Healthy Life Ad
Child

ရန်ဖြစ်တဲ့ မိဘ၊ စိတ်ထိခိုက်ရရှာတဲ့ ရင်သွေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့က အလုပ်ကိစ္စရှိလို့ နေရာသစ်တစ်ခု ကိုသွားတဲ့အခါ ထုံးစံအတိုင်း လမ်းကြိုလမ်းကြား တွေလည်းရောက်ရော ဘယ်နေရာမှန်းမသိတော့ တာနဲ့ကားရပ်ပြီး မေးဖို့ကြံတယ်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လမ်းတောင်မမေးနိုင်တော့ဘူး။

အမျိုးသားတစ်ယောက်က အမျိုးသမီးကို အော်ဟစ်ငေါက်ငမ်းပြီး တုတ်နဲ့ရိုက်နေတာ . .ပြောနေဆိုနေပုံက လင်မယားနဲ့တူပါတယ် . .ဝမ်းနည်း စရာကောင်းတာက ကလေးလေးက အမျိုးသမီး ပေါင်ပေါ်မှာအော်ဟစ်ငိုယိုလို့ . .”မေမေ့ကို မရိုက် ပါနဲ့၊ မရိုက်ပါနဲ့ . .အီး . .ဟီး”

ကလေးကအော်လေ၊ ဖအေဖြစ်သူက “မင်းက မအေဘက်ကပါနေတယ်၊ ဖအေဘက်မပါဘူး” ဆိုပြီး ကလေးကို ရိုက်ဟန်ပြင်တယ်။ မအေက တောင်းပန်ပြီး ကလေးအတွက် ကာကွယ်ရင်း အိမ်ထဲကို ကလေးချီပြီး ဝင်ပြေးတော့တယ်။
ဘာတွေ ဆက်ဖြစ်သလဲ မသိတော့ . .စိတ်ထဲ မှာတော့ ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်းကြီးစွာ ခံစားမိတယ်။
_ _ _

ဒီခေတ်ထဲမှာ မယားနေစကြောင်သေမှဆိုပြီး ကိုယ်ယူထားတဲ့ ဇနီးမယားကို ရိုက်နှက်တတ်တဲ့ အကျင့်ဆိုးကြီးရှိတုန်းလား . .
ဒီခေတ်ထဲမှာ လင်ယောကျာ်းရိုက်နှက်သမျှ ငုံ့ခံကြောက်ရွံ့နေရရှာတဲ့ဇနီးမယားတွေ ရှိနေတုန်း လား . . ဒါတွေ ထားပါ . .
ရှိုက်ကြီးတငင်ငိုယိုနေရှာတဲ့ . . ဖခင်ကိုတောင်း ပန်းတိုးလျှိုးရင်း မိခင်ကိုခပ်တင်းတင်းဖက်ထားတဲ့ ကလေးလေး . .
ဒီကလေးမှာ စိတ်ဒဏ်ရာတွေ ဘယ်လောက် များ ရနေရှာမလဲ . . အိမ်နီးနားချင်းတွေကလည်း ရန်ကုန်မြို့ရဲ့ထုံးစံ အတိုင်းဘာသိဘာသာ..

လေ့လာမှုတွေအရ မိဘတွေရန်ဖြစ်ရင်၊ မိသားစုအတွင်းမှာ အကြမ်းဖက်မှုရှိရင် သားသမီးတွေမှာ အထွေထွေကျန်းမာရေးချို့ယွင်းလာတာ တွေ့ရှိရတယ်။ ဥပမာ- အာဟာရချို့တဲ့တာ၊ ကိုယ်အလေးချိန်ကျတာ၊ အိပ်ရေးပျက်တာ၊ မောပန်းနွမ်း နယ်လွယ်တာစတာတွေဖြစ်တာများတယ်။ ဒါတွေက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဖြစ်လို့ အချိန်ကကုစား သွားမှာဆိုရင်တောင် ကလေးတွေရဲ့ စိတ်ထဲမှာ ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကတော့ ပျောက်နိုင်ဖို့ မလွယ်ဘူးလေ . .

အများအားဖြင့် ဒီလိုကလေးတွေမှာ အာရုံစူး စိုက်နိုင်မှု လျော့နည်းလာတတ်တယ်၊ သူကိုယ်တိုင်က အကြမ်းဖက် ရန်လုပ်တတ်တယ်၊ လူကြီး ပြော စကားကို နားမထောင်ဘဲ အရွဲ့တိုက်တတ်တယ်၊ အိပ်မက်ဆိုးမြင်မက် လန့်နိုးတတ်တယ်၊ အိပ်ရေး ပျက်တတ်တယ်၊ အပေါင်းအသင်းတွေရှောင်ပြီး လူကြောက်နေတတ်တယ်၊ အဆိုးဆုံးက မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပြီး စိတ်ခံစားမှု ထုံထိုင်းနေ တတ်တယ်၊ အမြဲလိုလို စိုးရိမ်ကြောင့်ကြစိတ် ရှိနေတတ်တယ်။

သူတို့လေးတွေဟာ သိနားလည်မှုရှိလာလေ လေပျော်ပျော်ရွှင်ရွှင်နေရမယ့် မိသားစုဘဝကိုစိတ် ကူးယဉ်စဉ်းစားနေတတ်တယ်။ အဲဒီလိုမဖြစ်ဘဲ နေ့တိုင်းအိမ်တွင်း ရန်ပွဲ၊ အကြမ်းဖက်မှုတွေ မြင် တွေ့ရဖန်များတဲ့အခါ ဘဝမှာ မျှော်လင့်ချက်မဲ့သလို ခံစားရတတ်တယ်။ မိသားစုတွင်း ဘာမဟုတ်တဲ့ရန် ပွဲလေးတစ်ခုတွေ့လိုက်တာနဲ့ အနာဂတ်အတွက် အားထားရာ ကြယ်ပွင့်လေးတစ်ပွင့် မှေးမှိန်လွင့် ပြယ်သွားမှာကို ကျွန်မ စိုးရိမ်မိတယ်လေ . .

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top