Healthy Life Ad
Child

ကျောင်းအိမ်သာညစ်ပတ်လို့ တစ်နေ့လုံး ဆီးမသွားခဲ့ဘူး မေမေ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

“ဆီးအောင့်တယ် မေမေ”

ကျောင်းက ပြန်ရောက်ရောက်ချင်း အမောတကောပြေးလာပြီး အိမ်သာထဲအတင်းဝင်ကာ ပြန်ထွက်လာသည့် သမီးလေး နှင်းဖွေးက မျက်နှာရှုံ့မဲ့လျက်ပြောသည်။

“ကျောင်းမှာ ဆီးမသွားခဲ့ဘူးလားသမီး”

“မသွားချင်ဘူး မေမေ၊ ကျောင်းက အိမ်သာကညစ်ပတ်ပြီး နံစော်နေလို့ မသွားချင်ဘူး”

တကယ်တော့ သမီးလေးနှင်းဖွေးက အလွန်အမင်းအသန့်ကြိုက်သူ၊ ဇီဇာကြောင်သူမဟုတ်။ သို့ရာတွင် နေ့စဉ်လိုလို ကျောင်းမှအိမ်ပြန်လာလျှင် ဆီးအောင့်သလိုဖြစ်နေတတ်သည်။

“သမီးတို့ကျောင်းမှာ အိမ်သာကို သန့်ရှင်းရေးလုပ်မယ့်သူ မရှိဘူးလား”ဟု မေးကြည့်တော့-

“မုန့်ဈေးတန်းဘက်မှာပဲ သန့်ရှင်းရေးလုပ်ကြတယ်မေမေ”

နှင်းဖွေး အခုလို တစ်နေ့လုံး ကျောင်းမှာ ဆီးမသွားဘဲ အောင့်ထားသည်ကို မိခင်ဖြစ်သူ မနှင်းပွင့် စိတ်ညစ်လှသည်။ နောက်နှစ်ကျလျှင် သားလေးကို မူကြိုထားရတော့မည်။ ဘယ်ကျောင်းထားရမလဲဟု မမေစိုး စုံစမ်းကြည့်ရင်း ပုဂ္ဂလိကကျောင်းအပ်ရမလား၊ အစိုးရကျောင်းအပ်ရမလား တွက်ချက်ကြည့်တော့ အစိုးရကျောင်းက စရိတ်အကုန်အကျ သက်သာတာတော့မှန်သည်။ သို့ရာတွင် အိမ်သာကိစ္စ။ အစိုးရကျောင်းအချို့ အိမ်သာညစ်ပတ်ကြောင်း သူကြားဖူးသဖြင့် သားလေးကို မထားချင်။ ညစ်ပတ်သည့် အိမ်သာကြောင့် ကလေးကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်မိသည်လေ။

ကျောင်းများကို လေ့လာကြည့်ရာ အချို့ကျောင်းများ၏ အိမ်သာသန့်ရှင်းရေး အားနည်းလှသည်ကိုတွေ့ရသဖြင့် ထိုအကြောင်းနှင့်ပတ်သက်ပြီး ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးအား မေးမြန်းကြည့်ခဲ့ရာ-

“အဓိကကတော့ ကျောင်းတွေမှာ လေ့လာကြည့်လိုက်တဲ့အခါ ကျောင်းစောင့်နဲ့ဝန်ထမ်းတချို့ လိုအပ်နေတာလည်း တွေ့ရသလို အဲဒီဝန်ထမ်းတချို့ရဲ့စွမ်းရည်၊ အလုပ်လုပ်နိုင်စွမ်းနဲ့ စိတ်နေစိတ်ထားပိုင်းတွေ အားနည်းတာကိုတွေ့ရပါတယ်။ မလုပ်၊ မရှုပ်၊ မပြုတ်နဲ့ နေခဲ့ကြတော့ ကျောင်းအိမ်သာသန့်ရှင်းရေးကို အလေးထားပြီး မလုပ်ကြဘူး။

နောက်တစ်ချက်က ကျောင်းသားတွေဘက်ကို ပြောရမယ်ဆိုရင် စည်းကမ်းမရှိဘဲနဲ့ အိမ်သာကိုပိတ်ဆို့အောင်လုပ်တာ၊ အထူးသဖြင့် ယောကျာ်းလေးအိမ်သာတွေဆိုရင် အိမ်သာအသစ်ပဲဖြစ်ဖြစ် ဖျက်ဆီးပစ်တာတို့ လုပ်တတ်တယ်။ တချို့ကလေးတွေက တစ်ခုခုဆိုရင် အရွဲ့တိုက်တတ်၊ ဆန့်ကျင်တတ်တဲ့အကျင့်က ရှိနေတတ်တယ်။

နောက်တစ်ခုက အစိုးရပိုင်းအနေနဲ့ပြောရရင် ဘတ်ဂျတ်ပိုင်းမှာ ချပေးပေမယ့် တချို့ကျောင်းတွေမှာ အိမ်သာဆောက်တဲ့အခါ အရင်က ဖြစ်သလိုလုပ်သွားတာလေးတွေလည်းရှိတယ်။ အစိုးရဘတ်ဂျက်မှာကလည်း ပြန်လည်ထိန်းသိမ်းမှု (Maintainance)အတွက် စရိတ်ကမပါဘဲ ဖြစ်နေတတ်တယ်။ ကျောင်းဆောက်ဖို့ ဘတ်ဂျက်ချပေးလိုက်ပေမယ့် ကျောင်းပြိုတာ၊ ပျက်တာတွေအတွက် ပြန်လည်ထိန်းသိမ်းဖို့ စရိတ်မပါသလိုဖြစ်နေတယ်။

မိဘ-ဆရာအသင်း/ကျောင်းအကျိုးဆောင်အဖွဲ့ရဲ့ အသက်ဝင်မှုပေါ်မှာလည်း မူတည်နေပါတယ်။ မိဘ-ဆရာအသင်းက အစည်းအဝေးလောက်ပဲတက်၊ ဆုပေးပွဲပဲတက်ပြီး လုပ်နိုင်စွမ်းအားနည်းတာလည်းပါတယ်။ လှူတဲ့မိဘတွေကလည်း လှူကြပါတယ်။ လုပ်နိုင်တဲ့ကျောင်းတွေလည်း တကယ်လုပ်နိုင်ပေမယ့် မလုပ်နိုင်တဲ့ စာသင်ကျောင်းတွေက များတယ်။

ကျောင်းမျက်နှာစာတင်မက ကျောင်းအိမ်သာပါ သန့်ရှင်းနေစေဖို့ ကျောင်းဝန်ထမ်း၊ ကျောင်းသား၊ မိဘ-ဆရာအသင်း/ကျောင်းအကျိုးဆောင်အဖွဲ့နဲ့ အစိုးရပိုင်းစတဲ့ ဒေါက်တိုင်လေးရပ်က ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။ တစ်ကိုယ်ရေသန့်ရှင်း အနာကင်းဝေးစေရန် အစာသန့်၊ ရေသန့်၊ လက်သန့်၊ အိမ်သာသန့်ဆိုပြီး သန့်လေးသန့်ပညာရပ်သည် အရေးကြီးလှသဖြင့် ငယ်စဉ်ကတည်းက ကျောင်းစာသင်ခန်းများတွင် ထည့်သွင်းသင်ပေးရလေ့ရှိသည်။ သို့ရာတွင် ယခုလိုကျောင်းအိမ်သာအချို့ ညစ်ပတ်နေသည့်အကြောင်းနှင့် ပတ်သက်ပြီး ကလေးများတွင် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်ပါသည်။

“ကျောင်းနေအရွယ်ကလေးတွေဆိုတာ အများအားဖြင့် ကျောင်းမှာပဲ အချိန်ကုန်ဆုံးရတာများပါတယ်။ ဒီတော့ သန့်လေးသန့်က အင်မတန်အရေးကြီးပါတယ်။ လက်သန့်ရှင်းရေးမကောင်းရင် အဓိကကြောက်ရတာက ဝမ်းပျက်ဝမ်းလျှောရောဂါပဲ ဖြစ်ပါတယ်။ အဲဒီလိုပဲ အိမ်သာသန့်ရှင်းရေးမကောင်းရင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ပါတယ်။

အိမ်သာမသန့်ရှင်းတဲ့အတွက် ယင်ကောင်တွေနားပြီး ယင်ကောင်ကတစ်ဆင့် ရောဂါပိုးတွေသယ်လာတယ်။ ယင်ဟာ မစင်ထဲမှာပေါက်၊ မစင်မှာနားပြီး လူတွေစားမယ့်အစာပေါ်မှာ ကပ်နားတဲ့အခါ အဲဒီအစာစားမိတဲ့ ကလေးရဲ့ အူလမ်းကြောင်းထဲကို ရောဂါပိုးတွေရောက်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေပါတယ်။ တစ်နေ့လုံး ဆီးမသွားဘဲနေရင် . . .

အိမ်သာမသန့်ရှင်းတဲ့အတွက် ယင်ကောင်တွေနားပြီး ယင်ကောင်ကတစ်ဆင့် ရောဂါပိုးတွေသယ်လာတယ်။ ယင်ဟာ မစင်ထဲမှာပေါက်၊ မစင်မှာနားပြီး လူတွေစားမယ့် အစာပေါ်မှာ ကပ်နားတဲ့အခါ အဲဒီအစာစားမိတဲ့ ကလေးရဲ့အူလမ်းကြောင်းထဲကို ရောဂါပိုးတွေရောက်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေပါတယ်။ တစ်နေ့လုံးဆီးမသွားဘဲနေရင် ကလေးတွေမှာ ဆီးအောင့်ဝေဒနာတွေ ဖြစ်တတ်တယ်၊ တစ်နေ့လုံး ဝမ်းမသွားဘဲနေရင် ဝမ်းချုပ်တာဖြစ်တတ်ပါတယ်”ဟု အိမ်သာမသန့်ရှင်းခြင်းကြောင့် ကလေးများတွင် ဖြစ်တတ်သည့် နောက်ဆက်တွဲကျန်းမာရေးပြဿနာကို ဒေါက်တာကျော်စွာဦးက ထောက်ပြခဲ့သည်။ စာသင်ကျောင်းများတွင် ယင်လုံအိမ်သာရှိရန် အရေးကြီးသည့်အပြင် ထိုအိမ်သာအမြဲသန့်ရှင်းပြီး ပျက်စီးမှုမရှိစေရန် ကျောင်းသားဟောင်းများ၊ မိဘများ၊ ဆရာများနှင့် ကျောင်းတက်နေဆဲ ကျောင်းသားကျောင်းသူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရန် အရေးကြီးကို ဆရာက ယခုလိုထောက်ပြဆွေးနွေးခဲ့သည်။

“ကျောင်းကနေအောင်သွားတဲ့သူတွေက ကမကထလုပ်ပြီး ကိုယ့်ကျောင်းကို ပြန်ပံ့ပိုးပေးတာမျိုးလုပ်ရင်လည်း မဆိုးဘူး။ နောက်တစ်ခုက မိဘတွေကလည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ပေးတာမျိုး လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့ တိုးတက်အောင်မြင်မှုအတွက် မိဘ-ဆရာ-ကျောင်းသား ဒေါက်တိုင်သုံးရပ်စလုံး ဟန်ချက်ညီညီသွားမှအဆင်ပြေမှာပါ။ မိဘပြည်သူတွေကလည်း ငါတို့သားသမီးလေးတွေတက်တဲ့ကျောင်းမှာ ငါတို့လည်းတတ်နိုင်သမျှ ပါဝင်ကြမယ်ဆိုတဲ့ အတွေးလေးတွေ ပါဝင်လာရင်ကောင်းတာပေါ့။

ကိုရီးယားကားတွေထဲမှာကြည့်လိုက်ရင် ကျောင်းသား၊ ကျောင်းသူတွေကလည်း ကျောင်းတွင်း လှုပ်ရှားမှုလုပ်တာကို တွေ့ရတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာလည်း ငါတို့တက်တဲ့ အိမ်သာသန့်ရှင်းအောင် ငါတို့လည်း ဝိုင်းဝန်းဆောင်ရွက်မယ်ဆိုတဲ့အသိလေး ငယ်ငယ်ကတည်းက မွေးမြူထားပေးရင် ကောင်းမလားလို့ ကျွန်တော်တွေးမိပါတယ်။ တချို့မိဘတွေကျတော့ အိမ်သာဆေးခိုင်းရင် ငါ့သားသမီးကို နှိပ်ကွပ်တာလားလို့ ထင်ကြတယ်။ တကယ်တော့ အိမ်သာဆိုတာ ကိုယ့်အခန်းထက်ကို ပိုသန့်ရမယ့်နေရာပါ။ အိမ်တစ်အိမ်ကို ဝင်လိုက်လို့ အိမ်သန့်ရှင်းမှု ရှိ၊ မရှိ အိမ်သာနဲ့ပဲ ဆုံးဖြတ်လို့ရပါတယ်။ မိဘ-ဆရာတွေကလည်း သားသမီးတွေကို အိမ်သာသန့်ရှင်းရေးအကြောင်း အလေးထားပြောပြပြီး ဝိုင်းဝန်းကူညီကြဖို့ ပညာပေးနိုင်ရင်ကောင်းပါတယ်။ ကလေးဘဝကတည်းက သေချာလေ့ကျင့် ပျိုးထောင်ပေးလိုက်ရင် အမှိုက်ဆို ပစ်ရမှာတောင် ရှက်သွားတယ်။

အစိုးရအနေနဲ့လည်း ပညာရေးဘတ်ဂျက်တွေကို တိုးသင့်သလောက် တိုးနေပါတယ်။ အဲဒီအခါ ကျောင်းဆောင်တွေဆောက်လို့ တင်ဒါခေါ်တဲ့အခါ ဆီးသီးဗန်းမှောက်သလိုမဟုတ်ဘဲ တကယ်ထိထိရောက်ရောက် လုပ်နိုင်တဲ့သူတွေကိုပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ကျောင်းသားလူငယ်တွေဘက်က ပြောရရင် တချို့ကျောင်းသားလေးတွေက ကျောင်းပစ္စည်းတွေကို ဖျက်ဆီးချင်စိတ်ရှိနေရင် အဲဒီစိတ်ဓာတ်လေးတွေကို မိဘ-ဆရာပူးပေါင်းပြီး ငယ်ငယ်ကတည်းက ပြုပြင်ပေးစေချင်ပါတယ်။ မိဘ-ဆရာ အသင်း/ကျောင်းအကျိုးဆောင်အဖွဲ့ဆိုတာ နာမည်ခံရုံမဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ နေရာတွေမှာ တကယ်အဆင်ပြေထိရောက်အောင် လူအား၊ ငွေအား၊ ပညာအားနဲ့ ပိုပြီး ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားတွေကို ကျောင်းပရဝုဏ်သန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးအတွက် အမိန့်ပေးခိုင်းတာထက်စာရင် ပုံတိုပတ်စလေးတွေနဲ့ သူတို့ကိုယ်တိုင် ပါဝင်ချင်လာအောင် အားပေးလှုံ့ဆော်ပေးနိုင်ရင် ကောင်းပါတယ်”ဟု ဒေါက်တာကျော်စွာဦးက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများအတွက် အိမ်တွင်နေသည့်အချိန်နည်းတူ ကျောင်းတွင်နေသည့်အချိန်ကလည်း များပြားနေရာ စာသင်ကျောင်းသည် မျက်နှာစာသန့်ရှင်းရေးကောင်းမွန်ရုံနှင့်မပြီး၊ ကျောင်းသားကျောင်းသူတို့အတွက် ဖွင့်လှစ်ထားသော မုန့်ဈေးတန်းကလည်း ကျန်းမာရေးနှင့်ညီညွတ်သော မုန့်ပဲသရေစာများကိုသာ ရောင်းချရန် လိုအပ်လှပေသည်။ ထို့နည်းတူ ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုသော ကျောင်းအိမ်သာတို့သည်လည်း ရေအလုံအလောက်၊ လက်ဆေးဆပ်ပြာအလုံအလောက်ရှိပြီး သန့်ရှင်းသပ်ရပ်နေမှသာ ကျန်းမာရေးကောင်းမွန်သော အနာဂတ်ခေါင်းဆောင်ကောင်းများကို မွေးထုတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းဆရာ ဆရာမများကလည်း ကျောင်းပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းစေရန် အလေးထားသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top