေပါတယ်။

– ဆန်ပြုတ်
ဆန်ပြုတ်စားတာကြောင့် သွေးကြောထဲကို ဂလူးကို့စ် ဖြည်းဖြည်းချင်း ရောက်ရှိသွားစေပါတယ်။

– ချယ်ရီသီး
ချယ်ရီသီးမှာပါဝင်တဲ့ မယ်လတိုနင်ဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ထိန်းချုပ်ပေးတဲ့အတွက် အိပ်စက်မှု အရည်အသွေးကို ကောင်းမွန်စေတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top