Healthy Life Ad
Life Style

စိတ်ဖိစီးမှုများတဲ့အခါ Gym မှာ အချိန်နှစ်နာရီလောက်ဆော့ပစ်လိုက်တယ် နန်းထရေစီ

‘ည’ဇာတ်ကားမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့တဲ့ နန်းထရေစီဟာ အသက် ၁၆ နှစ်အရွယ်ကတည်းက အနုပညာလောကထဲ ရောက်လာခဲ့သူပါ။ အခုလတ်တလောဂျပန်မှာ အနုပညာကျောင်း တက်ရောက်သင်ကြားနေတဲ့ နန်းထရေစီရဲ့ ကျန်းမာရေးနဲ့ အသားအရေထိန်းသိမ်းမှုတွေကို မျှဝေပေးလိုက်ပါတယ်။ “ညီမကတစ်ပတ်ကို လေးရက်လောက် မနက်ဆိုရင် မိနစ် ၃၀လောက် ပြေးစက်ပေါ်မှာပြေးပါတယ်။ နေ့တိုင်း ရေကို နှစ်လီတာကနေ သုံးလီတာလောက် သောက်ပါတယ်။ အသားအရေအတွက် အပြင်ထွက်ရင် နေကာ Sun Block လိမ်းပါတယ်။ အိမ်ပြန်ရင်လည်း မိတ်ကပ်ကို သေချာစနစ်တကျ သန့်စင်ပြီးမှအိပ်ပါတယ်။

ညီမမှာအထက်တန်းကျောင်းသူငယ်ချင်းဆိုပြီး သေချာမရှိခဲ့ဘူး။ ဂျပန်မှာကျောင်းတက်တော့လည်း မြန်မာသူငယ်ချင်းက မရှိဘူး။ ပြီးတော့ ဂျပန်မှာ ကျောင်းတက်တုန်းက စစချင်း ဂျပန်စကားအခက်အခဲလေးတွေ ရှိခဲ့တယ်။ အဲဒီတော့ စိတ်ဖိစီးမှုများတဲ့အခါဆိုရင် Gym မှာအချိန်နှစ်နာရီလောက် ဆော့ပစ်လိုက်တယ်။ အလေးမတာတွေ ဘာတွေလုပ်လိုက်ပါတယ်။ ညီမက အက်ရှင်မင်းသမီးဖြစ်ချင်တာဆိုတော့ ကြွက်သားတွေသိပ်မကြီးဘဲ ကျစ်ကျစ်လစ်လစ်နဲ့ သန်စွမ်းအောင် လေ့ကျင့်နေပါတယ်။

ဂျပန်မှာနေတော့ မြန်မာအစားအသောက်တွေ အရမ်းလွမ်းပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကနေ လက်ဖက်၊ ဘာလချောင်၊ လက်ဖက်ရည်စသဖြင့် သယ်သွားပါတယ်။ ကျန်းမာရေးအတွက် ကာကွယ်ဆေးတွေထိုးထားပါတယ်။ ကောင်းကောင်းအိပ်တယ်၊ ကောင်းကောင်းစားတယ် . .ဒီနည်းနဲ့ ရာသီတုပ်ကွေးမဖြစ်အောင် ဆင်ခြင်ပါတယ်။

ပရိသတ်တွေကိုပြောချင်တာက အခု ‘ည’ဇာတ်ကားရိုက်ပြီး ထရေစီဆိုတာ လက်ခံလာလို့ ကျေးဇူးတင်ပါတယ်။ ညီမ ဒီ့ထက်မက ကြိုးစားသွားပါ့မယ်။ ပြီးတော့ အခုရာသီဥတုပူတဲ့အတွက် ရေများများသောက်ကြပါ၊ ကျန်းမာရေးကောင်းအောင် ဂရုစိုက်နေထိုင်ကြပါလို့ အကြံပေးချင်ပါတယ်ရှင့်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top