Healthy Life Ad
Life Style

သင် အစိုဓာတ်ထိန်းခရင်မ် (Moisturiser) လိမ်းဖို့ လိုအပ်ပါသလား

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဆီပြန်တဲ့အသားအရေရှိနေရင် အစိုဓာတ်ထိန်းခရင်မ်ကို လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတာကို တချို့အမျိုးသမီးတွေက မဝေခွဲနိုင်ကြပါဘူး။ တကယ်တော့ သင့်မှာ အဆီပြန်တဲ့ အသားအရေရှိနေရင်တောင် အစိုဓာတ်ထိန်းခရင်မ် Moisturiser ကို နေ့စဉ်လိမ်းပေးရင် အသားအရေကို အဆီပြန်တာနဲ့ တောက်ပတာမျိုးမဖြစ်စေဘဲ အသားအရေစိုပြေတောက်ပလာတဲ့ အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။

သင့်အသားအရေက ခြောက်သွေ့ထိုင်းမှိုင်းနေရင် အစိုဓာတ်ထိန်းခရင်မ်ကို အမှန်တကယ်ကို လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ဟာ အရေပြားထဲက ရေဓာတ်နဲ့သဘာဝအဆီဓာတ် လျော့ပါးတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပေမယ့် အရေပြားထဲကို အစိုဓာတ်ရောက်ရှိအောင်တော့ မလုပ်ဆောင်နိုင်ပါဘူး။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ်ပုံမှန်လိမ်းပေးတာက အသားအရေကို နူးညံ့ချောမွေ့စေပြီး အရေးကြောင်းပါးပါးတွေကို ပြည့်တင်းသွားစေတာကြောင့် အရေးကြောင်းတွေ လျော့ပါးသွားပါတော့တယ်။

ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီး အစိုဓာတ်ထိန်းခရင်မ်တွေဟာ အောက်ပါလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

– အရေပြားအပေါ်ယံအလွှာ (Epidermis) မှ အစိုဓာတ်ဆုံးရှုံးမှုကိုလျော့ကျစေပြီး ရေဓာတ်တိုးစေပါတယ်။

– အရေပြားမျက်နှာပြင်မှာ အကာအကွယ်ပစ္စည်းအနေနဲ့ ထမ်းဆောင်ပေးပါတယ်။

– အရေပြားတင်းအားနဲ့ ပုံသဏ္ဌာန်ကို ကောင်းမွန်စေပါတယ်။

– အသားအရေကို နူးညံ့ချောမွတ်စေပါတယ်။

– အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။

သင်ဟာ ဝက်ခြံပျောက်ဆေးကို လိမ်းနေသူဖြစ်ရင် အသားအရေကို ခြောက်သွေ့စေတာကြောင့် အစိုဓာတ်ထိန်းခရင်မ်ကို အထူးလိုအပ်နေပါတယ်။ နေ့စဉ်အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါက ဝက်ခြံပျောက်လိမ်းဆေးတွေကြောင့် အရေပြားခြောက်သွေ့တာ၊ အသားပပ်တာ၊ ကွာကျတာစတဲ့ မသက်မသာဖြစ်မှုတွေကို သက်သာစေပါတယ်။ ဒါကြောင့် အသားအရေကို အစိုဓာတ်ထိန်းရမှာ နောက်မတွန့်ပါနဲ့။

အသားအရေအမျိုးအစားနှင့် သင့်တော်သော အစိုဓာတ်ထိန်းခရင်မ် ရွေးချယ်ရာဝယ်

မျက်နှာလိမ်းအစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ သင့်အသားအရေအမျိုးအစားနဲ့ သင့်တော်တဲ့ အမျိုးအစားကိုရွေးချယ်ပါ။ အစိုဓာတ်ထိန်းခရင်မ်အများစုမှာ အသားအရေချောမွေ့စေတဲ့အရာနဲ့ ရေဓာတ်ပြည့်ဝစေတဲ့အရာတွေကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။

– ပုံမှန် အသားအရေရှိလျှင်

ပုံမှန်အသားအရေဟာ မခြောက်သွေ့လွန်း၊ အဆီမပြန်လွန်းတဲ့ အသားအရေမျိုးကို ဆိုလိုပါတယ်။ ပုံမှန်အသားအရေရဲ့သဘာဝအစိုဓာတ်ကို ဟန်ချက်ညီမျှစေဖို့ စေးကပ်မှုမရှိတဲ့ ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းခရင်မ် (Water-based Moisturiser) ကို ရွေးသင့်ပါတယ်။ ဒီအစိုဓာတ်ထိန်းခရင်မ်မှာ Cetyl Alcohol ဒါမှမဟုတ် Cyclomethicone လို Silicone မျိုးနွယ်တွေ ပါဝင်နေပါတယ်။

– ခြောက်သွေ့သော အသားအရေရှိလျှင်

ခြောက်သွေ့တဲ့အသားအရေမှာ အစိုဓာတ်ထိန်းနိုင်ဖို့ အဆီဓာတ်အခြေခံတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ အင်တီအောက်ဆီးဒင့်၊ စပျစ်စေ့ဆီ (Grape Seed Oil) ဒါမှမဟုတ် Dimethicone တွေပါဝင်နေပါတယ်။ ဒီပါဝင်ပစ္စည်းတွေအားလုံးဟာ အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။ ခြောက်သွေ့ပြီး အက်နေတဲ့ အရေပြားအတွက် Pe-trolatum အခြေခံတဲ့ အမျိုးအစားကို ရွေးလိမ်းပါ။ ဒီအမျိုးအစားဟာ ခရင်မ်ထက်ပိုပြီး အစိုဓာတ်ရှိစေကာ အရေပြားကနေ ရေငွေ့မပြန်အောင် ထိန်းထားနိုင်တာကြောင့် ပိုပြီး ထိရောက်မှုရှိပါတယ်။

– အဆီပြန်သော အသားအရေရှိလျှင်

အဆီပြန်တဲ့ အသားအရေဟာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ထင်လွယ်ပါတယ်။ အဆီပြန်တယ်ဆိုပေမယ့် အစိုဓာတ်ကို ထိန်းထားနိုင်တဲ့ အသားအရေမျိုးပါ။ အထူးသဖြင့် မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးတဲ့ အသားအရေထိန်းပစ္စည်းတွေကို သုံးပြီးရင်တောင် အသားအရေကို ခြောက်သွေ့မသွားစေပါဘူး။ ဝက်ခြံမပေါက်အောင် ”Non- comedogenic” စာတမ်းပါတဲ့ အစိုဓာတ်ထိန်းခရင်မ် အမျိုးအစားကိုရွေးချယ်ပါ။

– ထိခိုက်လွယ်သော အသားအရေရှိလျှင်

ထိခိုက်လွယ်တဲ့ အသားအရေဟာ အရေပြားယားယံတာ၊ နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ အနီ ပြင်ပေါ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ရွေးတဲ့အခါ Chamomile ဒါမှမဟုတ် ရှားစောင်းလက်ပပ် (Aloe Vera) ပါတဲ့ အေးမြစေတဲ့ အမျိုးအစားကို ရွေးလိမ်းပါ။ အမွှေးနံ့နဲ့ ဆိုးဆေး (dyes) လုံးဝမပါပါစေနဲ့။ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေကို ပိုဆိုးစေနိုင်တဲ့ အက်စစ်ပါတဲ့ အမျိုးအစားကိုလည်း မသုံးသင့်ပါ။

– သက်ကြီးအသားအရေရှိလျှင်

အသက်ကြီးလာတဲ့အခါ အဆီထုတ်တဲ့ ဂလင်းတွေက တက်ကြွမှုနည်းလာပြီး အသားအရေက ပိုခြောက်သွေ့လာပါတယ်။ အသားအရေကနူးညံ့ပြီး စိုပြေနေစေဖို့အတွက် Petrolatum ပါတဲ့အဆီ အခြေခံအမျိုးအစားမှာ အရေးကြောင်းတွေကင်းစေတဲ့ အင်တီအောက်ဆီးဒင့်နဲ့ Alpha Hydroxy Acids ပါတဲ့အမျိုးအစားကို ရွေးချယ်ပါ။ ဒီပါဝင်ပစ္စည်းတွေက အသားအရေက အစိုဓာတ်ကိုထိန်းပေးနိုင်ပြီး အသားမပပ်စေပါဘူး။

ရေဓာတ်နှင့် အဆီဓာတ် . . .
ဘယ်အမျိုးအစားက အသားအရေကို ပိုပြီးအစိုဓာတ်ထိန်းပေးနိုင်သလဲ

ရေလိုမျိုး အစိုဓာတ်ထိန်းခရင်မ်စစ်စစ်က မျက်နှာအရေပြားပေါ်ကို လိမ်းပြီးတာနဲ့ ချက်ချင်းအငွေ့ပြန်သွားပါလိမ့်မယ်။ ခြောက်သွေ့တဲ့ အသားအရေရှိရင်တော့ မျက်နှာအသားအရေရဲ့နက်တဲ့ အလွှာတွေထဲအထိ အစိုဓာတ်ရှိနေအောင် ရေငွေ့မပြန်ဖို့လိုပါတယ်။ အဆီဓာတ်အခြေခံတဲ့ အစိုဓာတ်ထိန်းခရင်မ်ကတော့ အရေပြားပေါ်မှာ အစိုဓာတ်တွေ မြဲမြံနေစေဖို့ အကောင်းဆုံးအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ်အများစုမှာ Petro-latum,Lanolin နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကို သင်တွေ့ရမှာပါ။ ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အဆီပါတဲ့ ဒီပါဝင်ပစ္စည်းတွေပါတဲ့ အစိုဓာတ်ထိန်းခရင်မ် လိုအပ်နေပါတယ်။

ဒါပေမဲ့ သင့်အသားအရေက အလွန်အမင်း အဆီပြန်တယ်ဆိုရင်တော့ အဆီဓာတ်အများအပြားပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မလိုအပ်ပါဘူး။ သင့်မှာ ခြောက်သွေ့တဲ့အသားအရေမျိုးရှိတယ်ဆိုရင်လည်း အဆီအလုံအလောက်မပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မသုံးသင့်ပါဘူး။

အစိုဓာတ်ထိန်းခရင်မ်ကို ဘယ်လိုလိမ်းသင့်သလဲ

– လက်နဲ့မျက်နှာကို အပျော့စားဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆပ်ပြာသုံးပြီး သန့်စင်ပေးပါ။ သန့်စင်ပြီး ခြောက်အောင်သုတ်ပေးပြီးပြီဆိုတာနဲ့ အရေပြားစိုနေတုန်းမှာပဲ အစိုဓာတ်ထိန်းပေးတာက အကောင်းဆုံးအာနိသင်ကို ရရှိစေပါတယ်။ လုပ်သင့်တဲ့ နည်းလမ် တစ်ရပ်အနေနဲ့ မျက်နှာသစ်ပြီးတာနဲ့ ချွေးပေါက်ထိန်းပေးနိုင်တဲ့ တိုနာ (Toner) ကို လိမ်းပေးပါ။ ပြီးရင် တိုနာလိမ်းထားပြီး အရေပြားစိုနေတုန်းမှာပဲ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

– လက်ထဲမှာ အစိုဓာတ်ထိန်းခရင်မ်ကို ပဲစေ့သုံးစေ့ခန့်ယူပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး ပြန့်သွားအောင်လုပ်ပါ။ ပြီးရင်လက်နှစ်ဖက်လုံးနဲ့ မျက်နှာအနှံ့ ညီညီမျှမျှလိမ်းပေးပါ။

– လိမ်းတဲ့အခါမှာ အောက်ကနေအပေါ်ကို ပင့်တင်တဲ့ နည်းလမ်းမျိုးနဲ့ လိမ်းပေးပါ။ ပြီးရင် စက်ဝိုင်းပုံစံမျိုးနဲ့ ပါးအလယ်နေရာကစပြီး လှည့်လည်နှိပ်ပေးသွားပါ။ မျက်ခုံးနဲ့ မျက်ခွံနေရာတွေကိုပါ နှိပ်နယ်ပေးပါ။ လည်ပင်းကိုလည်း လိမ်းဖို့မမေ့ပါနဲ့။ နှိပ်နယ်တဲ့အခါမှာ လက်ခလယ်နဲ့ လက်သူကြွယ်ကိုသုံးပြီး နှိပ်ပေးပါ။

– မျက်ဝန်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းပါနဲ့။ မျက်ဝန်းတစ်ဝိုက်က အရေပြားဟာ နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် အစိုဓာတ်ထိန်းခရင်မ်ကြောင့် ဖောင်းနေနိုင်ပါတယ်။

– အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အချိန် ၁၀ မိနစ်လောက်ကြာရင် အရေပြားထဲကို အစိုဓာတ်တွေ စိမ့်ဝင်သွားတာကြောင့် မိတ်ကပ်လိမ်းနိုင်ပါပြီ။

– နေ့ခင်းအချိန်မှာ အစိုဓာတ်ထိန်းခရင်မ်ကို ထပ်မံလိမ်းလိုရင် အရင်ဆုံးမိတ်ကပ်တွေကို ဖျက်လိုက်ပါ။ ဖျက်ရမယ့်နည်းက စိုနေတဲ့ဂွမ်းစ ဒါမှမဟုတ် စိုနေတဲ့တစ်သျှူးနဲ့ သန့်စင်ပေးလိုက်ပါ။ ပြီးမှ စောစောက ပြောတဲ့နည်းအတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းခင်မှာ မျက်နှာကိုရေနဲ့ပက်ဖျန်းပေးရင်လည်း ပိုကောင်းတဲ့ရလဒ်ကို ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top