Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် လေငန်းရောဂါအကြောင်း(၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လေဖြတ်တာ ဘယ်လိုသိနိုင်မလဲ
လေဖြတ်ခြင်း (stroke) ဆိုတာ ဘာလဲဆိုတာ နားလည်ဖို့လိုပါတယ်။ ဦးနောက်ရဲ့ သွေးကြောတစ်ခုခု ပိတ်ဆို့သွားလို့ပဲဖြစ်ဖြစ်၊ သွေးကြောပါးနေတဲ့နေရာက ပေါက်သွားလို့ပဲဖြစ်ဖြစ် သွေးမစီးတော့လို့သက်ဆိုင်ရာ ဦးနောက်အပိုင်းဟာ အလုပ်မလုပ်တော့တာကို လေဖြတ်တယ်လို့ခေါ်ပါတယ်။

သွေးကြောပိတ်တာနဲ့ အဲ့ဒီဦးနောက် အစိတ်အပိုင်းဟာ အောက်စီဂျင်ဓာတ်နဲ့ ဂလူးကို့စ်တွေ ပြတ်လပ်သွားလို့ (Cerebral Infarction) ဦးနှောက်ပုပ်ခြင်းကိုဖြစ်စေပါတယ်။ သွေးကြောက ပေါက်သွား လို့ သွေးတွေ ထွက်သွားရင်လည်း အနီးဝန်းကျင်ရှိ ဦးနောက်အသားတွေကို ဖိအားပေးပြီး အလုပ်မလုပ်တာဖြစ်စေပါတယ်။ သွေးကြောပိတ်လို့ပဲဖြစ်ဖြစ် ပေါက်လို့ပဲဖြစ်ဖြစ် လေငန်းဖြစ်ပါတယ်။ သွေးကြောတွေမှာဖြစ်ရင် ရောဂါလက္ခဏာတွေ အားလုံးဟာ ရုတ်တရက်ပဲ ဖြစ်ပေါ်တတ်ပါတယ်။ အကောင်းစက်စက်ကနေ ရုတ်တရက်ဖြစ်သွားတာဟာ လေဖြတ်တာရဲ့ အထူးခြားဆုံး အရေးကြီးတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

လေဖြတ်ခြင်း လက္ခဏာများ

အောက်ပါလက္ခဏာတွေဟာ လေဖြတ်တာရဲ့ အဓိကလက္ခဏာတွေ ဖြစ်ပါတယ်။

၁။ ရုတ်တရက် မျက်နှာ၊ လက်၊ ခြေထောက်တွေ အထူးသဖြင့် ကိုယ်တစ်ခြမ်း မလှုပ်ရှားရင် ဒါမှမဟုတ် ထုံသွားရင်

၂။ ရုတ်တရက် စကားမပြောနိုင်တာ၊ စကားမပီတာ၊ နားမလည်နိုင်တာနဲ့ ဂယောင်ခြောက်ခြားဖြစ်တဲ့ လက္ခဏာရှိရင်

၃။ ရုတ်တရက် အမြင်အာရုံဝါးခြင်း၊ ချို့တဲ့ခြင်း ဖြစ်လာရင်

၄။ ရုတ်တရက် မူးခြင်း၊ တည့်မတ်စွာလမ်းမလျှောက်နိုင်ဘဲ ယိမ်းယိုင်ရင်

၅။ အကြောင်းမရှိဘဲ ရုတ်တရက် ခေါင်းကိုက်ခြင်း

သိပ်ဆိုးရင် သတိလစ်ပြီး ချက်ချင်းသေဆုံးနိုင်ပါတယ်။

ခြေလက်တွေမလှုပ်နိုင်တာအားလုံး လေဖြတ်တာမဟုတ်သလို လက်တွေ၊ ခြေတွေကျင်ထုံတာတိုင်းလည်း လေဖြတ်တာမဟုတ်ပါဘူး။ သတိလစ်တာက တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွဲပြားအောင် စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဆီးချိုရောဂါရှိသူတစ်ယောက် လေဖြတ်ပြီဆိုရင် သွေးချိုကျ၊ မကျ အရင်ဆုံးစစ်ကြည့်ဖို့ လိုပါတယ်။ သွေးချိုကျရင် ချက်ချင်း အချိုဓာတ်ပြန်တက်အောင်လုပ်ဖို့ အရေးကြီးဆုံးပါပဲ။ အချိုဓာတ် အကျလွန်တာက လေဖြတ်တာနဲ့ အလွန်တူပါတယ်။

တခြားလူနာတွေ စိုးရိမ်ပြီး မှားတတ်တဲ့ ဝေဒနာတွေကတော့ ဆီးချိုကြောင့် ခြေဖျားလက်ဖျားတွေ ကျင်နေတဲ့ အာရုံကြောရောဂါ (Peripheral neuropathy)ပဲ ဖြစ်ပါတယ်။ နောက်ရောဂါတစ်ခုကတော့ ကျီးပေါင်းရောဂါ (Spondylosis)တွေကြောင့် လက်တစ်ဖက်၊ ခြေတစ်ဖက်လေးတာ၊ ကျင်တာ၊ ထုံတာဖြစ်ရင်လည်း လေဖြတ်တော့မယ်ဆိုပြီး ကြောက်ရွံ့နေတတ်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေလုပ်ရမလဲ (Investigations)
လေဖြတ်တာကို စီတီ (CT Scan)ခေါ် ကွန်ပျူတာ ဓာတ်မှန်နဲ့စစ်ဆေးကြည့်ခြင်းဖြင့် အမြန်ဆုံးနဲ့ အသေချာဆုံး သက်သေပြနိုင်ပါတယ်။ အဓိက ဦးနှောက်ထဲမှာ သွေးထွက်နေတာကို ချက်ချင်း သိရပါမယ်။ သွေးကြောပိတ်တာကိုတော့ ချက်ချင်းမတွေ့တတ်ပါဘူး။

ရက်ပိုင်းကြာတော့မှ ဦနောက်ပုပ်တာကိုအဖြူ အမည်း သဲကွဲစွာမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လေဖြတ်နေပြီး စီတီစကင် (CT Scan) မှာ ဘာမှမဖြစ်ဘူး၊ ဒါမှမဟုတ် ကောင်းနေတယ်လို့ပြောရင် လေမဖြတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အချိန်ခြားပြီး နောက်တစ်ခါရိုက်ကြည့်ရင် ဦးနှောက်ကွက်ပြီး ပုပ်နေတာ တွေ့ရပါမယ်။ ဦးနှောက်သွေးကြောပိတ်တာကို အစောဆုံးတွေ့နိုင်တာကတော့ MRI အမ်အာအိုင်လို့ခေါ်တဲ့ သံလိုက်ဓာတ်မှန်ပဲဖြစ်ပါတယ်။အနာသေးလို့ ဒါမှမဟုတ် မသဲကွဲမသေချာတဲ့အခါ MRI သံလိုက်အသုံးပြုတဲ့ ဓာတ်မှန်ကို ရိုက်ကြည့်နိုင်ပါတယ်။

ဦးနောက်သွေးကြောပိတ်ရင် ဖြစ်တဲ့အချိန် နာရီကို အတိအကျ မှတ်သားဖို့လိုပါတယ်။ နောက်ဆုံးပေါ်အထိရောက်ဆုံး ခေတ်ပေါ်ကုထုံး တစ်ခုကတော့ စဖြစ်ပြီး ၄နာရီခွဲအတွင်း သွေးခဲဖျော်တဲ့ tpa လို့ ခေါ်တဲ့ဆေးကိုသွေးကြောထဲက သွင်းပြီး ကုသခြင်းပဲဖြစ်ပါတယ်။ သွေးကြောပြန်ပွင့်သွားရင် ချက်ချင်းပဲ အကောင်းပကတိ ဖြစ်သွားပါတယ်။

Thrombolysis ကုထုံးလို့ခေါ်ပါတယ်။ ၄နာရီကျော်သွားရင် သိပ်အကျိုးမထူးလို့ ဒီကုထုံးကိုသုံးလို့မရတော့ပါဘူး။ ဆေးရုံကိုအစောဆုံးရောက်ရှိနိုင်ဖို့ အချိန်မဆွဲဖို့အရေး ကြီးပါတယ်။ စီတီစကင်ကို အမြန်ဆုံးရိုက်ပြီး ဦးနှောက်သွေးယိုတာမရှိမှသာ ဒီဆေးကိုထိုးလို့ရပါတယ်။

ဦးနှောက်အထူးကုကျွမ်းကျင်သူ အထူးကုကသာလျှင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။သွေးခဲပျော်ဆေးက တစ်ခါတရံမှာ သွေးကြောပေါက်တာကိုလည်း ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတတ်လို့ အထူးကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ ဦးနှောက်အာရုံကြောဆိုင်ရာ အထူးကုတွေက ဒီလိုကုထုံးတွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်။

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top