Healthy Life Ad
Child

ကလေးများတွင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများကို မိဘတို့ဖြေရှင်းရမည့်အချက်များ

၊ အေးမို့မို့ဇော် ၊

ကလေးများတွင် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများရှိခြင်းသည် မိဘများဘက်မှ လေ့ကျင့်သင်ကြားပေးမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု စိတ်ပညာပိုင်းဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဌေးဌေး၏ ပြောကြားချက်အရ သိရသည်။

– ကလေးတွေ ဘာကြောင့်အပြုအမူပိုင်းဆိုင်ရာ ပေါက်ကွဲကြတာလဲ။

ကလေးတွေက များသောအားဖြင့် အိမ်မှာဆိုရင် မိဘတွေက အလိုလိုက်တာများတော့ ကလေးတွေက သူတို့တစ်ခုခုကိုလိုချင်ရင် ရရမှ၊ မရရင် သောင်းကျန်းမယ်။ သောင်းကျန်းတာကလည်း ကလေးတွေတစ်ယောက်နဲ့တယောက် မတူဘူး။ တချို့ကျတော့လည်း နည်းနည်းပါးပါးပဲ သောင်းကျန်းကြတယ်။ တချို့ကလိုချင်တာမရရင် ကြမ်းပြင်ပေါ်လှဲပြီး သောင်းကျန်းကြတယ်။ ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ များသောအားဖြင့် သူတို့ပေါက်ကွဲတဲ့ အဓိကအကြောင်းရင်းက လိုချင်တာမရလို့။ အဲ့လိုဆိုရင် သူတို့က ပေါက်ကွဲတာနဲ့ ဖော်ပြတယ်။

– ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လိုစီမံခန့်ခွဲပေးသင့်ပါသလဲ။

ကလေးတွေမှာ မွေးစကနေ အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့ အရွယ်ရောက်တဲ့အထိဆိုရင် ဖွံ့ဖြိုးမှုတွေအများကြီးရှိတယ်။ လိုအပ်တဲ့စွမ်းရည်လည်း အများကြီးပေါ့။ အဲ့ဒါတွေကို မိဘတွေက လေ့ကျင့်သင်ကြားပေးတဲ့ ကာလတစ်လျှောက်မှာ အပြူအမူပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကြုံလာမယ်။ ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေမဖြစ်အောင် ထိန်းချုပ်ပေးရမှာပေါ့။

အမှန်တကယ်တော့ ကလေးတစ်ယောက်ကို အပြုအမူပိုင်းဆိုင်ရာ ထိန်းချုပ်တယ်ဆိုတာဟာ သူ့ကိုအပြစ်တင်တာလည်း မဟုတ်ဘူး၊ သိမ်ငယ်အောင် လုပ်တာလည်းမဟုတ်ဘူး။ သူ့အတွက် တစ်နေ့လုံးမှာ ဘာတွေလုပ်ရမယ်ဆိုတာ၊ လုပ်ရမယ့်အပြုအမူတွေကို မိဘတွေက အစီအစဉ်လေးတွေရေးဆွဲပြီး ချမှတ်ပေးထားရမယ်။ အဲ့ဒီအစီအစဉ်အတိုင်း လုပ်တတ်အောင် မိဘတွေက လေ့ကျင့်သင်ကြားပေးထားရမယ်။ အဲဒီလို အစီအစဉ်တွေနဲ့ ကလေးတွေကို လုပ်ပေးထားတဲ့အခါမှာ ကလေးတွေက အစအဆုံးလုပ်ပြီးရင် သူတို့ကို သူတို့လည်း ယုံကြည်မှုတက်လာမယ်။ လုံခြုံမှုလည်းရှိမယ်။ မလိုလားအပ်တဲ့ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေ ဝင်မလာတော့ဘူး။

– ကလေးတွေ အပြုအမူပိုင်းဆိုင်ရာ ပြသနာတွေမဖြစ်အောင် မိဘတွေက ဘယ်လိုလုပ်ပေးသင့်လဲ။

တချို့ကလေးတွေက အပြုအမူပိုင်းဆိုင်ရာ ပြဿနာတက်တယ်ဆိုတာ မိဘတွေဘက်က လေ့ကျင့်သင်ကြားပေးမှုက အားနည်းလို့။ ကလေးတွေ နားလည်လာနိုင်မယ့် အတိုင်းအတာမျိုးတွေ လုပ်ပေးရမယ်။ ကလေးတွေက ဓာတ်ပုံကို နားလည်တာလား၊ စာကြောင်းလေးတွေကို ဖတ်တတ်နေပြီလားဆိုတာ သူတို့နားလည်နိုင်တဲ့ အတိုင်းအတာနဲ့ အချိန်ဇယားလေးတွေကို ဆွဲပေးထားရမယ်။ အဲ့ဒီအစီအစဉ်အတိုင်း လေ့ကျင့်သင်ကြားပေးမယ်ဆိုရင် ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ ပြဿနာဖြစ်လာစေခြင်းမှ အများကြီးကာ ကွယ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top