Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် အသည်းအဆီဖုံးရောဂါ (၁) (Diabetes Mellitus and NAFLD/NASH)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လူနာတွေ ဝမ်းဗိုက်ပိုင်းကို အာထရာဆောင်း Ultrasound ရိုက်ရင် အများဆုံးတွေ့ရတတ်တာကတော့ အသည်းအဆီဖုံးတယ်ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။ လူတော်တော်များများက ဒီရောဂါကိုကြားဖူးကြပါလိမ့်မယ်။ အဆီတွေ အသည်းကလာပ်စည်းတွေထဲမှာ စုဆောင်းပြည့်နှက်နေပြီး အသည်းကလာပ် စည်းတွေပျက်စီးလာပြီး အသည်းကိုထိခိုက်စေတဲ့ အခြေအနေကို အသည်းအဆီဖုံးတယ်လို့ ခေါ်ပါတယ်။

အသည်းအဆီးဖုံးခြင်းကို ဖြစ်စေတဲ့အကြောင်း ရင်းမျိုးစုံရှိပါတယ်။ အသည်းအဆီဖုံးတာကို အရက် ကြောင့်ဖြစ်တာနဲ့ အရက်ကြောင့်မဟုတ်တာဆိုပြီး အဓိကအုပ်စုနှစ်ခုခွဲခြားထားပါတယ်။ ဒါပေမဲ့ အ ခုဆွေးနွေးမှာက အရက်ကြောင့်မဟုတ်တဲ့ အသည်း အဆီဖုံးရောဂါကိုပဲ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီ ရောဂါအုပ်စုကို NAFELD(Non-alcoholic fatty liver disease) နဲ့ NASH(Non-alcoholic steato-epatitis) လို့ ခေါ်ပါတယ်။

အသည်းအဆီဖုံးခြင်းရောဂါကတော့ ကမ္ဘာနဲ့ အဝှမ်းမှာ သိသိသာသာ တိုးပွားလာနေတဲ့ခေတ်မီ ရောဂါတစ်ခုပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀%လောက်မှာ NFELD အသည်းအဆီဖုံးတာတွေ့ရပြီး အာရှနိုင်ငံတွေမှာ ဒီ့ထက်တောင်များပါလိမ့်မယ်လို့ ဆိုပါတယ်။ အဝလွန်တဲ့ အမျိုးအစား(၂)ဆီးချိုရောဂါရှင်တွေမှာ အသည်းအဆီဖုံးတာ ၇၀ရာခိုင်နှုန်းကျော် ထိတွေ့နိုင်ပါတယ်။ အဝလွန်ရယ်၊ ဆီးချိုရယ်၊ အသည်းအဆီးဖုံးရောဂါတွေရယ် ဒါတွေအားလုံးဟာ အမြဲတမ်းဒွန်တွဲပြီးတွေ့ရတတ်ပါတယ်။

အသည်းအဆီဖုံးတာ သိပ်များရင် အသည်းဆဲလ် ခေါ် ကလာပ်စည်းတွေပျက်စီးသွားမယ်။ ကလာပ်စည်းပျက် ဆီးတဲ့နေရာမှာ သွေးဖြူဥတွေ စုဝေးလာပြီး အသည်းရောင်လာစေပါတယ်။ တစ်ခါတစ်ရံ အသားဝါလာ တတ်ပါတယ်။ အသည်းရောင်တာကြာလာရင် အသည်းမှာ အမာရွတ်တွေပြည့်လာပြီး တဖြည်းဖြည်း အသည်းမာလာမယ်။ ဒီကမှတစ်ဆင့် အသည်းခြောက်သွားတတ်ပါတယ် . . .

အသည်းအဆီဖုံးတာက ဆီးချိုရောဂါရှင်တွေအတွက် ဘာတွေအရေးကြီးသလဲဆိုတာဆက်ပြီး ဆွေးနွေးပါမယ်။ ဆီးချိုနဲ့အဝလွန်ရှိရင်၊ အသည်း အဆီဖုံးတာပိုဆိုးစေနိုင်သလို အသည်းအဆီဖုံးတာရှိရင်လည်း အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ၊ အထူးသဖြင့် နှလုံးနဲ့သွေးကြောရောဂါတွေကို ပိုဆိုးစေနိုင်ပါတယ်။

ပထမဆုံးအသည်းမှာ ဘာတွေဖြစ်သွားမလဲဆိုတာ ကြည့်ကြပါမယ်။

အသည်းအဆီဖုံးတာ သိပ်များရင် အသည်းဆဲလ်ခေါ် ကလာပ်စည်းတွေ ပျက်စီးသွားမယ်။ ကလာပ်စည်းပျက်ဆီးတဲ့နေရာမှာ သွေးဖြူဥတွေစုဝေးလာပြီး အသည်းရောင်လာစေပါတယ်။ တစ်ခါတစ်ရံ အသားဝါလာတတ်ပါတယ်။ အသည်းရောင်တာကြာလာရင် အသည်းမှာ အမာရွတ်တွေ ပြည့်လာပြီး တဖြည်းဖြည်း အသည်းမာလာမယ်။ ဒီကမှတစ်ဆင့် အသည်းခြောက်သွားတတ်ပါတယ်။

အသည်းကခြောက်လာပြီဆိုရင် ဖောတာ၊ ရေဖျင်းစွဲတာတွေ၊ အသားဝါ၊ မျက်စိဝါတာတွေဖြစ် လာတတ်ပါတယ်။ ကလာပ်စည်းတွေပျက်လိုက်၊ ပြန်ပြင်လိုက်လုပ်နေတာ တဖြည်းဖြည်း ကြာလာတဲ့အခါ အသည်းမှာ အမာရွတ်တွေကနေ အသည်းကင်ဆာတွေဖြစ်ပေါ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် အသည်းဘီပိုးတွေ၊ စီပိုးတွေရှိမှ အသည်းခြောက်တတ်တယ်လို့ သိထားကြပါတယ်။

ဒီအသည်းရောင်ပိုးတွေ မရှိပေမယ့်လည်း ဒီအသည်းရောဂါတွေဖြစ်တတ်ကြောင်း အသိပေးလိုက်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အသည်းအဆီဖုံးတာနဲ့ အသည်းခြောက်တာတွေကို အရက်အလွန်အကျွံသောက်သူတွေ၊ ဆီးချိုရှိသူတွေနဲ့ အဝလွန်သူတွေမှာပဲ အတွေ့များပါတယ်။

အသည်းအဆီဖုံးနေတာက ဆီးချိုရောဂါနဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ပိုဆိုးစေသလဲ ဆက်ပြီးကြည့်ကြပါမယ်။ အသည်းအဆီဖုံးနေတဲ့ သူတစ်ယောက်တွေ့ရင် သူဟာ သာမန်လူထက်တစ်ချိန်ချိန်မှာ ဆီးချိုရောဂါဖြစ်လာဖို့ ၅ဆများပါတယ်။ တစ်ဖန် အသည်းအဆီဖုံး တာတွေ့ရှိရတဲ့ ဆီးချိုလူနာတွေဟာ အသည်းအဆီဖုံးတာမရှိတဲ့ ဆီးချိုလူနာတွေထက် နှလုံးရောဂါ၊ သွေးကြောအဆီပိတ်ရောဂါတွေ ပိုဖြစ်တတ်ပါတယ်။ နှလုံးကြွက်သားတွေ အားနည်းတာလည်းပိုဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာက အသည်းကိုသာမက နှလုံးကိုလည်းထိခိုက်စေတတ် မှန်းတွေ့ရှိလာပါတယ်။

– နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top