Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် သဘာဝဆေးတစ်လက် နှုတ်ခမ်းကွဲခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှုတ်ခမ်းကွဲတာက မကြာခဏဖြစ်တတ်ပြီး အလွန်နာကျင်တာကြောင့် အနာကျက်အောင် စောင့်ရပါတယ်။ နှုတ်ခမ်းကွဲတာက ကြီးပြီး သွေးထွက်တာ မရပ်မနားဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။ သေးငယ်ပြီး အနာကျက်လွယ်မယ့် နှုတ်ခမ်းကွဲအနာမျိုးဆိုရင်တော့ အောက်ပါအိမ်တွင်းကုထုံးတွေက အဆင်ပြေစေမှာပါ။

သဘာဝဆေး (၁) သန့်ရှင်းပါ

နှုတ်ခမ်းကွဲရာဖြစ်ရင် ပထမဆုံးလုပ်ရမှာက သန့်ရှင်းရေးလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ဘက်တီးရီးယားပိုးတွေ ပွားများနိုင်တာကိုကာကွယ်ဖို့ အမြန်ဆုံးသန့်ရှင်းရေးလုပ်ရပါမယ်။ နှုတ်ခမ်းသားကို ဘက်တီးရီးယားပိုးသန့်တဲ့ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောပေးပါ။ ပြီးရင် တစ်ရှူးစလေးနဲ့ ခြောက်အောင်သုတ်ပေးပါ။

သဘာဝဆေး (၂) တစ်ရှူးသန့်သန့်နဲ့ ဖိပေးပါ

နှုတ်ခမ်းသား ပိုးသန့်သွားပြီးချိန်မှာ သွေးထွက်နေရင် သွေးတိတ်အောင် တစ်ရှူးသန့်သန့်နဲ့ ညင်ညင်သာသာ ဖိပေးပါ။ သွေးမြန်မြန်တိတ်အောင် ရေခဲကပ်ပေးပါ။ နှုတ်ခမ်းပေါ်ကို ရေခဲတိုက်ရိုက်မကပ်ရပါဘူး။ ရေခဲကို ပိတ်စသန့်သန့်လေးထဲထည့်ပြီး နှုတ်ခမ်းသားပေါ်ကပ်ပေးရင် ထိခိုက်နေတဲ့ သွေးကြောကျဉ်းသွားပြီး အမြန်သွေးတိတ်စေပါတယ်။

သဘာဝဆေး (၃) အနားပေးပါ

နှုတ်ခမ်းကွဲပြီး သွေးထွက်နေချိန်မှာ စကားပြောတာ၊ ရယ်မောတာ၊ သမ်းဝေတာ၊ အစာစားတာ၊ နမ်းရှုံ့တာတို့လို နှုတ်ခမ်းကို အလုပ်ပေးရတဲ့အရာတွေကို ခဏတာ အနားပေးပါ။ ရေသောက်ချင်ရင် ပိုက်နဲ့စုပ်သောက်ပါ။ အစာစားချင်ရင် သိပ်ဝါးစရာမလိုဘဲ အလွယ်တကူစားနိုင်တဲ့အစာကို စားပေးပါ။ ပူစပ်တဲ့အစာ၊ အက်ဆစ်ပါဝင်မှုများတဲ့အစာကို ရှောင်ပါ။

သဘာဝဆေး (၄) အချိန်ပေးပါ

နှုတ်ခမ်းအနာကျက်အောင် ဒီအတိုင်းထားပါ။ နှုတ်ခမ်းအနာဖေးကို ခွာတာမျိုးမလုပ်ပါနဲ့။ တစ်ပတ်ကျော်ကြာတာတောင် နှုတ်ခမ်းဒဏ်ရာရပြီး နာကျင်ရောင်ရမ်းနေဆဲဆိုရင် ဆရာဝန်ထံ သွားပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top