Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် လေငန်းရောဂါအကြောင်း (၃)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုရောဂါရှိသူတစ်ယောက်ဟာ ဆီးချိုမရှိ သူထက် လေဖြတ်ဖို့ အလားအလာ နှစ်ဆပိုရှိပါတယ်။ လေငန်းကိုပိုဖြစ်စေတာက သွေးချိုတဲ့အပြင် သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်များခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ထိန်းဖို့ အလွန်အရေးကြီးပါတယ်။ ဆီးချိုရောဂါရှင်တစ်ယောက်မှာ ဒီသုံးချက်ဟာ အမြဲဒွန်တွဲပြီး ရှိနေတတ်ပါတယ်။ အဆိုးဆုံးကတော့ သွေးတိုးရှိခြင်းနဲ့ ရှိတဲ့ သွေးတိုးကို ထိရောက်အောင် မထိန်းနိုင်ခြင်းပဲဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အထူးသဖြင့် ကျောက်ကပ်ထိခိုက်ပျက်စီးတာဖြစ်လာပြီဆိုရင် သွေးတိုးထိန်းရတာ တော်တော်ခက်ခဲလာတတ်ပါတယ်။ တက်လိုက်၊ ကျလိုက် ရုတ်တရက် ဖြစ်တတ်ပါတယ်။ လေဖြတ်ကာကွယ်ရာမှာ သွေးတိုးကိုကောင်းစွာထိန်းတာက သွေးချိုထိန်းနိုင်တာထက် ပိုပြီးအကျိုးများတာ တွေ့ရပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ လေငန်းရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ ဒီသုံးမျိုးဟာ ဆီးချိုရောဂါရှင်တွေ အဓိက အသက်တိုရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်သလို တစ်ခုနဲ့ တစ်ခုဟာလည်း အမြဲဆက်စပ်ပြီး ဒွန်တွဲနေတတ်ပါတယ်။ တစ်ခုဖြစ်ပြီးရင် တစ်ခုထပ်ပြီး လိုက်လာတတ်ပါတယ်။ တိုက်အိုကြီးမှာ အုပ်တစ်ချပ်နံရံတစ်စ ပြိုပြီးရင် ပြတင်းပေါက်တွေ ၊ အမိုးတွေ ထပ်ပြီး ပြိုကျလာတတ်သလိုပါပဲ၊ သီးသန့်ခွဲထားလို့ မရပါဘူး။

ဆီးချိုသွေးချိုနှင့်လေငန်းဆက်စပ်ပုံ
လေဖြတ်သူတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်မှာ သွေးချိုမြင့်တာတွေ့ရပါတယ်။ တချို့ကလည်း ဆီးချိုသွေးချိုရောဂါရှိမှန်းမသိခဲ့ဘဲ လေဖြတ်မှစသိသလို၊ တချို့မှာတော့ လေဖြတ်လို့ stress ဒဏ်ကြောင့် သွေးချိုယာယီ ခဏတက်လာတာလည်း ရှိပါတယ်။သွေးချိုရောဂါအဆင့်မရောက်သေးတဲ့ အလယ်အလတ်အဆင့် (Pre Diabetes) ရှိသူတွေပါ ထည့်တွက်ရင်တော့ လေဖြတ်သူတွေမှာ သွေးချိုဓာတ်များနေတာ ၅၀ရာခိုင်နှုန်းလောက်ရှိတယ်လို့ပြောပါတယ်။ အရင်က ဆီးချိုရောဂါမရှိဘဲ လေဖြတ်တော့မှ သွေးချိုဓာတ်မြင့်လာတဲ့ (Stress hyperglycemia) သူတွေမှာ အခြေအနေပိုဆိုးတတ်ပါတယ်။ ဒီလိုလူတွေက မူလဆီးချိုအခံရှိသူထက် ပိုဆိုးပြီး သေပျောက်နှုန်းပိုများတတ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

ဆီးချိုဖြစ်တဲ့ ရောဂါနှစ်ကာလကြာလေလေ လေဖြတ်ဖို့များလေလေဖြစ်ပါတယ်။ အသက်ကြီးတဲ့ ဆီးချိုရောဂါရှင်တွေ အထူးပိုဖြစ်တတ်ပါတယ်။သွေချိုများတာ ကြာလာရင် သွေးကြောနံရံတွေ ပျက်စီးလာပြီး သွေးကြောအဆီပိတ်ရောဂါ (Atherosclerosis) ပိုဖြစ်စေတယ်။ သွေးကြောတွေကျဉ်းပြီး သွေးစီးဆင်းမှုနည်းစေတယ်။ ဦးနောက် သွေးကြောကျဉ်းနေတဲ့နေရာမှာ သွေးခဲဖြစ်လာရင် သွေးကြော ပိတ်ပြီးလေဖြတ်ပါမယ်။ သွေးကြောပိတ်လို့ မဟုတ်ဘဲ သွေးကြောပေါက်သွားရင်လည်း လေဖြတ်တာ ဖြစ်စေပါတယ်။ သွေးတိုးများလွန်းရင် သွေးကြောပေါက်တတ်ပါတယ်။ ဒါမှမဟုတ် နှလုံးသွေးခဲစလေး တွေ လွင့်မြောလာပြီး ဦးနောက်သွေးကြောငယ်တွေ မှာ ပိတ်ဆို့သွားရင် လေဖြတ်တာဖြစ်စေပါတယ်။ နှလုံးခုန်တာ စည်းချက်မမှန်ရင်လည်း (atrial fibrillation) နှလုံးအခန်းတွေထဲမှာ သွေးခဲလေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီသွေးခဲအစလေးတွေ ကွာထွက်သွားပြီး သွေးစီးကြောင်းထဲမျောပါသွားရင် သွေးကြောသေးလေး တစ်နေရာမှာသောင်တင်ပြီး ပိတ်ဆို့သွားတတ်ပါတယ်။ ဦးနှောက်သွေးကြောမှာ အများဆုံး ပိတ်ဆို့စေတတ်ပါတယ်။ Cerebral Embolism လို့ ခေါ်ပါတယ်။ တခြားလေဖြတ်စေတဲ့ အကြောင်းရင်းတွေကတော့ ဆီးချိုဆေးတွေကြောင့် သွေးချိုအကျလွန်ရင်လည်း လေဖြတ်တတ်ပါတယ်။ လေဖြတ်တဲ့ပုံစံနဲ့ အလွန်ဆင်ပါတယ်။ ညအိပ်နေချိန်မှာ သွေးချိုကျသွားရင် တွေ့ရတဲ့လက္ခဏာတွေဟာ လေဖြတ်တာနဲ့ ရောဂါလက္ခဏာဆင်တူပြီး မှားယွင်းနိုင်ပါတယ်။ သွေးချိုပြန်မြင့်အောင် အကြောထဲ အချိုဓာတ်ဂလူးကို့စ်ကိုသွင်းလိုက်တာနဲ့ ချက်ချင်းနိုးလာရင် သွေးချိုကျလို့ သတိလစ်တာဖြစ်ကြောင်း သိနိုင်ပါတယ်။ သွေးချိုအရမ်းကျတာ မသိလိုက်ဘဲ ကုသတာ နှောင့်နှေးသွားရင်ပြန်မနိုးတော့ဘဲ လေဖြတ် တာနဲ့တူတတ်ပါတယ်။

သွေးချိုအချလွန်ရင်လည်း အန္တရာယ်ရှိတတ်တာကို ACCORD study ဆိုတဲ့ သုတေသနတစ်ခုက သက်သေပြခဲ့ပါတယ်။ သွေးချိုအထိရောက်ဆုံးချပေးခြင်းရဲ့ ကောင်းကျိုးတွေရှာဖွေတဲ့ သုတေသနမှာ သွေးချိုအကျလွန်တာကြောင့် အသေအပျောက်ပိုများတာ၊ နှလုံးနဲ့ လေငန်းတွေ ပိုဖြစ်လာတာတွေ တွေ့ရလို့ သုတေသနကို ဆက်မလုပ်ဘဲ ရပ်တန့်လိုက်ပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေ၊ နှလုံး နဲ့ ကျောက်ကပ်ရောဂါ၊ အာရုံကြောရောဂါတွေ စုံလင်သူတွေကို သွေးချိုသိပ်မချသင့်ပါဘူး။ ၃လစစ်တဲ့ ပျမ်းမျှသွေးချို HbA1c ကို ၇ ရာခိုင်နှုန်းအောက်မဟုတ်ဘဲ ၈ ရာခိုင်နှုန်းအောက်နားမှာ ထားရပါမယ်။

ခြုံပြီးပြောရရင်

သွေးချိုမြင့်တာက တာရှည်မှာ လေဖြတ်ဖို့ပိုများစေသလို သွေးချိုချက်ချင်း ချလိုက်ရင် ဒါမှမဟုတ် အရမ်းထိရောက်အောင် ကုရင်လည်း လေဖြတ်တာကို ပိုဖြစ်စေတတ်ပါတယ်။ လေဖြတ်နေသူတွေကိုလည်း သွေးချိုအရမ်းချရင်လည်း ဆိုးကျိုးတွေရှိတဲ့အကြောင်း ဆရာဝန်နဲ့ သူနာပြု တွေသိဖို့အရေးကြီးသလို လူနာရဲ့မိသားစုတွေကလည်း သိဖို့လိုအပ်ပါတယ်။

အလယ်အလတ်လမ်းစဉ်ဟာ အကောင်းဆုံးပါပဲ။ ဆီးချိုဆေးတွေရွေးချယ်ရာမှာလည်း အရေးကြီးပါတယ်။ သွေးချိုမမြင့်အောင် တားဆီးရုံပဲ တားတဲ့ဆေးတွေကိုဦးစားပေးပြီး အရင်ဆုံးသုံးရပါမယ်။ ဥပမာ မက်ဖော်မင်၊ ဂလစ်ပ်တင် အုပ်စု(DPP4 Inhibitors)၊ ဥပမာ Sitagliptin, Linagliptin နဲ့ GLP-1 Agonists ဥပမာ Lyraglutide , Exenatide စတဲ့ဆေးတွေ .. Pioglitazone ပိုင်အိုဂလစ်တာဇုန်းနဲ့ Acabose အေကားဘို့စ် ဒါမှမဟုတ် Voglibose ဗိုဂလီးဘို့စ် စတဲ့ဆေးတွေက သွေးချိုအကျလွန်တာ အလွန်နည်းပါတယ်။ “SU” ဆလ်ဖွန်နိုင်းယူရီးယားဆေးတွေနဲ့ အင်ဆူလင်တွေကတော့ Hypoglycemic action ကြောင့် သွေးချိုကို ပုံမှန်(normal)ထက် နိမ့်ကျစေနိုင်လို့ အထူးသတိပြုရပါမယ်။ သက်ကြီးရွယ်အိုနဲ့၊ ရောဂါမျိုးစုံသူတွေမှာ “SU”ကိုဦးစားမပေးသင့်ဘဲ လိုအပ်လာမှ သုံးရပါမယ်။ သုံးဖို့လိုလာရင်လည်း သွေးချိုကို အနီးကပ်စောင့်ကြည့်ဖို့လိုပါတယ်။ “SU” အုပ်စု ကိုသုံးရင် Gliclazide (Diamicron MR )ကဲ့သို့ဆေးမျိုးကိုရွေးသင့်ပါတယ်။ ဒီဆေးကတော့ တခြား “SU”သွေးချိုကျဆေးတွေနဲ့မတူဘဲ သွေးချိုအကျလွန်တာ ပိုနည်းပါတယ်။ ဒါပေမဲ့ သွေးချိုကို အနီးကပ်စောင့်ကြည့်တာကို လစ်ဟင်းလို့ မဖြစ်ပါဘူး။ Insulin အင်ဆူလင်ဆေးထိုးဖို့လိုအပ်ရင် အသက်ကြီးရွယ်အိုနဲ့ ရောဂါစုံတဲ့သူတွေ လေငန်းမှာဖြစ်နိုင်ခြေများသူတွေမှာ အထူးသတိထားရပါမယ်။ စောင့်ကြည့်မယ့်သူမရှိ၊ သွေးချိုစစ်ဆေးနိုင်ခြင်း မရှိတဲ့အခြေအနေတွေမှာ ချင့်ချိန်ညွှန်ကြားရပါမယ်။ သုံးရရင်လည်း ခပ်ဖော့ဖော့သာ လျှော့ချရပါမယ်။တင်းကြပ်စွာမလျှော့ရပါဘူး။ ဒါတွေကတော့ လေငန်းနဲ့ သွေးချိုထိန်းသိမ်းခြင်းကို ပညာပေးထားတာ ဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top