Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါရှိသူအရက်၊ ဆေးလိပ်သောက်လျှင်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိရင် အရက်ကို ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အရက်က သွေးတိုးရောဂါကို ဒုက္ခပေးပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေက ရာသီဥတုအေးတဲ့အတွက် အရက်မသောက်နဲ့လို့ ဆရာဝန်တွေကပြောလို့ မရပါဘူး။ သူတို့ဆီမှာက လူတွေကိုအရက်မသောက် နဲ့လို့ပြောလို့မရတဲ့အတွက် အရက်မသောက်ရလို့ မပြောပါဘူး။ အရက်ကို အလွန်အကျွံ မသောက်ရ၊ အန္တရာယ်မရှိအောင် သောက်ပါလို့ပဲ ပြောထားပါတယ်။ ဒါပေမဲ့ အရက်မသောက်တတ်တဲ့သူတွေကိုတော့ အရက်သောက်ပါလို့မပြောပါဘူး။ မသောက်နဲ့လို့ပဲ ပြောကြပါတယ်။ အရက်သောက်တတ်တဲ့သူကိုတော့ အန္တရာယ်မရှိအောင်သောက်ပါ။ တစ်နေ့မှာယောကျာ်း လေးဆိုရင် ၃ ယူနစ်၊ မိန်းမဆိုရင် ၂ ယူနစ် သောက်နိုင်ပါတယ်။

၁ ယူနစ်ဆိုတာကတော့ အရက် ၁ ပက်၊ ဝိုင်တစ်ခွက်နဲ့ ညီမျှပါတယ်။ ဝိုင်အနီကို ၁ ပက်- ၂ ပက်လောက်သောက်ရင် သွေးကြောတွေ ကျယ်လာပါတယ်။ အရက်မသောက်ရ မနေနိုင်သူတွေအဖို့ တစ်နေ့ကို အရက်တစ်ခွက်-နှစ်ခွက်လောက်ပဲ သောက်တယ်ဆိုရင်၊ ပြီးတော့ အခွံမာတဲ့အသီးရယ်၊ သံလွင်ဆီရယ်၊ ငါးရယ်၊ အရွက်သုပ်ရယ်စားတဲ့သူ တွေဆိုရင် အသက်ပိုရှည်တာကို တွေ့ရပါတယ်။ နောက်ပိုင်း အညိုရောင် ဒါမှမဟုတ် အမည်းရောင် ချောကလက် အနည်းငယ်စားရင် သွေးကြောတွေကို ကျယ်စေတယ်၊ သွေးကြောကျန်းမာရေး ကောင်းစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကယ်လိုရီပါဝင်မှုများတဲ့အတွက် ချောကလက်ကို ပိုစားလို့တော့ မကောင်းပါဘူး။

အရက်ကို လုံးဝမသောက်ဖို့ မပြောပေမယ့် ဆေးလိပ်ကို လုံးဝမသောက်ရလို့တော့ ဆရာဝန်တွေက ပြောကြပါတယ်။ အကြောင်းကတော့ ဆေးလိပ်က သွေးကြောကို ကျဉ်းစေပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါသမားတွေက သွေးကြောကျဉ်းတတ်တဲ့ အတွက် ဆေးလိပ်သောက်ရင် အရမ်းအန္တရာယ်များ ပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေက ဆေးလိပ်ကိုကော ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အရက်ကို လုံးဝမသောက်ဖို့ မပြောပေမယ့် ဆေးလိပ်ကို လုံးဝမသောက်ရလို့တော့ ဆရာဝန်တွေက ပြောကြပါတယ်။ အကြောင်းကတော့ ဆေးလိပ်က သွေးကြောကို ကျဉ်းစေပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါသမားတွေက သွေးကြောကျဉ်းတတ်တဲ့အတွက် ဆေးလိပ်သောက်ရင် အရမ်း အန္တရာယ်များပါတယ်။

အရက်က သတ်မှတ်ထားသလောက်သောက်ရင် သွေးကြောကျယ်တယ်ဆိုပေမယ့် ပမာဏပိုများ သွားခဲ့ရင်တော့ ပြောင်းပြန် ပြန်ဖြစ်သွားပါတယ်။ သွေးကြောတွေ ပြန်ကျဉ်းသွားပါတယ်။ အသည်းကိုလည်း ထိလာနိုင်ပါတယ်။ သွေးပိုတိုးစေတယ်။ အရက်က ကယ်လိုရီတစ်မျိုးပဲဖြစ်ပါတယ်။ တချို့ ထမင်းမစားဘဲ အရက်ပဲသောက်တယ်ဆိုပေမယ့် ကယ်လိုရီက တက်နေတတ်ပါတယ်။ အရက်က သွေးတိုးရောဂါနဲ့ ပိုပြီးမတည့်ပါဘူး။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိရင် ကျန်းမာရေး ကောင်းနေအောင် ဘယ်လိုနေထိုင်စားသောက်သင့် ပါသလဲဆရာ။
ဖြေ။ ။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ ရှိရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကအရေး ကြီးပါတယ်။ အစားအသောက်၊ အနေအထိုင်အတွက်ကတော့ ချိုလွန်း၊ ငန်လွန်း၊ အဆီ အအိမ့်များလွန်းတဲ့ အစားအသောက်တွေကို ရှောင်ပါ။ အသီးအရွက်၊ ငါးအစရှိတာတွေကို စားပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ဆေးကလည်း သောက်ရတာများပါတယ်။ ဆီးချိုသမား သွေးတိုးရင် အနည်းဆုံး ဆေး ၂မျိုး၊ ၃ မျိုးသောက် ရပါတယ်။ ဆီးချိုသမား နှလုံးရောဂါဖြစ်ရင် သွေးကြောက တစ်နေရာလေးပဲပိတ်တာ မဟုတ်ဘဲနဲ့ ပြင်လိုက်ကြီး ကျဉ်းလာပြီးပိတ်တတ်ပါတယ်။ ဆီးချိုသမား နှလုံးသွေးကြောကျဉ်းလို့ Stent ထည့်ရင် ဆရာဝန်တွေက ဆီးချိုရောဂါကိုနိုင်အောင်ထိန်းဖို့ ပြောရပါတယ်။ အက်စပရင်ဆေးကို မှန်မှန်သောက်ဖို့ပြောရပါတယ်။ အဲဒီလို မထိန်းသိမ်းရင် ချဲ့လိုက်တဲ့ စတန့်က ပြန်ပိတ်သွားနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top