Healthy Life Ad
Child

မိုးတွင်းကာလနှင့် ကလေးကျန်းမာရေး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးတွင်းကာလ ရောက်လာတဲ့အခါ အအေးမိ ဗိုင်းရပ်စ်ပိုး၊ ခြင်ကတစ်ဆင့် ရနိုင်တဲ့ရောဂါ၊ ရာသီတုပ်ကွေးစတာတွေကြောင့် မိဘတွေအနေနဲ့ကိုယ့် ရင်သွေးတွေရဲ့ ကျန်းမာရေးအတွက် ပူပင်သောက တွေဖြစ်ကြရပါတယ်။ ဒါကြောင့် မိုးတွင်းကာလ သင့်ကလေး ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

– တစ်ကိုယ်ရေ သန့်ရှင်းရေး
မိုးရာသီမှာ ရေကြီးတာ၊ ရွှံ့ထူတာ၊ သဲစိုတာတို့ကြောင့် မိုးထဲ၊ ရေထဲ ကျောင်းတက်ရတဲ့ ကလေးတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ မိုးမရွာတဲ့အချိန်မှာ စိုထိုင်းဆများတဲ့အတွက် ချွေးစိုနိုင်ပြီး ဖန်းဂတ်စ်မှိုစွဲတာ၊ အရေပြား အနီကွက်ထင်တာနဲ့ ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို တစ်နေ့အနည်းဆုံးတစ်ကြိမ် ရေချိုးပြီး သန့်ရှင်းရေးလုပ်ပေးပါ။ ချိုးရေထဲမှာ တမာဆီအစက်အနည်းငယ်ထည့်ပေးရင် ပိုးသေစေတဲ့ အာနိသင်ကိုရရှိစေပါတယ်။

ကလေးကို အိမ်သာတက်ပြီးတဲ့အခါနဲ့ အစာမစားခင် လက်တွေကိုသေချာဆေးကြောဖို့ သင်ကြားထားပါ။ လက်သည်းတွေကို ခပ်တိုတိုညှပ် ပေးထားပြီး သန့်ရှင်းအောင်ထားဖို့ သင်ကြားပါ။

– အစားအသောက်
ကလေးကိုအစာကျွေးတဲ့အခါ ပူနွေးတဲ့အစာ ကိုအမြဲကျွေးပါ။ ကျိုချက်ထားတဲ့ ရေ ဒါမှမဟုတ် ရေသန့်ကိုပဲတိုက်ပါ။ ကျောင်းသွားတဲ့အခါ ရေဘူး နဲ့ထမင်းဘူး ထည့်ပေးလိုက်ပါ။ အဆင်သင့်အစာနဲ့ အချိုရည်တွေကို တတ်နိုင်သမျှ မစားပါစေနဲ့။ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တဲ့ ရာသီ ဖြစ်လို့ ယင်နားစာတွေကို ရှောင်သင့်ပါတယ်။

– အဝတ်အစား
ကလေးကိုချွေးစုပ်လွယ်တဲ့ ချည်သားအဝတ် အစားကိုဝတ်ဆင်ပေးပြီး အရေပြားမှာ လေဝင်လေ ထွက်ကောင်းအောင်ထားပါ။ နိုင်လွန်အဝတ်အစားကို တတ်နိုင်သမျှမဝတ်ပေးပါနဲ့။ အဝတ်အစားတွေ စိုထိုင်းနေရင် ဖန်းဂတ်စ်ပိုးဝင်မှုဖြစ်စေနိုင်ပါတယ်။ မိုးစိုနေရင် အဝတ်အစားကို ချက်ချင်းလဲခိုင်းပါ။ မဟုတ်ရင် အအေးမိဝေဒနာရလွယ်စေပါတယ်။ မိတ်မပေါက်စေဖို့ ကလေးရဲ့အရေပြားကို အမြဲ ခြောက်သွေ့အောင်ထားပါ။

– ခြင်အန္တရာယ်
နေ့ခင်းဘက်မှာ ကလေးရဲ့အရေပြားတတ် နိုင်သမျှ လုံခြုံစေမယ့် အဝတ်အစားဝတ်ဆင်ပေးပါ။ ဒါမှ ခြင်မကိုက်အောင် ကာကွယ်နိုင်မှာဖြစ်ပါ တယ်။ ဖြစ်နိုင်ရင် ခြင်ပြေးလိမ်းဆေးကို လိမ်းပေးထားပါ။ သင့်ကလေးက ကျောင်းနေအရွယ်ဖြစ်ရင် မိုးကာအင်္ကျီ၊ ကျောင်းလွယ်အိတ်၊ ခြေအိတ်အစ ရှိတဲ့ အသုံးအဆောင်အားလုံး ခြောက်သွေ့သန့်ရှင်းနေဖို့လိုပါတယ်။

– ပတ်ဝန်းကျင် သန့်ရှင်းရေး
မိုးတွင်းကာလမှာဖြစ်တတ်တဲ့ နာမကျန်းမှုထဲ မှာခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား အစရှိတာတွေကို ရှောင်လွှဲနိုင်ဖို့ သင့်အိမ်နဲ့ပတ် ဝန်းကျင်က သန့်ရှင်းနေဖို့လိုပါတယ်။ မြောင်းတွေ ကိုဖော်ပြီး ရေဆိုးရေညစ်နဲ့ ရေသေတွေအောင်းမ နေဖို့ပတ်ဝန်းကျင်ကိုသန့်ရှင်းရေးလုပ်ပါ။ ကလေးက ဘယ်အချိန်မှာ အိပ်အိပ်၊ ခြင်ထောင်နဲ့ သိပ်ဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top