Healthy Life Ad
Child

ကျောင်းနေအရွယ် ကလေးငယ် စိတ်ဖိစီးမှုများလျှင် တွေ့ရတတ်သည့် လက္ခဏာ ၁၁ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတွေက စိတ်ဖိစီးမှုများနေတယ်ဆိုတာကို ဖွင့်ဟပြောပြလေ့မရှိတတ်ပါဘူး။ ကျောင်းမှာ၊ သူငယ်ချင်းတွေကြားမှာနဲ့ အိမ်မှာအဆင်မပြေမှုတစ်ခုခုကြောင့် စိတ်ဖိစီးမှုဖြစ်လာခဲ့ရင် ကလေးတွေရဲ့ကိုယ်၊ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအခါမှာ အောက်ပါလက္ခဏာတွေ ပြသတတ်တာ သတိပြုစရာပါ။

(၁) မကြာခဏ အအေးမိခြင်း

စိတ်ဖိစီးမှုကို ကြာရှည်ခံစားရတာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ထိခိုက်ပြီး အအေးမိတာနဲ့ ကူးစက်ပိုးဝင်တာတွေ ပိုဖြစ်လွယ်လာပါတယ်။ ဒါကြောင့် ကလေးအနေနဲ့ လှုပ်ရှားမှုများများလုပ်တာ၊ အာဟာရရှိတဲ့ အစားအစာများများစားတာ၊ အိပ်ရေးဝ၀အိပ်တာနဲ့ လွတ်လွတ်လပ်လပ် ကစားတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ကလေးကို လက်ညစ်ပတ်တိုင်း လက်ကိုဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောသန့်စင်ဖို့ သင်ပေးထားပါ။ ကျောင်းမှာလက်ဆေးနိုင်အောင် ရေမလိုတဲ့ လက်ဆေးဆပ်ပြာဂျဲလ်ကို ထည့်ပေးလိုက်ပါ။

(၂) ခေါင်းကိုက်ခြင်း

ကလေးတွေလည်းလူကြီးတွေလိုပါပဲ။ စိတ်ဖိစီးမှုများလာရင် ခေါင်းကိုက်ရတတ်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အသက် ၈-၁၇နှစ်အရွယ် ကလေး ၂၅ ဦးကိုလေ့လာခဲ့တဲ့အခါ စိတ်ဖိစီးမှုခံစားရတိုင်း ခေါင်းကိုက်တဲ့ဝေဒနာ ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။ ကလေးခေါင်းကိုက်နေရင် ကြက်သီးနွေးရေချိုးခိုင်းတာ၊ နှိပ်ပေးတာတွေကို ပြုလုပ်ပေးပါ။ ပြီးရင် အိပ်ရေးဝ၀ အိပ်ပါစေ။

(၃) နာတာရှည်ရောဂါများ ပိုဆိုးခြင်း

ကလေးမှာ ပန်းနာရင်ကျပ်ရောဂါနဲ့ အူလှုပ်ရှားမှုဆိုင်ရာ ပြဿနာ (Irritable Bowel Syndrome) ဖြစ်နေရင် စိတ်ဖိစီးမှုကြောင့် ရောဂါပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စဉ်ကို တိုးစေလို့ပါ။

(၄) အစာစားချင်စိတ်အပြောင်းအလဲ

စိတ်ဖိစီးမှုကြောင့် သင့်ကလေးရဲ့ အစာစားတဲ့ပုံစံက ပြောင်းလဲသွားတတ်ပါတယ်။ အစာအများကြီး စားတတ်တဲ့ပုံစံကနေ ရုတ်တရက်အစားနည်းသွားတာ၊ အရင်ကကြိုက်တဲ့အစာတွေကို လုံးဝမကြိုက်တော့တာ .. ဒီလိုအစာစားချင်စိတ် အပြောင်းအလဲဖြစ်ရတာက စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ပါတယ်။ မိသားစု စုံညီအစာစားရင်း ကလေးကို ကျောင်းတွင်းလှုပ်ရှားမှုတွေအကြောင်း မေးမြန်းပါ။ ကျောင်းမှာအဆင်မပြေဖြစ်နေရင် သင့်အနေနဲ့ ကလေးကို နှစ်သိမ့်အားပေးတာ၊ ကျောင်းကဆရာမနဲ့ တွေ့ဆုံတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

(၅) အိပ်မပျော်ခြင်း

ကလေးက အိပ်မပျော်ရင် စိတ်ဖိစီးမှုများနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်ခိုင်းပါ။ စိတ်ဖိစီးမှုကို ပြေလျော့စေသလို ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ ကလေးအိပ်ရာဝင်ချိန်မှာ သီချင်းဆိုပြတာ၊ ပုံပြင်ပြောပြတာတွေကို လုပ်ဆောင်ပေးပါ။

(၆) သွားကြိတ်ခြင်း

ကလေးတွေဟာ စိတ်ဖိစီးမှုများရင် ဒါမှမဟုတ် နာမကျန်းဖြစ်နေရင် သွားကြိတ်တာ၊ အံကြိတ်တာတွေ ဖြစ်တတ်ပါတယ်။ ညဘက်မှာ သင့်ကလေးဟာ အံကြိတ်တာ၊ သွားကြိတ်တာဖြစ်တာကြာနေရင် သွားဆရာဝန်နဲ့ ပြပေးဖို့လိုပါတယ်။

(၇) ဗိုက်အောင့်ခြင်း

ကလေးကကျောင်းဖွင့်ရက်တွေမှာ ဗိုက်အောင့်တယ်လို့ပြောနေရင် ကျောင်းသွားရမှာကြောက်တဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ အစာကို ပုံမှန်စားပြီး ပုံမှန်ကစား၊ ပုံမှန်အိပ်ကာ ဝမ်းလျှောတာ၊ အန်တာ၊ ဝမ်းချုပ်တာတွေ မဖြစ်ဘူးဆိုရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။

(၈) ကိုက်ခဲနာကျင်ခြင်း

ကလေးတွေက စိတ်ဖိစီးမှုများလာတဲ့အခါ ကိုက်ခဲနာကျင်မှုဖြစ်ကြောင်း ပြောတတ်ပါတယ်။ ကျောင်းမှာ စိတ်ဖိစီးမှုဖြစ်တာကြောင့် အသက် ၁၀- ၁၈နှစ်ကြား ကလေးတွေက ကိုက်ခဲနာကျင်မှုအဖြစ်များတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကလေးရဲ့ ကိုက်ခဲနာကျင်မှုလျော့ပါးအောင် နှိပ်ပေးသင့်ပါတယ်။

(၉) အိပ်မက်ဆိုးမက်ခြင်း

အိပ်မက်ဆိုးမက်တာကလည်း ကလေးတွေမှာ အဖြစ်များပါတယ်။ ကလေးဟာ ညဘက်မှာ ထိတ်လန့်စရာ တီဗီဇာတ်လမ်းတွေကို ကြည့်ထားရင် အိပ်မက်ဆိုးမက်တတ်ပါတယ်။ ကလေးက အိပ်မက်ဆိုး မကြာခဏမက်နေရင်၊ အိပ်မက်ဆိုးကြောင့် အိပ်ရေးပျက်နေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၁၀) ဆံပင်များ ဆွဲနုတ်နေခြင်း

ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဆံပင်တွေကိုဆွဲနုတ်နေတာက စိတ်ဖိစီးမှုနဲ့ဆက်စပ် နေတတ်ပါတယ်။ ကလေးမှာ ဆံပင်ဆွဲနုတ်တဲ့အကျင့်ရှိနေရင် ကျောင်းမှာ စိတ်ဖိစီးစရာကိစ္စရှိနေသလားဆိုတာ ဆန်းစစ်ကြည့်ပါ။ သူ့ပတ်ဝန်းကျင်ကို စိတ်အေးလက်အေးရှိတဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးပါ။ မိဘကွဲထားတဲ့ ကလေးတွေ၊ ကျောင်းမှာ သူငယ်ချင်းတွေ အနိုင်ကျင့်ခံရတဲ့ ကလေးတွေက ဒီလို ကိုယ့်ဆံပင်ကို ဆွဲနုတ်နေတဲ့ အမူအကျင့်မျိုး ရှိတတ်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

(၁၁) တစ်ချိန်လုံး ပင်ပန်းနေခြင်း

ကလေးက အိပ်ရေးဝ၀အိပ်ပေမယ့် ပင်ပန်းနေတယ်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ ကလေးရဲ့စိတ်က ပင်ပန်းနေတာကြောင့် တစ်ချိန်လုံးပင်ပန်းနေရတာမျိုး ဖြစ်နိုင်လို့ပါ။ ကလေးကို အာဟာရပြည့်ဝအောင်ကျွေးပြီး အိပ်ရေးဝ၀ အိပ်စက်အနားယူခိုင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top