Healthy Life Ad
Child

မွေးကင်းစကလေးအချို့တွင်ဖြစ်တတ်သည့် မျက်စိဝေဒနာများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတွေအကြောင်းကို သိပါရစေဆရာ။
ဖြေ ။ မွေးကင်းစကလေးတွေက ဘယ်လိုမွေးလာတာ လဲဆိုတဲ့အပေါ် မူတည်ပြီး ဖြစ်တတ်တဲ့ မျက်စိဝေဒနာတွေကလည်း မတူညီပါဘူး။ လမစေ့မွေးလာတဲ့ ကလေး(Premature Baby)လား၊ နေ့စေ့လစေ့နဲ့ မွေးလာတဲ့ကလေး(Mature Baby)လား ဆိုတဲ့ အချက်ပေါ်မူတည်ပြီး နှစ်ခုကွဲသွားပါတယ်။

မေး ။ မွေးကင်းစကလေးတွေမှာ ဘယ်လိုမျက်စိပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတွေကတော့-

(၁) ROP မျက်စိအာရုံခံလွှာရောဂါ (Retinopathy Of Prematurity)- ဒါက လမစေ့ဘဲ မွေးတဲ့ ကလေးတွေမှာ ဖြစ်တတ်တာပါ။

(၂) ညှပ်ဆွဲပြီး ကလေးမွေးတာ (Forceps Delivery) ကြောင့် မျက်စိထိခိုက်မှု၊

(၃) မွေးကင်းစကလေး မျက်မြှေးရောင်နာ (Neonatal Conjunctivitis) – ဒီဝေဒနာက မိခင်က ရိုးရိုးနည်းနဲ့မွေးပြီး လမစေ့မွေးတဲ့ ကလေး ရော၊ နေ့စေ့ လစေ့နဲ့ မွေးတဲ့ကလေးတွေမှာပါ ဖြစ်တတ်ပါတယ်။

(၄) မွေးရာပါရောဂါတွေ(Congenital Disease)- မွေးရာပါအတွင်းတိမ်ရောဂါ (Cataract)နဲ့

(၅) မွေးရာပါ ရေတိမ်ရောဂါ (Glaucoma) တို့ ဖြစ်ကြပါတယ်။

မေး ။ လမစေ့ဘဲ မွေးလာတဲ့ကလေးတွေမှာ အဓိကဖြစ်တတ်တဲ့ ROP မျက်စိအာရုံခံလွှာရောဂါအကြောင်း ကို သိပါရစေဆရာ။
ဖြေ ။ လမစေ့ဘဲမွေးလာတဲ့ ကလေးတွေကို မွေးကင်းစ ကလေးဆောင်ထဲက Incubator ထဲထည့်ထားပါတယ်။ ဒီကလေးတွေမှာ အဓိကဖြစ်တတ်တဲ့ မျက်စိ ပြဿနာက ROP(Retinopathy Of Prematurity) ဖြစ်ပါတယ်။ ROP ဖြစ်ရင် နောက်ဆုံးမှာ မျက်စိကွယ်နိုင်တယ်။ ဒါကြောင့် မွေးကင်းစကလေး တွေမှာ ROP ရှိ၊ မရှိဆိုတာကို မျက်စိအထူးကုဆရာဝန်က စစ်ဆေးမှု (ROP Screening) လုပ်ရပါတယ်။ ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံကြီးက ROP လို့ သံသယရှိတဲ့ ကလေးတွေကို မျက်စိဆရာဝန်နဲ့ လွှဲပေးပါတယ်။ ဒီမွေးကင်းစကလေးတွေမှာ ROP ရှိတယ်ဆိုရင် ဆရာတို့က Cryotherapy လို့ခေါ်တဲ့ ကုထုံးနဲ့ ကုသမှုပေးရပါတယ်။

မေး ။ ROP ဖြစ်ရင် မျက်စိမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ ။ ROP ဖြစ်ရင် မိဘတွေသိနားလည်နိုင်တဲ့ လက္ခဏာမျိုးတော့မရှိပါဘူး။ ကလေးတွေရဲ့ မျက်လုံးက ပုံမှန်အတိုင်းပဲ။ ဆရာတို့က သူငယ်အိမ်ကို ချဲ့ကြည့်ပြီး စစ်ဆေးမှသိရတာပါ။ ဒါပေမဲ့ မျက်စိမကွယ်ခင်၊ ကွယ်ခါနီး အဆင့်ရောက်လာရင်တော့ မျက်စိက ကြောင်မျက်လုံး(Cat Eye)လို မျက်စိကကြီးကြီးနဲ့ စူးစူးကြီး တွေ့ရတတ်တယ်။ ဒါက သိပ်နောက်ကျသွားတဲ့အဆင့်မှာ တွေ့ရတာမျိုးပါ။ ဒီလို နောက်ကျ တဲ့ အဆင့်မှာမှသိရရင် မျက်စိကို ပုံမှန်အတိုင်းအမြင်ရအောင် လုပ်ပေးလို့သိပ်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အကောင်းဆုံးက လမစေ့ဘဲမွေးလာရင် မျက်စိစစ်ဆေးမှုလုပ်ကို လုပ်သင့်ပါတယ်။

မေး ။ ညှပ်ဆွဲပြီး မွေးတာကြောင့် မွေးလာတဲ့ ကလေးငယ်ရဲ့မျက်စိမှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါ သလဲဆရာ။
ဖြေ ။ ညှပ်ဆွဲပြီး မွေးတာနဲ့ မွေးတဲ့အခါ အဆင့်မသင့်ရင် မတော်တဆ မျက်ကြည်လွှာမှာ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ အဲဒီအခါ မျက်ကြည်လွှာမှာ လိုင်းလေးတွေ (Descented Tear) ဖြစ်ပြီး ရောက်လာတတ်ပါတယ်။ အဲဒီအခါကျရင်တော့ မျက်စဉ်းဆေးပေးလိုက်ရုံနဲ့လုံလောက်ပါတယ်။ ညှပ်ဆွဲပြီး မွေးလိုက်လို့ကလေးရဲ့ မျက်စိအပေါ်နဲ့ အောက်တောက်လျှောက်မှာထိခိုက်ဒဏ်ရာရခဲ့ရင် မျက်ကြည်လွှာ ထိခိုက်မှုရှိ၊ မရှိ မျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မေး ။ တခြားဖြစ်တတ်တဲ့ မွေးကင်းစကလေးမျက်စိဝေဒနာကို သိပါရစေ ဆရာ။
ဖြေ ။ နောက်တစ်ခုအနေနဲ့ ဖြစ်တတ်တာက Neonatal Conjuntivitis ဖြစ်ပါတယ်။ ဒါကို မွေးကင်းစကလေးငယ်တွေမှာဖြစ်တဲ့ မျက်မြှေးရောင်နာလို့ ခေါ်ပါတယ်။

မေး ။ မွေးကင်းစကလေးငယ်တွေမှာ ဘာကြောင့် မျက်မြှေးရောင်နာဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ကိုယ်ဝန်ဆောင်မိခင်က ပုံမှန် ရိုးရိုး မွေးတဲ့ ဖြစ်စဉ်မှာ မွေးကင်းစကလေးငယ် မျက်မြှေးရောင်နာဖြစ်တတ်ပါတယ်။ ပုံမှန်ရိုးရိုးမွေးတဲ့အခါ မွေးလမ်းကြောင်း တစ်လျှောက်မှာ ပိုးကူးစက်မှုရှိရင် မွေးကင်းစကလေး ငယ်တွေမှာ မျက်မြှေးရောင်နာဖြစ်တတ်ပါတယ်။ ဘယ်လိုပိုးမျိုးလဲဆိုရင် ဂနိုဆီးပူညောင်းကျပိုး (Gonorrhoea)ကြောင့် အဓိကဖြစ်နိုင်သလို Streptococcus ဆိုတဲ့ ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဂနိုပိုးကြောင့် မွေးကင်းစကလေးငယ်မှာ မျက်မြှေးရောင်နာဖြစ်ရင် ပိုဆိုးပါတယ်။

မေး ။ မွေးကင်းစကလေးတွေမှာမျက်မြှေးရောင်နာ ဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။
ဖြေ ။ မွေးကင်းစကလေးငယ်တွေမှာ မျက်မြှေးရောင်နာဖြစ်ရင် လက္ခဏာအနေနဲ့က မွေးကတည်းက မျက်ဝတ်တွေတအားထွက်တာနဲ့ မျက်စိနီတာတို့ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မွေးကင်းစ ကလေးမျက်မြှေးရောင်တာ နည်းသွားပါပြီ။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ မွေးလမ်းကြောင်း တစ်လျှောက်လုံးကို Povodone Iodine လိမ်းပေးလိုက်ရင် အတော်လေးသက်သာသွားပါတယ်။

မွေးကင်းစကလေးမှာ မျက်မြှေးရောင်တာဖြစ်ခဲ့ရင်လည်း Povodone Iodine ဒါမှမဟုတ် သင့်တော်တဲ့ မျက်စဉ်းဆေး၊ အထူးသဖြင့် ပဋိဇီဝပိုးသတ် မျက်စဉ်းဆေး(Antibiotic Eye Drops)ကို ပေးရပါတယ်။ ဒီလိုမျိုးမျက်စဉ်းဆေးတစ်ခုခုကို အချိန်မီပေးနိုင်တယ်ဆိုရင် ချက်ချင်းသက်သာသွားပါတယ်။

မေး ။ မွေးကင်းစကလေးတွေမှာ အတွင်းတိမ်ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ ။

မွေးကင်းစကလေးတွေမှာ အတွင်းတိမ် ဖြစ်ရင်တော့ သိဖို့ သိပ်မလွယ်ပါဘူး။ အသက် တစ်နှစ်အရွယ် လောက်ရောက်မှ မိခင်က သူ့ကလေးက သိပ်မကြည့်ဘူးထင်ပြီး “ကျွန်မကလေးမြင်ရဲ့လား”ဆိုတဲ့ မေးခွန်းနဲ့ ကလေးအထူးကုဆရာဝန် ဒါမှမဟုတ် မျက်စိအထူးကုဆရာဝန်ဆီ ရောက်လာတတ်ပါတယ်။ သူ့ ကလေးက သူများကလေးတွေလို အသံကြားလည်း မကြည့်ဘူး၊ မီးရောင်ပြလည်း မကြည့်ဘူးဆိုတဲ့ အခါမှာ မိခင်က စိုးရိမ်ပြီး လာပြတတ်ပါတယ်။ အဲဒီအခါကျမှ ဆရာဝန်ကစမ်းသပ်ပြီး အတွင်းတိမ်ဖြစ်မှန်း သိရတာပါ။

မေး ။ မွေးရာပါ ရေတိမ်ဖြစ်ရင်ကော ဘယ်လိုပုံစံမျိုး တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ ။ မွေးရာပါ ရေတိမ်ဖြစ်ရင်တော့ အတွင်း ရေထုဖိအား (IOP-Intraocular Pressure) က မြင့်တက်လာပါတယ်။ အဲဒီအချိန်မှာ ကလေးငယ်က သိပ်မသန်သေးတော့ မျက်ဖြူလွှာ(Sclera)ကို ဖုံးအုပ်ထားတဲ့ အလွှာက စူထွက်လာပြီး မျက်ဆန်(Eyeball)က ကြီးလာပါတယ်။ မျက်စိတစ်ဖက်နဲ့ ယှဉ်လိုက်ရင် နောက်တစ်ဖက်က ကြီးလာပါတယ်။ ဘာနဲ့တူလဲဆို တော့ နွားမျက်လုံးနဲ့တူတယ်။ ဒါကြောင့် Buphthalmos လို့ ခေါ်ပါတယ်။ ဒီလို ရေတိမ်ဖြစ်ရင် ခွဲစိတ်ကုသမှုပေးရပါတယ်။ ခွဲစိတ်ကုသမှုကို ဘယ်အရွယ်မှာ လုပ်သင့်သလဲဆိုတာကလည်း စိန်ခေါ်မှု တစ်ရပ်ပါပဲ။ သိပ်တိုးတက်တဲ့ မျက်စိစင်တာကြီးတွေ မှာတော့ ခွဲစိတ်ကုသမှုကို ချက်ချင်းပြုလုပ်ပါတယ်။ ဆရာတို့ Guideline အရတော့ ကလေးက မေ့ဆေးဒဏ်ကိုခံနိုင်တဲ့ အသက်အရွယ်လောက်မှာ လုပ်လေ့ရှိပါတယ်။ ကလေးက အသက်နှစ်နှစ်အရွယ်လောက်မှာ မေ့ဆေးဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ကြားထဲမှာတော့ ဆေးကုသမှုနဲ့ ထိန်းရပါတယ်။ အများအားဖြင့် မျက်စဉ်းဆေးပေးပြီး စောင့်ကြည့်ရပါတယ်။

မေး ။ မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတွေနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံ အကြံပြုလိုတဲ့ အချက်ရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ ။ ROP မျက်စိအာရုံခံလွှာရောဂါဖြစ်ရင် မျက်စိကွယ်နိုင်တဲ့အတွက် လမစေ့ဘဲ မွေးခဲ့ရင်တော့ ROP စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ မျက်စိအထူးကုဆရာဝန်နဲ့ပြသသင့်ပါတယ်။ ညှပ်ဆွဲပြီး ကလေးမွေးတဲ့ အခါ မျက်စိမှာထိခိုက်ဒဏ်ရာရသွားရင်လည်း မျက်စိအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အဓိကကတော့ ဒီနှစ်ချက်ကို အကြံပြုလိုပါတယ်။

မွေးကင်းစကလေးတွေမှာ မျက်မြှေးရောင်တာ ဆိုရင်တော့ မျက်မြှေးရောင်တယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ပဲ ပြပြ၊ မျက်စိအထူးကုဆရာဝန်နဲ့ပဲပြပြ ကောင်းသွားပါလိမ့်မယ်။ သိပ်ပြဿနာ မရှိပါဘူး။ မွေးရာပါ ရေတိမ်ဆိုရင်လည်း ဖိအားပေးလိုက်ရင် ဖောင်းလာတတ်တာကြောင့် ချက်ချင်း သိနိုင်ပါတယ်။ မွေးရာပါ အတွင်းတိမ်ဆိုရင်တော့ မိဘတွေအနေနဲ့ ချက်ချင်း မသိနိုင်ပါဘူး။ မျက်စိဆရာဝန် နဲ့ပြမှပဲသိနိုင်ပါတယ်။ မွေးရာပါ ရေတိမ်နဲ့ အတွင်းတိမ်ရောဂါတွေဖြစ်လာရင် မျက်စိဆေးရုံမှာ လာရောက် ကုသမှုခံယူဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top