Healthy Life Ad
Life Style

အသက် ၈၀ ကျော် အဘိုးအဘွားတို့အတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

အသက် ၈၀ ကျော်အရွယ်ဆိုရင် တတိယအရွယ်လို့ပြောပါတယ်။ ဒီအရွယ်မှာ အစားအသောက်က တော်တော်ကို နည်းသွားပါပြီ။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုနှုန်း (Metabolic Rate) ကလည်းနည်းသွားပြီ၊ ပြီးတော့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းအားကလည်း နည်းသွားပါပြီ။ အစာကို ချေဖျက်နိုင်စွမ်းကလည်း နည်းသွားပါပြီ။ ဒါကတော့ အသက်ကြီးလာရင် အများဆုံးဖြစ်တတ်ပါတယ်။

အဓိကဖြစ်ရတဲ့ အကြောင်းရင်းက အသက်ကြီးလာတဲ့အခါ သွားတွေက မကောင်းတော့ဘူး၊ အဲဒီအတွက် အံကပ်တွေတပ်တယ်။ အံကပ်က အဆင်မပြေတဲ့အခါ အစာကိုဝါးရတာ ခက်လာတယ်။ အစာအာဟာရကို ကောင်းကောင်းမစားနိုင်တော့ဘူး။ ဒါက တစ်ချက်ဖြစ်ပါတယ်။ နောက်တစ်ချက်က အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ စုပ်ယူနိုင်စွမ်းအားနဲ့ ချေဖျက်နိုင်စွမ်းအား လျော့နည်းသွားတာလည်း ပါပါတယ်။

ဒါကြောင့် အဘိုး၊ အဘွားတွေက အစာကို အများကြီးစားတာထက် နည်းနည်းနဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အများကြီးစားသောက်ဖို့တော့ လိုအပ်ပါတယ်။ အဘိုးအဘွားတွေက အသားကို မကြိတ်ဝါးနိုင်တော့တဲ့အတွက် အသားကျွေးမယ်ဆိုရင် ပျော့ပျောင်းအောင် လုပ်ကျွေးရမယ်၊ နူးနူးညံ့ညံ့ပေါင်းကျွေးရပါမယ်။ အရွက်စားမယ်ဆိုရင်လည်း ကြေညက်အောင် ဝါးနိုင်စွမ်းမရှိတော့ပါဘူး။ ဒါကြောင့် အရွက်စားမယ်ဆိုရင် ခပ်ပျော့ပျော့လုပ်ကျွေးတာမျိုး၊ ကြော်တာထက် ပေါင်းကျွေးတာမျိုး လုပ်ပေးသင့်ပါတယ်။

သွေးအားနည်းရောဂါကလည်း အဖြစ်များပါတယ်။ ဒါ့အပြင် ဗီတာမင် B12 ချို့တဲ့မှုကိုလည်း ခဏခဏ တွေ့ရပါတယ်။ အာဟာရပြည့်ဝအောင် နွားနို့ကို အဓိကထားပြီး သောက်ပေးပါ။ အစားအသောက်တွေထဲမှာ နွားနို့တစ်မျိုးကသာ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင် B12 ကို ၁၀ဝ ရာခိုင်နှုန်း စုပ်ယူနိုင်စွမ်းရှိပါတယ်။

နို့ကို မနက်တစ်ခွက်၊ ညနေတစ်ခွက်သောက်ပေးရပါမယ်။ ကွေကာ (Oatmeal) တိုက်ပေးပါ။ ကွေကာမှာ အမျှင်ဓာတ်လည်းပါတယ်၊ သံဓာတ်လည်းပါဝင်ပါတယ်။ ဒါကြောင့် မနက်စာမှာ ကွေကာအုတ်နဲ့ ကြက်ဥပြုတ်ကျွေးတာမျိုး၊ နွားနို့တိုက်တာမျိုးလုပ်ရပါမယ်။ ညစာဆိုရင်လည်း ထမင်းသိပ်မစားနိုင်တော့တဲ့အတွက် အသီးအရွက်နဲ့ အသားရောပြီး ဆန်ပြုတ်ပြုတ်ကျွေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ညတိုင်းနွားနို့တိုက်ပေးပါ။ ဒိန်ချဉ်ထဲ အသီးအနှံရောထည့်ပြီး ကျွေးတာမျိုးလုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top