Healthy Life Ad
Child

အလေးချိန်မပြည့်တဲ့ကလေး (Low birth weigh)

ဒေါက်တာတင့်ဆွေ

၁။ မင်္ဂလာပါဆရာ ဒီနေ့မနက်က ကျွန်မ အဒေါ်ဗိုက်ခွဲပြီး ကလေးမွေးဖွားပါတယ်ဆရာ။ အသက်က ၃၉ နှစ်ပါ။ ကလေးက ၄ ပေါင်ပဲ ရှိပါတယ်ဆရာ။ လလည်းစေ့ပါတယ်ဆရာ။ ကလေးအတွက် လိုအပ်တာတွေ ညွှန်ကြားပေးစေလိုပါတယ်။

၂။ သမီးအသက်က ၂၇ နှစ်ပါဆရာ။ ပေါင်မပြည့်၊ လမစေ့ဘဲ မွေးတဲ့ကလေးတွေအကြောင်း သိချင်ပါတယ်ရှင်။ ကိုယ်ဝန် ၂၈ပတ်ထဲမှာချည်း မွေးပါတယ်။ နှစ်ခါစလုံး။ ပထမတစ်ယောက်က ၂ ပေါင်နဲ့ ၇ အောင်စ။ သုံးရက်ပဲဆုံးသွား၊ ဒုတိယ မွေးတာက အမြွှာ၊ ယောကျာ်းလေးနဲ့ မိန်းကလေး၊ တစ်ယောက်ကို ၂ပေါင်နဲ့ လေးအောင်စစီရှိပါတယ်။ မိန်းကလေးက အရင်မွေးပါတယ်။ ၂ရက်နဲ့ ဆုံးသွားပါတယ်။ ယောကျာ်းလေးတစ်ယောက် ကျန်ပါတယ်။ ဖွံ့ဖြိုးမှုက သာမန်ကလေးတွေနဲ့ကွာ ခြားချက်တွေ သိချင်ပါတယ်ရှင့်။ ဆရာရေးထားတဲ့ ကလေးဖွံ့ဖြိုးမှုဇယားကို ဖတ်ပြီးပါပြီ။ နောက်တစ်ခါ သုံးခါမြောက် ကလေးထပ်ယူရင်ရော စောမွေးမှာပဲလားဆရာ။

မွေးမွေးချင်း ကိုယ်အလေးချိန် ၅ ပေါင်ခွဲ၊ ဒါမှ မဟုတ် ၂ ကေဂျီခွဲ ထက်နည်းတဲ့ကလေးကိုခေါ်တယ်။ ကလေးတွေမှာ ပျမ်းမျှ ၇ ပေါင် (၇ ဒသမ ၆ ပေါင်) ရှိရမယ်။ ကိုယ့်ကလေး အလေးချိန်မပြည့်လို့ စိတ်မပျက်ပါနဲ့။ အမေရိကားမှာ ၇% (၇ ဒသမ ၆%) ရှိတယ်။ နောက်ထပ်လည်း တိုးလာနေပါသေးတယ်။

ဘာလို့ဖြစ်ရသလဲ –
– အများဆုံးက Premature birth လမစေ့ခင် မွေးလို့ဖြစ်တယ်။ ကိုယ်ဝန် ၃၇ ပါတ် မပြည့်ခင်မွေးတာကို ဆိုလိုတယ်။

– နောက်အကြောင်းတချက်ကတော့ Intraute­rine growth restriction (IUGR) သားအိမ်ထဲမှာ ကြီးထွားမှု အကန့်အသတ်ရှိနေခဲ့လို့ဖြစ်တယ်။ ဥပမာ အချင်း၊ မိခင်ရဲ့ကျန်းမာရေး၊ ကလေးမှာ မွေးရပါရောဂါရှိတာတွေကို ဆိုလိုတယ်။ IUGR ရှိနေရင် ၃၇ပတ်ကျော်လို့ ၄၀-၄၁ ပတ် ကြမှမွေးတဲ့ ကလေးမှာလည်းဖြစ်နိုင်တယ်။ ဒီလို ကလေးကြတော့ ရုပ်ပိုင်းကောင်းပေမယ့် အားနည်းချက်ရှိနေမယ်။ လလည်းမစေ့၊ IUGR လည်းရှိတဲ့ ကလေးကြတော့ နှစ်ပိုင်းလုံးမှာ အားနည်းနေမယ်။

– Teen mothers ဆယ်ကျော်သက်ကိုယ် ဝန်တွေမှာအဖြစ်များတယ်။

– ကလေးအမြွှာ။

– မိခင်လောင်းဟာ မူးယစ်ဆေးသုံးရင်၊ အရက်သောက်ရင်၊ စီးကရက်သောက်ရင်။

– အာဟာရနည်းတဲ့မိခင်တွေကနေလည်း မွေးလာတတ်တယ်။

အဲလိုကလေးဆိုရင် သတိထားစရာတွေရှိတယ်။

– နို့စို့တာ၊ အစာကျွေးရတာခက်မယ်။

– ဖွံ့ထွားမှုနည်းမယ်။

– ကူးစက်ရောဂါတွေကို ခံနိုင်ရည်နည်းမယ်။

– အဆီလည်းနည်းလို့ ကိုယ်အပူချိန်ကိုနွေးနေ အောင်သိပ်မလုပ်နိုင်ဘူး။

– သွေးထဲမှာ အောက်စီဂျင်နည်းနေမယ်။

– အသက်ရှူတာ အားနည်းနေမယ်။

– ဦးနှောက်ထဲသွေးယိုတာ သတိထားရမယ်။ အစာလမ်းရောင်မယ်။

Sudden infant death syndrome (SIDS) ရုတ်တရက်သေဆုံးတာမျိုး ဖြစ်တတ်တယ်။
Neonatal Intensive Care Unit (NICU) အထူးကုသမှုပေးရတယ်။ အလေးချိန်တိုးလာရင် သက်သာလာမယ်။

ကိုယ်ဝန်ဆောင်အပ်ချိန်မှာ ပေကြိုးနဲ့တိုင်းပြီး အထဲကကလေးအခြေအနေကို မှန်းလို့ရတယ်။
ဆီးစပ်ထိပ်ကနေ သားအိမ် အမြင့်ဆုံးထိပ် နေရာကအထိ စင်တီမီတာဘယ်လောက်ရှိသလဲ တိုင်းတယ်။ ၅ လနောက်ပိုင်းမှာသာ လုပ်ရ တယ်။ အာလ်ထွာဆောင်းနဲ့က ပိုတိကျတယ်။

– ကိုယ်ဝန်ဆောင်ရင် အစားအသောက်လုံလောက် မျှတရပါမယ်။ စာတပုဒ်ရေးထားပါတယ်။

– အထူးခန်းမှာ မထားနိုင်ရင် ကလေးအပူငွေ့ လုံလောက်အောင်ပေးပါ။

– နို့လုံလောက်ရင် ပြွန် (ပိုက်) နဲ့တိုက်ပါ။

– ရောဂါပိုးမဝင်အောင် လူထူထပ်ရာကို ခေါ်မ သွားပါနဲ့။ ချောင်းဆိုးနှာချေနေသူတွေ အနား မလာစေပါနဲ့။ တခြားကူးစက်ရောဂါရှိသူတွေ မလာပါစေနဲ့။

– ကာကွယ်ဆေးတွေအတိအကျထိုးပေးထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top