Healthy Life Ad
Child

၇လအရွယ် ကလေးငယ်ကို ဘယ်လို အစာတွေ ကျွေးရမလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

၇လရောက်ပြီဆိုရင် ကလေးငယ်လေးတွေအတွက် ဖြည့်စွက်စာကို လေးကြိမ်ကနေ ငါးကြိမ် ကျွေးပါပြီ။ မနက်ရှစ်နာရီမှာ ဖြည့်စွက်စာကျွေးတယ် ဆိုရင် ၁၀ နာရီမှာ မနက်ခင်း သရေစာအနေနဲ့ ငှက်ပျောသီးကျွေးတာမျိုး စကျွေးလို့ရပါပြီ။ ၇လအရွယ်မှာ ငှက်ပျောသီး၊ ပန်းသီး၊ သင်္ဘောသီးစတဲ့ အသီးအနှံစကျွေးပါပြီ။

ဆန်ပြုတ်ထဲမှာ အရွက်လေးတွေ ထည့်ကျွေးလို့ရပါပြီ။ ဥပမာ မုန်လာဥနီ၊ ကညွတ်၊ ကန်စွန်းရွက် စသဖြင့် ထည့်ကျွေးလို့ရပါတယ်။ ကျွေးတဲ့အခါမှာလည်း အကုန်လုံးကို တစ်ရက်တည်း ကျွေးတာမျိုး မဟုတ်ဘဲ တစ်မျိုးကို တစ်ရက် ထည့်ကျွေးသွားမယ်ဆိုရင် ခုနစ်ရက်လုံး အရွက်ကျွေးဖြစ်သွားပါပြီ။ အသီးအရွက်မျိုးစုံအပြင် ကလေးငယ်လေးတွေ စားလို့ရတဲ့ ကလေးစား ဘီစကွတ်မုန့်လေးတွေ၊ Pureeလို့ခေါ်တဲ့ ကလေးစားနိုင်တဲ့ အသီးအနှံလေးတွေကို ကျွေးလို့ရပါပြီ။ ဒါတွေကျွေးတဲ့အခါ အိမ်မှာလုပ်ပြီး ကျွေးလို့ရပါတယ်။ ဒါမှမဟုတ် Infant formula နဲ့ပြုလုပ်ထားတဲ့ ဘီစကွတ်မုန့်လေးတွေကို ကျွေးလို့ရပါတယ်။ လူကြီးတွေ စားတဲ့ ဘီစကွတ်မုန့်လေး တွေဆိုရင် လုံးဝမကျွေးသင့်ပါဘူး။ ကြက်သားဘီစကစ်မုန့်ကလည်း ဒီအရွယ်ကလေးတွေအတွက် မသင့်တော်သေးပါဘူး။

ခုနစ်လပြည့်ပြီဆိုရင် ကြက်ဥ ကျွေးလို့ရပါပြီ။ ကလေးတွေနဲ့ ကြက်ဥတည့်၊ မတည့် စမ်းရပါမယ်။ မြန်မာနိုင်ငံက ကလေးတွေအတွက် ကြက်ဥနဲ့ ဓာတ်မတည့်တာ ရှားပေမယ့် ရှိတတ်တဲ့အတွက် ကြက်ဥနဲ့ တည့်၊ မတည့် စမ်းစေချင်ပါတယ်။

စမ်းနည်းက ကြက်ဥအကာကျက်လေးလုပ်ပေးပါ။ ပထမတစ်ရက်မှာ နေ့လယ်ဆန်ပြုတ်ကျွေးပြီး နာရီဝက်ကြာတဲ့အခါ အနှစ်ကလေးကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစကျွေးလိုက်ပါ။ အဲဒီမှာ ကလေးရဲ့ တစ်ကိုယ်လုံး အနီကွက်တွေထွက်၊ မထွက် စောင့်ကြည့်ပေးရပါမယ်။ မထွက်ရင်တည့်ပါတယ်။ ဒုတိယနေ့မှာ ကြက်ဥအကာကျွေးပါ။ အနီကွက် ထွက်၊ မထွက်စောင့်ကြည့်ပါ။ မထွက်ရင်တည့်တယ်လို့ ပြောလို့ရပါတယ်။တတိယမြောက်နေ့ရောက်လာပြီဆိုရင် ကြက်ဥအကာရော အနှစ်ပါ ကျွေးလိုက်ပါ။ တည့်တယ်ဆိုရင် ကြက်ဥဓာတ်မတည့်မှုမဖြစ်တော့ပါဘူး။

နောက်တစ်နေ့မှာ မနက်မှာကျွေးတဲ့ Cereal ကို ကြက်ဥနဲ့ ရောကျွေးတာမျိုး၊ ညမှာ ကျွေးတဲ့ Cereal ကို ကြက်ဥနဲ့ ရောကျွေးတာမျိုး ဒါမှမဟုတ် ဆန်ပြုတ်တိုက်မယ်ဆိုရင် ကြက်ဥဖောက်ထည့်ပြီး ကျွေးတာမျိုးလုပ်လို့ရပါတယ်။ ကလေးက အသက် ခုနစ်လပြည့်ပြီဆိုတာနဲ့ တစ်နေ့ ကြက်ဥနှစ်လုံး ကျွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top