Healthy Life Ad
Child

ကလေးကို အသက်အရွယ်အလိုက် လိင်ကျန်းမာရေး ပညာပေးရအောင် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်ကလေးကို လိင်ကျန်းမာရေးအကြောင်း ပညာပေးတော့မယ်ဆိုရင် အသက်အရွယ်အလိုက် သင့်တော်တဲ့ သတင်းအချက်အလက်တွေကို ပေးရပါမယ်။ ငယ်ရွယ်တဲ့ ကလေးတွေက လိင်ကိစ္စ (Sex) ထက် ကိုယ်ဝန်ဆောင်ရတာ၊ ကလေးမွေးရတာ စတာတွေကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်။ ကလေးတွေက တစ်ဦးနဲ့တစ်ဦး မတူညီတဲ့အတွက် ကလေးတွေကို အသက်အရွယ်အလိုက် လိင်ကိစ္စနဲ့ မျိုးဆက်ပွား မှုအကြောင်း သိနားလည်အောင် ပညာပေးသင့်ပါတယ်။

– မွေးစမှ အသက် နှစ်နှစ်အရွယ်အထိ
လမ်းလျှောက်တတ်စ တွားသွားအရွယ်ကလေးငယ်တွေကို မျိုးပွားလိင်အင်္ဂါ အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ဘယ်လိုခေါ်ဆိုတယ်ဆိုတာ ပြောပြသင့်ပါတယ်။ အသက် နှစ်နှစ်အရွယ်က လေးအများစုက ယောကျာ်းလေးနဲ့ မိန်းကလေးအကြား ခြားနားချက်ကို သိထားပြီး လူတစ်ယောက်က ယောကျာ်းလား၊ မိန်းမလားဆိုတာ ခွဲခြားနိုင်နေပါပြီ။

– အသက်နှစ်နှစ်မှ ငါးနှစ်အရွယ်အထိ
ကလေးတွေက မျိုးဆက်ပွားတာရဲ့အလွန်အခြေခံကျတဲ့အချက်ကို သိနားလည်သင့်ပါတယ်။ ဥပမာပြောရရင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ပေါင်းစပ်ပြီး ကလေးဖြစ်လာတယ်ဆိုတာမျိုး၊ ကလေးလေးက အမျိုးသမီးရဲ့ သားအိမ်ထဲမှာ ကြီးထွားလာတယ်ဆိုတာမျိုး ပြောပြသင့်ပါတယ်။ ကလေးတွေက သူတို့ခန္ဓာကိုယ်က သူတို့ကိုယ်ပိုင်ဖြစ်တယ် ဆိုတာနားလည်သင့်ပြီး သူတို့ ခန္ဓာကိုယ်ကို ဘယ်သူမှ (ဘယ်သူစိမ်းမှ) လာရောက် ထိပါးခွင့်မရှိဘူး ဆိုတာမျိုး သင်ပေးထားသင့်ပါတယ်။

– အသက် ငါးနှစ်မှ ရှစ်နှစ်အရွယ်အထိ
အသက် ငါးနှစ်- ရှစ်နှစ်အရွယ်ကလေးတွေကို တချို့လူတွေက လိင်တူချစ်ခင်တာ၊ လိင်ကွဲ ချစ်ခင်တာနဲ့ လိင်တူလိင်ကွဲ ချစ်ခင်တာစတဲ့ မတူညီတဲ့သ ဘောတရားတွေရှိတယ်ဆိုတာ ရှင်းပြသင့်ပါတယ်။ အသက် ၁၀ နှစ်မတိုင်ခင် အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အတွေ့အကြုံတချို့ကို ကြုံတွေရနိုင်တဲ့အတွက် အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့အခါ ပြောင်းလဲတတ်တဲ့ အခြေခံသဘောတရားတွေကိုသင်ပေးထားသင့်ပါတယ်။

– အသက် ကိုးနှစ်မှ ၁၂ နှစ်အရွယ်အထိ
ဒီအရွယ်မှာ လိင်ဆက်ဆံမှုအကြောင်း နားလည်သဘောပေါက်ပြီး အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု၊ ပဋိသန္ဓေတားတာ စတာတွေအကြောင်းကို သင်ပေးလို့ရပါပြီ။ ဘယ်အရာတွေက အပြုသဘောဆောင်တဲ့ ပေါင်းသင်းဆက်ဆံရေးဖြစ်စေပြီး ဘယ်အရာတွေက မကောင်းတဲ့ ဆက်ဆံရေး ဖြစ်စေတယ်ဆိုတာနားလည်ဖို့ သေချာသင်ကြားပေးပါ။ မီဒီယာတွေမှာ ဖော်ပြလာတဲ့ လိင်ကိစ္စအကြောင်း အမှန်၊ အမှားကို ခွဲခြားနိုင်စွမ်းရှိလာတဲ့အထိ သင့်ကလေးကို သင်ပေးသင့်ပါတယ်။

– အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ်အထိ
ဆယ်ကျော်သက်တွေအရွယ်တွေက ယေဘုယျအားဖြင့် အလွန်သီးသန့်နေလိုပြီး လွတ်လပ်မှုကို ခုံမင်တဲ့အရွယ်ပါ။ ဒီအရွယ်မှာ လိင်ကိစ္စအကြောင်း နားလည်သဘောပေါက်ပြီး ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင် စိတ်နှလုံးသားထဲသွင်းပေးဖို့ လိုပါတယ်။ ဒါမှသာ ဘေးကင်းလုံခြုံစွာကြီးပြင်းလာမှာ ဖြစ်ပါတယ်။

(Ref;aboutkidhealth)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top