Healthy Life Ad
Q & A

၀က်သက်ကာကွယ်ဆေးထိုးရင် အော်တစ်ဇင် ဖြစ်နိုင်တယ်ဆိုတာ လုံးဝမမှန်ပါဘူး

ပါမောက္ခဦးစောဝင်း (ကလေးအထူးကုဆရာဝန်ကြီး) အမျိုးသားကာကွယ်ဆေးထိုးကော်မတီ ဒုတိယဥက္ကဌ၊အရှေ့တောင် အာရှဒေသကြီး ကာကွယ်ဆေးထိုးဆိုင်ရာ အကြံပေးအဖွဲ့ဝင်ဖြေကြားသည်။

မေး ၁ ။ ဝက်သက်ကာကွယ်ဆေးထိုးတာက အော်တစ် ဇင်ရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆရာမကြီးတစ်ဦး က ပြောပါတယ်ဆရာ။ အဲဒါကြောင့် ကျွန်မကလေးကို MMR Vaccine ထိုးသင့်ပါသလား။

မေး ၂ ။ ကျွန်မကလေးကို ၉ လတုန်းက ဝက်သက်ကာကွယ်ဆေးတစ်လုံးထိုးထားပါတယ်။ အခု MMR Vaccine က အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုလို့ ဆက်မထိုးသင့်ဘူးလား သိချင်ပါတယ်ရှင့်။

မေး ၃ ။ ကျွန်မကလေးကို ဒေသန္တရမှာ ကာကွယ်ဆေး ထိုးနေပါတယ်။ အခုဝက်သက်ကာကွယ်ဆေးထိုးရင် ဆိုးကျိုးရှိတယ်ဆိုတော့ ဆက်မထိုးသင့်ဘူးလား။

ဖြေ ။ ဝက်သက်ကာကွယ်ဆေးက အော်တစ်ဇင်နဲ့ ဆက်စပ်တယ်ဆိုတဲ့ သုတေသနစာတမ်းတစ်ခု ထွက် ခဲ့ဖူးပါတယ်။ အဲဒီသုတေသနမှာကိုက လိုအပ်ချက်တွေ၊ စံနဲ့ မကိုက်တာတွေ၊ ချို့ယွင်းချက်တွေ အများကြီးရှိနေတယ်။ ဒါကြောင့် နောက်ဆုံးမှာ အဲဒီစာတမ်းကိုဖော်ပြခဲ့တဲ့ ဂျာနယ်ကိုယ်တိုင်က “ဒါကို ဖော်ပြမိတာ မှားယွင်းပါတယ်”ဆိုပြီး ရုတ်သိမ်းသွားခဲ့ပြီး ဖြစ်ပါတယ်။

နောက်ပိုင်းလုပ်တဲ့ သုတေသနတွေအရ ဝက်သက်ကာကွယ်ဆေးက အော်တစ်ဇင်နဲ့ ဆက်စပ်မှုမရှိဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ ဆိုလိုတာက အော်တစ်ဇင်နဲ့ ဝက်သက်ကာကွယ်ဆေး ဆက်စပ်မှုရှိတယ်ဆိုတာ လုံးဝ မှားယွင်းနေပါတယ်။ ဒါမှားယွင်းကြောင်း အမေရိကားမှာလုပ်တဲ့ သုတေသနစာတမ်းတွေထွက်ပြီးသားပါ။ နောက်ထပ်ထပ်လုပ်တဲ့သုတေသနတွေအရလည်း ဝက်သက်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုရှိတယ်လို့ လုံးဝမတွေ့ရပါဘူး။

ဝက်သက်ကာကွယ်ဆေးက ပထမအကြိမ်ထိုး ရင် ၈၅ ရာခိုင်နှုန်းပဲ ထိရောက်ပါတယ်။ ဒုတိယအကြိမ်ထပ်ထိုးပြီး နှစ်ကြိမ်ပြည့်မှ ၁၀ဝ ရာခိုင်နှုန်း ထိရောက်တာဖြစ်ပါတယ်။ ဒီတော့ ဝက်သက်ကာကွယ်ဆေးက ကလေးတိုင်းမဖြစ်မနေထိုးထားရမှာ ဖြစ်ပါတယ်။

ဒီလို မှားယွင်းတဲ့အယူအဆကြောင့် ဝက်သက်ကာကွယ်ဆေး မထိုးတဲ့သူတွေများလာရင် သုံးလေးနှစ်တစ်ခါ ဝက်သက်ကပ်ရောဂါ အသွင်ဖြစ်လာနိုင်ပါတယ်။ ဝက်သက်ကာကွယ်ဆေးမထိုးလို့ ဝက်သက် ဖြစ်လာခဲ့ရင် အန္တရာယ်ရှိပါတယ်။ လုံလောက်တဲ့ ဗဟုသုတမရှိဘဲနဲ့ ပြည်သူလူထုကိုထင်ယောင်ထင်မှားဖြစ်စေတာက အပြစ်ရှိပါတယ်။
ဒါကြောင့် ဝက်သက်-ဂျိုက်သိုး-ပါးချိတ်ရောင် ကာကွယ်ဆေး (MMR Vaccine)ကို စိတ်ချလက်ချထိုးနှံကြပါ။ ၂၀၂၀မှာ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဝက်သက်ရောဂါကင်းစင်ပပျောက်ရေး ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်မှာ MMR ပါပါတယ်။ ထိုးလည်း ထိုးပေးနေပါတယ်။ ဥပမာ UK ၊ USA ။ ဆရာတို့နိုင်ငံရဲ့ အမျိုးသားကာကွယ်ဆေးထိုးအစီအစဉ် အရ ကလေး ၉လမှာ ဝက်သက်၊ ဂျိုက်သိုး(MR)နဲ့ ကလေး ၁၈လမှာ ဝက်သက် M ထိုးပေးနေပါတယ်။ MMR မဟုတ်ပါ။ ကုန်ကျစရိတ်များလို့ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top