Healthy Life Ad
Q & A

ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့လို နာတာရှည်ရောဂါတွေ ကာကွယ်နိုင်ဖို့ . . .

မေး. အခုခေတ်မှာ ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ နှလုံးရောဂါစသဖြင့် အဖြစ်များတယ်လို့သိရတယ် ခင်ဗျ။ အသက်ကြီးသူတွေတင်မက ငယ်တဲ့သူတွေလည်း အဖြစ်များတယ်ဆိုလို့ ဘယ်လိုကာကွယ်ရမလဲ ပြောပြပေးပါဦး။
မမြင့်အေး၊ မြင်းခြံ။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆေးလိပ်သောက်လို့ဖြစ်တဲ့ အဆုတ်ပွပန်းနာရောဂါ (COPD) စတာတွေလို ကူးစက်မဟုတ်တဲ့ ရောဂါတွေမဖြစ်အောင် နေ့စဉ်နေထိုင်စားသောက်နည်းစနစ်ကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲဖို့က မခက်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ လူတိုင်း မလိုက်နာနိုင်ကြပါဘူး။ ဒီနေထိုင်နည်းစနစ်ကို ဘယ်အသက်အရွယ်မဆို၊ ဘယ်အချိန်မှာမဆို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ ကူးစက်မဟုတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။

(၁) အဓိကကတော့ အစားအသောက်ပါ။ အစားအသောက်မှာ လတ်ဆတ်တဲ့ အသီးအရွက်၊ အသီးအနှံ များများစားသင့်ပါတယ်။ ထမင်းစားပြီးတိုင်း၊ စားပြီးတိုင်း အသီးတစ်မျိုး၊ နှစ်မျိုးလောက် စားပေးနိုင်ရင် ကောင်းပါတယ်။ ဒါ့အပြင် ကျန်းမာနုပျိုစွာ အသက်ရှည်ဖို့ဆိုရင် အခွံမာတဲ့ အစေ့အဆန်(ဥပမာ-သစ်ကြားသီး၊ သီဟိုဠ်စေ့)တွေကို စားဖို့လိုပါတယ်။

ကစီဓာတ်နဲ့ အချိုဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုလျှော့သင့်ပါတယ်။ ပြီးတော့ စားအုန်းဆီကိုရှောင်သင့်ပြီး ထောပတ်၊ အုန်းနို့နဲ့လုပ်ထားတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။အထူးသဖြင့် ကိုယ်စားတဲ့ အစားအသောက်တွေထဲမှာ ဘာတွေပါဝင်နေသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကိုယ်မသိဘဲနဲ့ အစားအသောက်ထဲမှာ အဆီတွေက ပါနေတတ်ပါတယ်။ ဥပမာ-ငါးမုန့်ကြော်၊ အာလူးကြော်စတဲ့ ဆီကြော်စာတွေထဲမှာလည်း အဆီတွေက အများကြီးပါတတ်သလို ဒီအကြော်တွေကို ထပ်ခါတလဲလဲ ပြန်ကြော်ထားတဲ့ ထပ်ပြန်ကြော်ဆီနဲ့ကြော်ထားရင် ကယ်လိုရီအများကြီး တက်လာတတ်ပါတယ်။ ဒါကြောင့် အဆီကို သတိထားရှောင်ဖို့လိုပါတယ်။ နောက်တစ်ခုအနေနဲ့ ဆရာတို့မြန်မာလူမျိုးတွေ ရှောင်သင့်တာက လွယ်လွယ်ကူကူ စားလို့ရတဲ့ အချိုရည်ပုလင်းတွေ၊ စည်သွပ်ဘူးတွေ၊ Fast Food လို့ခေါ်တဲ့ အမြန်စာတွေ စတာတွေကို ရှောင်သင့်ပါတယ်။

(၂) လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ လူတစ်ယောက်က တစ်နေ့ကို မိနစ် ၃၀နဲ့ တစ်ပတ်ကို ငါးရက်လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိရောက်မှုရှိဖို့ဆိုရင် ချွေးထွက်ရမယ်၊ မောရမယ်၊ ရင်တုန်ရပါမယ်။ ကိုယ့်ရဲ့အသက်အရွယ်၊ ကိုယ့်ရဲ့ရောဂါ ..စတဲ့ ကိုယ်နဲ့လိုက်ဖက်မယ့် လေ့ကျင့်ခန်းမျိုးကို လုပ်ပေးသင့်ပါတယ်။ အများအတွက်ဆိုရင်တော့ လမ်းလျှောက်တာက အကောင်းဆုံးပါပဲ။

(၃) အရက်အလွန်အကျွံသောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ စတဲ့ အပြုအမူတွေကို ရှောင်ရပါမယ်။

(၄) ကိုယ်နေထိုင်ကျင်လည်လှုပ်ရှားတဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရပါမယ်။ ကိုယ်သွားလာတဲ့ နေရာတွေမှာ၊ လမ်းမှာညစ်ညမ်းတဲ့လေထုကို ရှောင်သင့်ပါတယ်။ အိမ်မှာဆိုရင်လည်း မီးစက်၊ မီးသွေးမီးဖို၊ ထင်းမီးဖို စတာတွေက ထွက်လာတဲ့ အခိုးအငွေ့တွေကို ရှောင်သင့်ပါတယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကလေထုကို သန့်ရှင်းအောင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။

(၅) စိတ်ဖိစီးမှုကို လျှော့ချတတ်ရပါမယ်။ နေ့စဉ် ဘဝအမောတွေကို ဖြေဖျောက်ဖို့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုခု (ဥပမာ- ပန်းချီဆွဲတာ၊ စာရေးတာ)တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဘုရားရှိခိုးတာ၊ တရားထိုင်တာ၊ တရားမှတ်တာတို့ကိုလုပ်သင့်ပါတယ်။ ဒီလိုနည်းတွေနဲ့ စိတ်ဖိစီးမှုကို လျော့ကျအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top