Healthy Life Ad
Child

ကလေး အသက် ၁၀ လနဲ့ ၁၂ လအရွယ်မှာဘာတွေ ကျွေးရမလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ကလေးအသက် ၁၀ လအရွယ်မှာ
ကလေးတွေ အသက် ၁၀လထဲရောက်သွားပြီဆိုရင် ကျွေးတဲ့ ဆန်ပြုတ်ကို ခပ်ပျစ်ပျစ်လေးဖြစ် အောင် ဇွန်းနဲ့ခြေပြီး ကျွေးပါ။ ဒီအချိန်မှာ မွှေစက် (Blender)နဲ့ မကြိတ်ပါနဲ့တော့။ ထမင်းပျော့ပျော့ကို ဇွန်းနဲ့ ခြေပြီး ခပ်ပျစ်ပျစ်ကျွေးလည်းရပါတယ်။

– ကန်စွန်းဥပြုတ်၊ အာလူးထောင်း
ကန်စွန်းဥပြုတ်လည်း ကျွေးလို့ရပါတယ်။ အာလူးကို ပြုတ်ပြီး ထောင်းမယ်၊ ပြီးရင် ချိစ် (Cheese)နဲ့ နယ်ပြီး ကျွေးလို့ရပါတယ်။

– တစ်နေ့ ခြောက်ကြိမ်
အသက် ၁၀ လအရွယ်မှာ ကလေးကို တစ် နေ့ခြောက်ကြိမ်အထိ အစာကျွေးရပါမယ်။ မိခင်နို့ကို ခြောက်ကြိမ်တိုက်မယ်ဆိုတော့ တစ်ရက်မှာ အစာနဲ့ နို့ကျွေးချိန်က ၁၂ ကြိမ်လောက်အထိ တိုးလာမှာ ဖြစ်ပါတယ်။

ကလေးအသက် ၁၁ လအရွယ်မှာ
အသက် ၁၁ လအရွယ်ရောက်သွားပြီဆိုရင် ကလေးတွေစားတဲ့ ခေါက်ဆွဲလေးတွေ ဝယ်ပြုတ်ပါ။ အသားကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆားထည့်ပြီး ချက်ပါ။ ပြီးရင် အသားဟင်းနဲ့ ခေါက်ဆွဲရောပြီး မရွန်းနိစ်ထည့်ကျွေးတာမျိုး လုပ်ပေးနိုင်ပါပြီ။

ကလေးအသက် တစ်နှစ်အရွယ်မှ
အသက် တစ်နှစ်ပြည့်တဲ့ ကလေးတွေဆိုရင်တော့ လူကြီးစားသလိုမျိုး ကျွေးလို့ရပါပြီ။ အဲဒီအရွယ်မှာ ထမင်းပျော့ပျော့ကို ပဲပြုတ်လေးနဲ့ နယ်ပြီး ကျွေးတာမျိုးလုပ်နိုင်ပါတယ်။ ဒီအရွယ်မှာ ထမင်းကို မွှေစက်နဲ့ကြိတ်ပြီး မကျွေးပါနဲ့တော့။ ပုံမှန် ထမင်းပျော့ပျော့ကို ကျွေးနိုင်ပါတယ်။ ထမင်း၊ အရွက်ကြော်၊ ဟင်းချို၊ အသားဟင်း စတာတွေကို ခွက်သီးသန့်လေးတွေနဲ့ထည့်ပြီး ပုံမှန် လူကြီး တစ်ယောက်ကို ကျွေးသလို စတင်အကျင့်လုပ် ကျွေးသင့်ပါတယ်။ တစ်နှစ်အရွယ်ကလေးတွေကို အဆင်သင့် အစားအသောက်ကျွေးတာ၊ ငရုတ်သီး အစပ်ကျွေးတာတို့ကို ရှောင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top