Healthy Life Ad
Child

ကလေးအသက် ရှစ်လနဲ့ ကိုးလမှာ ဘာတွေကျွေးသင့်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ကလေးအသက်ရှစ်လပြည့်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်စတိုက်လို့ရပါပြီ။ ပြီးရင် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စကျွေးနိုင်ပါပြီ။

ဘယ်လိုကျွေးမလဲဆိုတော့ ညနေသုံးနာရီရောက်ပြီဆိုတာနဲ့ ကလေးကို ဒိန်ချဉ်လေးတစ်ဇွန်းကို ထမင်းစားဇွန်းတစ်ဇွန်းကျွေးရင်ရပါပြီ။ ဒိန်ချဉ်ကိုတစ်ပတ်မှာသုံးရက် (ဥပမာ- တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာစသဖြင့်) စတင်ကျွေးလို့ရပါပြီ။ ဒါ့အပြင် ချိစ်ဒိန်ခဲလေးတွေကိုလည်း တစ်ပတ်မှာသုံးရက် (ဥပမာ-အင်္ဂါ၊ ကြာသာပတေး၊ စနေ စသဖြင့် ဒိန်ချဉ်ကျွေးတဲ့ရက်နဲ့ မတူအောင်) စတင်ကျွေးဖို့လိုပါတယ်။

ဒိန်ချဉ်ကို ဘာလို့ကျွေးရသလဲဆိုတော့ ဒိန်ချဉ်က ကလေးငယ်လေးတွေအတွက် အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ ကောင်းတဲ့ပိုးတွေကို မွေးပေးလိုက်တဲ့အတွက် ကလေးငယ်တွေမှာ ဝမ်းသွားတာ၊ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေကို ကာကွယ်ပါတယ်။ ဒါကြောင့် ကလေးအသက် ရှစ်လပြည့်ပြီဆိုတာနဲ့ ဒိန်ချဉ်ကို စတင်ကျွေးလို့ရပါပြီ။

ကလေးအသက် ၉ လပြည့်ပြီဆိုရင် ကလေးကို အနီရောင်အသားလေးတွေ စတင်ကျွေးဖို့လိုပါတယ်။ အရင်တုန်းက ကလေးကို ကြက်သား၊ ငါးတို့ပဲ ကျွေးခဲ့ပေမယ့် အခုဆိုရင် ဝက်သား၊ အမဲသား၊ ဆိတ်သားတို့လို အနီရောင်အသားတွေကို တောက်တောက်စဉ်းပြီး ဆန်ပြုတ်ထဲ ထည့်ကျွေးတာမျိုးကျွေးလို့ရပါပြီ။ ကိုးလမှာ ပေါင်မုန့်လေးကို နို့နဲ့ဖျော်ကျွေးတာမျိုး၊ အာလူးကြော်ကျွေးမယ်ဆိုရင် အိမ်မှာ အာလူးအခွံနွှာပြီး ခပ်ပျော့ပျော့လေး ကြော်ကျွေးတာမျိုးနဲ့ အစာတွေကိုတဖြည်းဖြည်းတိုးမြှင့်ကျွေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top