Healthy Life Ad
Child

လက်-ခြေ-ပါးစပ်ရောဂါ (Hand-Foot and Mouth Disease)

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မနေ့က တူလေးရဲ့ မျက်နှာ၊ ခြေထောက်နဲ့ ပါးစပ်ထဲမှာအနီဖုလေးတွေ ဖြစ်နေတာကြောင့် HFMD ရောဂါလို့ သတိထားမိပါတယ်။ အခုတလော ဒီ HFMD ဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးလေးတွေ များတာကြောင့် မေမေတို့ ဗဟုသုတအဖြစ် သိထားရအောင် မျှဝေပေးလိုက်ပါတယ်။

HFMD ရောဂါဖြစ်ရသည်မှာ
ဗိုင်းရပ်စ်တစ်မျိုး ကူးစက်တာကြောင့် အဓိကဖြစ်တယ်။ ကလေးငယ်တွေမှာ ကူးစက်လွယ်တယ်။ ကျောင်းမှာ အတူကစားရင်း တံတွေး၊ သွားရည်၊ အရည်ကြည်ဖုကထွက်တဲ့အရည်၊ ချောင်းဆိုးနှာချေရာက အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှား စတာတွေကနေ ကူးစက်တတ်တယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး ၃-၇ ရက်မှာ လက္ခဏာလေးတွေ စပြတတ်ပါတယ်။

HFMD ရောဂါလက္ခဏာများ

လက်၊ ခြေထောက်နဲ့ပါးစပ်ထဲမှာ အနီဖုလေးတွေ ဖြစ်တာ၊ (တစ်ခါတလေ တင်ပါးမှာလည်း ဖြစ်တတ်ပါတယ်)

လျှာနဲ့ ပါးစောင်တွေမှာ အရည်ကြည်ဖုလို အနာလေးတွေပေါက်ပြီး နာတာ၊

ဖျားတာ(တချို့ကလေးတွေမှာ ဖျားတတ်ပါတယ်)

လည်ချောင်းနာတာ၊

မအီမသာ နေထိုင်မကောင်းတာ၊

အစာစားချင်စိတ် ပျက်တာ၊

ကလေးတွေဆိုရင် အီပြီး ငိုယိုတာစတဲ့ လက္ခဏာလေးတွေကို တွေ့ရတတ်ပါတယ်။

HFMD ရောဂါကုသမှု
ကုသမှု မရှိပါဘူး။ ဖြစ်တဲ့ လက္ခဏာပေါ်လိုက်ပြီး သက်သာအောင် ကုသပေးရတာ ဖြစ်ပါတယ်။ အနာဖုလေးတွေ ယားနေရင် အယားပျောက်ဆေး (ဥပမာ ကလမင်းလိုးရှင်း) လိမ်းပေးတာ၊ ဖျားပြီး နေထိုင်မကောင်းဖြစ်နေရင် ပါရာစီတမောတိုက်တာတို့ လုပ်ရမှာပါ။ အများအားဖြင့် ရေဓာတ်ခမ်းခြောက်တတ်တဲ့အတွက် ရေများများတိုက်ရပါမယ်။ စိုးရိမ်စရာမရှိပါဘူး။

HFMD ရောဂါကာကွယ်မှု
ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မကူးအောင် ကာကွယ်ရမှာပါ။ လက်ကို သေချာဆေးရပါမယ်။ လူအထိအတွေ့များတဲ့ နေရာတွေကို သေချာသန့်စင်ပေးရမယ်။ ကလေးကိုလည်း ပါးစပ်ထဲ လက်မထည့်ဖို့၊ အစာစားတော့မယ်ဆိုရင် လက်ကို သေချာသန့်စင်အောင် ဆေးကြောဖို့ မှာထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top