Healthy Life Ad
Q & A

အာဟာရဆိုင်ရာ အမေးအဖြေများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး။ ။ ချင်း(ဂျင်း)စားပေးရင် တုပ်ကွေးမဖြစ်လွယ်ဘူးလို့ ဆိုကြပါတယ်။ မှန်ပါသလား။
ဖြေ။ ။ အခုလို တုပ်ကွေး၊ အအေးမိဝေဒနာ အဖြစ်များတဲ့ ရာသီမှာ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)စတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေကို များများစားပေးသင့်ပါတယ်။ ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေ တဲ့အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစားကောင်းပါတယ်။ စားပေးသင့်ပါတယ်။

မေး။ ။ တညင်းသီးကို ဘယ်လိုစားရင် ဘေးအနည်းဆုံးဖြစ်စေနိုင်ပါသလဲ။
ဖြေ။ ။ အခုမိုးရာသီရောက်တဲ့အခါ လူအများက တညင်းသီးတွေ အများကြီးစားကြပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ တညင်းသီးကို မစားသင့်ဘူးလို့ပဲပြောချင်ပါတယ်။ တညင်းသီးမှာ လူတွေအတွက် ကောင်းကျိုးမပေးနိုင်ဘဲ တညင်းသီးမှာပါတဲ့ ဂျန်ကောလစ်အက်ဆစ် ဆိုတာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ ဂျန်ကောလစ်အက်ဆစ်က ခန္ဓာ ကိုယ်ထဲရောက်ပြီး ကျောက်ကပ်ကနေ စွန့်ထုတ်ရမယ့်အခါမှာ များသောအားဖြင့် သွေးကြောသေးသေးလေးတွေကို ပေါက်သွားစေပါတယ်။ ဒါကြောင့် တညင်းသီးများများ စားလိုက်တဲ့အခါ တချို့လူတွေ မှာ ကျောက်ကပ်နေရာအောင့်တာ၊ ဆီးသွားတဲ့အခါ သွေးတွေ အများကြီးထွက်တာတို့ဖြစ်ပြီး ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် တညင်းသီးကို မစားနဲ့လို့ အကြံပြုချင်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေက တညင်းသီးကြိုက်လို့ စားချင်တော့ ဘယ်လိုနည်းနဲ့ အဆိပ်လျှော့စားရင်ရမလဲလို့ မေးကြပါတယ်။ အဲဒီအခါ ပြောရမယ်ဆိုရင် ထန်းလျက်နဲ့ တညင်းသီးကိုကျိုလိုက်ရင် သူ့ထဲမှာပါတဲ့ အဆိပ်အတောက်တွေက ထန်းလျက်က စုပ်ယူသွားပြီး လျော့သွားမယ်လို့ လူအတော်များများ လက်ခံထားကြတယ်။ ဒါပေမဲ့ သုတေသနတွေက သေသေချာချာ ပြုလုပ်ထားတာ မရှိသေးပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက်ဖြစ်နိုင်ရင် မစားပါနဲ့လို့ပဲ အကြံပြုချင်ပါတယ်။

မေး။ ။ နှလုံးကျန်းမာအောင် ဘယ်လိုစားသောက်သင့်ပါသလဲ။
ဖြေ။ ။ နှလုံးကျန်းမာအောင် အဆီများတဲ့ အစာတွေ ဆင်ခြင်ရပါမယ်။ အထူးသဖြင့် တိရစ္ဆာန်အဆီ (ဥပမာ ဝက်ဆီ၊ ဘဲသားအဆီ၊ ဆိတ်သား အဆီ) စတာတွေကို ရှောင်ရပါမယ်။ အုန်းသီးနဲ့ လုပ်ထားတဲ့ မုန့်ပဲ သရေစာတွေကိုအထူးဆင်ခြင်ရပါမယ်။ အဆီအနှစ်များတဲ့ အုန်းထမင်း၊ ဒန်ပေါက်၊ ထောပတ်ထမင်း စတာတွေကို ဆင်ခြင်ရပါမယ်။ နောက်တစ်မျိုးက ထပ်ပြန်ကြော်ဆီနဲ့ကြော်ထားတဲ့ အကြော်စုံတွေကို တတ်နိုင်သမျှဆင်ခြင်ရပါမယ်။

မာဂျရင်းထောပတ်တွေကို ကြိုက်တယ်ဆိုတိုင်း အလွန်အကျွံမစားသင့်ပါဘူး။ အသားစားတဲ့အခါ အဆီတွေက ရောပါသွားတဲ့အတွက် တစ်ခါစားရင် နှစ်တုံးထက်ပိုမစားသင့်ပါဘူး။ ကိုလက်စထရောများနေရင် ကြက်ဥအနှစ်တွေကို တတ်နိုင်သမျှ လျှော့စားရပါမယ်။ လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးရပါမယ်။ အထူးသဖြင့် အစာစားပြီးချိန်မှာ ၁၅ မိနစ် အချိန်ပေးပြီး လမ်းလျှောက် ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top