Healthy Life Ad
International

ဦးနှောက်တွင်အကျိတ်ဖြစ်ပေါ်နေသောကြောင့် ပင်ကိုယ်စရိုက်ပြောင်းသွားသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ တောင်ပိုင်းဝေးလ်စ်မှ အသက် ၃၀ အရွယ်လီယို ဂျုန်းစ်ဟာ အမူအရာ၊ စိတ်နေစိတ်ထား ရုတ်တရက်ပြောင်းလဲ သွားတာကြောင့် ဇနီးဖြစ်သူ ကင်ဘာလေဟာလီယိုက သူ့ကိုကွာ ရှင်းသွားမလားတောင် စိုးရိမ်လာခဲ့ရပါတယ်။

ဇနီးဖြစ်သူ ပထမကိုယ်ဝန်ဆောင်ချိန် လွန်ခဲ့တဲ့ လေးနှစ်က လီယိုဟာ ခေါင်းကိုက်ဝေဒနာစတင်ခံစားခဲ့ရပါတယ်။ ဆရာဝန်နဲ့ သွားရောက်ပြသခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သာ သိခဲ့ရပါတယ်။ ဒါပေမဲ့ ခေါင်းကိုက်ဝေဒနာဟာ တဖြည်းဖြည်းဆိုးရွားလာကာ အိပ်ရာထဲမှာလှဲနေခဲ့ရပါတယ်။ နာကျင်မှုဆိုးရွားတာကြောင့် ခေါင်းနဲ့နံရံနဲ့တိုက်နေခဲ့ရပါတယ်။ ဆေးရုံနှစ်ခါတက်ခဲ့ပေမယ့် အကိုက်အခဲ ပျောက်ဆေးတွေနဲ့သာ ကုသခံခဲ့ရပါတယ်။ နောက်ဆုံးမှာ လီယိုဟာ ဝေလမင်းသမီးဆေးရုံသို့ သွားရောက်ပြသခဲ့ပြီး ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်ခဲ့ရာမှာတော့ သူရဲ့ဦးနှောက်မှာ anaplastic astrocytoma အမည်ရ ဦးနှောက်ဆဲလ်တွေမှာ စတင်ဖြစ်ပေါ်တဲ့ အကျိတ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


ပြင်းထန်တဲ့ အဆင့် ၃ ရောက်နေခဲ့တာကြောင့် အကျိတ်ဖယ်ရှားဖို့ ၁၁ နာရီကြာ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ နောက်ထပ်ခွဲစိတ်မှုတွေ ခံယူခဲ့ရပြီး ကင်ဆာဆေးသွင်းကုသမှုအခါ ၃၀နဲ့ ဓာတ်ရောင်ခြည် ကုသ မှုတွေခံယူခဲ့ရပါတယ်။ သူ့ရဲ့အခြေအနေဟာ နောက်ဆုံးအဆင့်ဖြစ်တာကြောင့် နောက်ထပ် ၂နှစ်၊ ၃နှစ်ခန့်သာ အသက်ရှင် မယ်လို့ ဆရာဝန်တွေက ခန့်မှန်းထားကြပါတယ်။


ရောဂါသက်သာနေတဲ့အချိန်မှာ လီယိုဟာ ကလေးကျောင်းကြိုကျောင်းပို့လုပ်တာ၊ အပြင်ထွက်လမ်းလျှောက်တာ တို့လုပ်နိုင်ပေမယ့် ရောဂါဆိုးရွားလာတဲ့အခါ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်ဖြစ်လာတယ်လို့သိရပါတယ်။ လီယိုနဲ့ အတူတူနေထိုင်ရမယ့် အချိန်သိပ်မကျန်တော့တာကြောင့် တတ်နိုင်သမျှ မိသားစုပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် အမြဲကြိုးစားနေကြောင်း ဇနီးဖြစ်သူကင်ဘာလေကပြောကြားခဲ့ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top