Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှိသူတို့အတွက် အရေးပါသော အာဟာရ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ ဆီးချိုသွေးချိုရောဂါအတွက် အစာအာဟာရနဲ့ ထိန်းချုပ်ဖို့က အရေးကြီးပါသလား ဆရာ။
ဖြေ။ ။ ဘယ်လို ဆီးချိုသွေးချိုရောဂါ အမျိုးအစားပဲ ဖြစ်ဖြစ်၊ အင်ဆူလင် ထိုးဆေး ဒါမှမဟုတ် ဆီးချိုထိန်းတဲ့ သောက်ဆေးတွေနဲ့ ကုသနေတာပဲ ဖြစ်ဖြစ် အစာ အာဟာရနဲ့ ထိန်းချုပ်ကုသဖို့ကလည်း မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေ လိုက်နာသင့်တဲ့ အစာအာဟာရဆိုတာ သာမန်ရောဂါမရှိသူတွေအတွက် ကျန်းမာရေးနဲ့ အညီ စားရတဲ့ အစာအာဟာရပဲ ဖြစ်ပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါရှိသူတွေက အစာကို ဘယ် လို စားသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေဟာ အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးတတ်မှသာ သွေးတွင်း သကြား ဓာတ် လွန်ကဲတာကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အတွက် မှန်ကန်တဲ့ အစာအမျိုးအစား၊ မှန်ကန်တဲ့ အစာပမာဏ၊ မှန်ကန်တဲ့ အစာ စားသောက်ချိန် ရှိရပါမယ်။အစာတွေကို အကြောက်လွန်ပြီး ရှောင်ရှားတာ၊ မကြောက်ဘဲ စားချင်သလို စားတာတွေကြောင့် ဆီး ချိုရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်မှာမဟုတ်ဘဲ ဆိုးကျိုးတွေပဲ ဖြစ်ပေါ်တတ်ပါတယ်။

မေး။ ။ ဆီးချိုသွေးချိုရောဂါရှင်တွေက မိသားစုဝင်တွေ စားတဲ့အစာကို စားနိုင်ပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် သီးသန့် အစာဆိုတာမရှိပါဘူး။ မိသားစုအတွက် ပြင်ဆင် ချက်ပြုတ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို အချိုကလွဲရင် မိသားစုနဲ့အတူ စားသုံးနိုင်ပါတယ်။Diet အစာဆိုတာအဝလွန်ကဲသူတွေ ဆက်မဝအောင် ကယ်လိုရီဓာတ် မများစေဖို့ စီမံထားတာဖြစ်ပြီး ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်စွာ စားနိုင်တယ်လို့ လွဲမှားပြီး မယူဆသင့်ပါဘူး။
အစာကို ဆေးအဖြစ်ယူဆပြီး ဆေးကို အချိန် မှန်မှီဝဲသလို အစာကို အချိန်မှန်စားသောက်ဖို့လိုအပ်ပါတယ်။သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်စွမ်းကောင်း မွန်ဖို့အတွက် ဆီးချိုရောဂါကုသသောက်ဆေးနဲ့ ဖြစ်ဖြစ်၊ အင်ဆူလင်ဟော်မုန်းနဲ့ဖြစ်ဖြစ် အစာကို အချိန် ကိုက်စားဖို့လိုအပ်ပါတယ်။အဓိက စားသုံးတဲ့ မနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေမှာ ကစီဓာတ်က မဖြစ်မနေပါဝင်ဖို့အရေးကြီးပါတယ်။ သတိထားရမယ့် အချက်က နေ့တိုင်းစားတဲ့ အစာစားချိန်နဲ့ အစာပမာဏတွေကိုအဖြစ်နိုင်ဆုံးတူအောင် စားသုံးသင့်ပါတယ်။ဆီးချိုရောဂါက တစ်သက်လုံးရှိနေမယ့် ရောဂါဖြစ်လို့ ကိုယ်နေ့စဉ်စားတဲ့ ပုံစံက တစ်သက်လုံးလိုက် နာနိုင်မယ့် အစာပုံစံဖြစ်ဖို့အရေးကြီးပါတယ်။ ဒါ ကြောင့် အစာတွေကိုသဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် စားပေးသင့်ပါတယ်။

ဆီးချိုသွေးချိုရောဂါရှိသူတွေအတွက် သီးသန့်အစာ ဆိုတာ မရှိပါဘူး။ မိသားစုအတွက် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို အချိုကလွဲရင် မိသားစုနဲ့အတူ စားသုံးနိုင်ပါတယ်။ Diet အစာဆိုတာ အဝလွန်ကဲသူတွေ ဆက်မဝအောင် ကယ်လိုရီဓာတ်မများစေဖို့ စီမံထားတာဖြစ်ပြီး ဆီးချို ရောဂါရှိသူတွေအတွက် အထူးသင့်တော်စွာ စားနိုင်တယ်လို့ လွဲမှားပြီး မယူဆသင့်ပါဘူး။

မေး။ ။ ဆီးချိုသွေးချိုရောဂါရှင်တွေက ဘယ်လို အာဟာရဓာတ်တွေကို ဘယ်လိုပုံစံနဲ့ရယူသင့်ပါသလဲဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှင်တွေက ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို စားနိုင်ပါတယ်။ ကစီဓာတ် ဆိုတာ ဆန်နဲ့ လုပ်ထားတဲ့ အစာတွေ (ဥပမာ- ထမင်း၊ ဆန်ပြုတ်၊ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ မုန့်တီ၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ၊ ကောက်ညင်း၊ ဆီထမင်း၊ မြူစွမ်)၊ ဂျုံနဲ့လုပ်ထားတဲ့ အစာတွေ (ဥပမာ-ဂျုံ ခေါက်ဆွဲ၊ ဂျုံကြာဇံ၊ ချပါတီ၊ ပေါင်မုန့်၊ နံပြား၊ ပလာတာ)စတာတွေကို စားနိုင်ပါတယ်။ အသားဓာတ်အနေနဲ့ ငါးအမျိုးမျိုး၊ အဆီမပါတဲ့ အမဲသား၊ အဆီမပါ တဲ့ ဆိတ်သား၊ အရေခွံမပါတဲ့ ဘဲသား၊ ခေါင်းမပါတဲ့ ပုစွန်၊ ဝက်သား (အသားသက်သက်)နဲ့ အရေခွံမပါတဲ့ကြက်သားတွေကို စားနိုင်ပါတယ်။

အဆီဓာတ်မှာ ကောင်းတဲ့ အဆီဓာတ်ဖြစ်ဖို့ပဲ ဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီနဲ့ငါးကရတဲ့ အ ဆီတွေကို စားနိုင်ပါတယ်။
မစားသင့်တဲ့ အစာထဲမှာပြည့်ဝဆီတွေကိုမစားသင့်ပါ၊ ဒါမှမဟုတ် လျှော့စားပါ။ ပြည့်ဝဆီဆိုတာက အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို အကြမ်း အားဖြင့် ခေါ်ပါတယ်။ ဥပမာ- အမဲဆီ၊ ဝက်ဆီ၊ စားအုန်းဆီ စတာတွေ ဖြစ်ပါတယ်။ဆီးချိုရောဂါကြောင့် ကျောက်ကပ် ထိခိုက်နေသူတွေက အသားဓာတ်ကို လျှော့စားသင့်ပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတွေက ချိုတဲ့ အစားအသောက်တွေကို ဘယ်လိုအချိန်မှာ စားနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေက ချိုတဲ့အရည်၊ ချိုတဲ့မုန့်၊ ချိုတဲ့ သစ်သီးစတာတွေကို သွေးတွင်း သကြားဓာတ် ထိန်းသိမ်းမှုမကောင်းတဲ့အချိန်မှာ ဆင်ခြင်သင့်ပါတယ်။ သွေးတွင်း သကြားဓာတ်ထိန်းသိမ်းမှုကောင်းတဲ့အခါ သစ်သီးတွေကို ချင့်ချိန်စားသုံးနိုင်ပါတယ်။

မြန်မာလူမျိုးတွေ စားလေ့ရှိတဲ့ အစာတွေမှာ အငန်ဓာတ်တွေ လွန်ကဲနေတတ်လို့ အငန်ကိုလျှော့ စားဖို့လိုပါတယ်။ ဥပမာ ပြောရရင် ငါးပိ၊ ငန်ပြာရည်၊ ငါးခြောက်၊ ငါးပိရည်စတာတွေကို ရှောင်သင့်ပါတယ်။

ဆီးချိုရောဂါရှိသူတွေက ဟင်းသီးဟင်းရွက်ကိုတော့ ကြိုက်သလောက် စားနိုင်ပါတယ်။ အချိုဓာတ် ပါတဲ့အသီးအနှံတွေ (ဥပမာ- ဘူးသီး၊ ဗုံလုံသီး၊ ခဝဲသီး၊ ကန်စွန်းဥ) စတာတွေကို ချင့်ချိန်စားသုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top