Healthy Life Ad
Life Style

အတုံ့အလှည့် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လမ်းမှာအလုပ်ကိစ္စတစ်ခုပြီးတော့ ကုမ္ပဏီကိုပြန်သွားဖို့ ကားတံခါးဖွင့်လိုက်ပါတယ်။ အဲဒီမှာ ကားအောက်မှာအိပ်နေတဲ့ ခွေးတစ်ကောင်က ရုတ်တရက်ထွက်လာပြီး သူ့ခြေထောက်ကို လှမ်းကိုက်လိုက်ပါတယ်။ သူစိတ်တိုဒေါသထွက်သွားပြီး အနားကကျောက်ခဲနဲ့ ကောက်ပေါက်လိုက်ပေမယ့် ခွေးကိုမထိပါဘူး။ ခွေးကတော့ ထွက်ပြေးသွားခဲ့ပါတယ်။

သူ့ရုံးကိုရောက်တော့ လုပ်ငန်းရှင်က မန်နေဂျာတွေနဲ့ အစည်းအဝေးလုပ်ရင်း အဆင်မပြေတဲ့ ကိစ္စတချို့တွေ့တာနဲ့ ခွေးကြောင့်ဖြစ်တဲ့ သူ့ဒေါသကို မန်နေဂျာတွေဆီမှာ ဖောက်ခွဲပစ်လိုက်ပါတယ်။ မန်နေဂျာတွေလည်း သူဌေးဆူပူကြိမ်းမောင်းတော့ စိတ်တိုဒေါသထွက်ပြီး သူတို့လက်အောက်က ဝန်ထမ်းတွေကို ပြန်ဆူပူတဲ့နည်းနဲ့ ဒေါသတွေကို ဖြေလျှော့လိုက်ပါတယ်။ ဒီလို တစ်ဆင့် တစ်ဆင့် ဒေါသဖြေလျှော့ရင်း အောက်ခြေဝန်ထမ်းအထိ ရောက်သွားပါတော့တယ်။

အောက်ခြေဝန်ထမ်းလည်း အလုပ်ဆင်းလို့ အိမ်ပြန်ရောက်တော့ ဇနီးသည်က တံခါးလာဖွင့်ရင်း ခရီးဦးကြိုပြုပါတယ်။

“ရှင် ဒီနေ့ ဘာလို့ နောက်ကျနေတာလဲ”

အောက်ခြေဝန်ထမ်းရဲ့ ဒေါသက သူ့ဇနီးပေါ်ပုံကျသွားပြီး-“ငါဘောလုံးကစားဖို့ အလုပ်သွားတာမဟုတ်ဘူး။ အလုပ်လုပ်ဖို့သွားတာ၊ ဒီလိုမေးခွန်းတွေနဲ့ ငါ့ကိုစိတ်တိုအောင်လာမလုပ်နဲ့”လို့ အော်လိုက်ပါတယ်။

ဒီအချိန်မှာ ဇနီးသည်က စိတ်တိုသွားပြီး တီဗီကြည့်နေတဲ့ သားလေးကို တစ်ချက်ရိုက်လိုက်ပါတယ်။ “နင်ကလည်း တစ်နေ့လုံး ဒါပဲကြည့်နေတော့မှာလား၊ စာထဲတော့ စိတ်ဝင်စားတာမဟုတ်ဘူး၊ အခု တီဗီပိတ်လိုက်တော့”

သားဖြစ်သူလည်း စိတ်တိုတိုနဲ့ အိမ်ကထွက်ပြီး လမ်းလျှောက်ရင်း သူ့ကိုကြည့်နေတဲ့ ခွေးတစ်ကောင်ကိုတွေ့တာနဲ့ ကျောက်ခဲတစ်လုံးယူကာ ကောက်ပေါက်လိုက်ပါတယ်။ ကျောက်ခဲထိမှန်သွားတဲ့ ခွေးလေးဟာ တကိန်ကိန်မြည်ရင်း ထွက်ပြေးသွားရှာသတဲ့။

အဲဒီခွေးလေးဟာ မနက်က စီးပွားရေးလုပ်ငန်းရှင်ကို ကိုက်ခဲ့တဲ့ခွေးပါပဲ . . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top