Healthy Life Ad
Child

ကလေး အဖျားကြီး၍တက်ခြင်း

ဒေါက်တာသီရိ (MBBS,MPH,DCH)

အသက်ခြောက်လမှ ခြောက်နှစ်ကြား ကလေးတွေမှာ အဖျားကြီးပြီးတတ်ခြင်း ဖြစ်တတ်ပါတယ်။ ကလေးအယောက်၃၀မှာ တစ်ယောက်လောက် ဖြစ်လေ့ရှိပြီး အများအားဖြင့် ဘေးဥပဒ်အန္တရာယ် မရှိသလိုဦးနှောက်ကိုထိခိုက်တာမျိုးလည်းမရှိပါဘူး။ ဒါပေမဲ့ ကလေးတက်သွားတာကို မြင်သိလိုက်ရတဲ့ မိဘတွေအတွက်တော့အရမ်းကိုစိတ်ပူပြီး ခြေမကိုင်မိလက်မကိုင်မိ အခြေအနေမျိုးပါပဲ။

အဖျားကြီးတယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာမှာ ရောဂါပိုးတစ်ခုခုဝင်နေတာကို ပြတာပါ။ အများအားဖြင့် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေဝင်တတ်ပါတယ်။ အဖျားကြီးတာနဲ့ ရောဂါဆိုးရွားပြင်းထန်တာနဲ့ တိုက်ရိုက်မသက်ဆိုင်တတ်ပါဘူး။

အပူချိန် ၁၀ဝ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်နဲ့ အထက် ဖြစ်ရင်တော့ တချို့ကလေးတွေမှာ တက်တာမျိုး ဖြစ်တတ်ပါတယ်။

ဘာလို့ဖြစ်တာလဲ
ဖြစ်ရတဲ့အကြောင်းအရင်းကို အခုချိန်ထိ သေချာ ရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။ မျိုးရိုးနဲ့ဆိုင်တယ်လို့လည်း တချို့သုတေသနတွေက ရှင်းကြပါတယ်။ မိဘမောင်နှမတွေထဲမှာ ရောဂါဖြစ်ဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ တချို့ကလေးကလေးတွေမှာ တစ်သက်လုံးမှာတစ်ခါလောက်ပဲဖြစ်ပြီး တချို့ကလေး တွေမှာတော့ အဖျားကြီးတိုင်းပြန်ပြီး ဖြစ်တတ်ပါတယ်။

ဘာတွေဖြစ်မလဲ
ကလေးလေးက ရုတ်တရတ်ခေါ်မရ၊ မျက်ဖြူလန်၊ သတိလစ်မယ်။ ကြွက်သားတွေတောင့်တင်းသွားမယ်။ အကြောလိုက်မယ်။ ကလေးမျက်နှာနီ၊ ပြာနှမ်းသွားနိုင်တယ်။
တက်နေတဲ့ အချိန်မှာအန်၊ပါးစပ်ထဲက အမြှုပ်တွေထွက်လာနိုင်ပါတယ်။
တက်တာရပ်သွားရင် ကလေးက သတိပြန်ရလာပါမယ်။ တချို့ကလေးတွေကတော့ ပင်ပန်းပြီး တစ်နာရီလောက်ကြာတဲ့အထိ အိပ်ပျော်သွားနိုင်ကာ တချို့ကလေးတွေက မိနစ်အနည်းငယ်ကြာ ဂျီကျ နေတတ်ပါတယ်။

တက်တဲ့အချိန် ဘယ်လောက်ကြာတတ်လဲ
ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ တချို့က တစ်မိနစ်-နှစ်မိနစ်လောက်ပဲကြာတတ်ပြီး တချို့ကတော့ မိနစ် ၂၀ လောက်အထိ ကြာတတ်ပါတယ်။

တက်နေချိန် ဘာတွေလုပ်ပေးမလဲ

ကလေးတက်တာ ရပ်သွားအောင် ဘာမှလုပ်လို့ မရပါဘူး။ အရေးကြီးဆုံးအချက်က တည်တည် ငြိမ်ငြိမ်ရှိနေဖို့ပါ။

ကလေးကို မွေ့ရာ၊စောင်ထူထူလို ပျော့ပျောင်း တဲ့မျက်နှာပြင်ရှိတဲ့ ကလေးပြုတ်မကျနိုင်တဲ့နေရာမှာထားပါ။

ကလေးကို ဘေးတစောင်းလေးထားပေးပါ။ ဘယ်အချိန်စဖြစ်တာလဲမှတ်ပါ။ စုစုပေါင်း ဘယ်လောက် ကြာလဲ မှတ်ပါ။

ဘယ်လိုပုံစံမျိုးတက်တာလဲမှတ်ပါ။ တစ်ကိုယ်လုံးတောင့်တင်းသွားလား၊ ခြေလက်တစ်ဖက်တည်း အကြောဆွဲနေတာမျိုးလား ကြည့်ပါ။ဆရာဝန်ဆီရောက်တဲ့အချိန်ကလေးက တက်တာမရှိတော့ရင် ဒီအချက်တွေက ဆရာဝန်အတွက်ဖြစ်နိုင်ခြေကို စဉ်းစားဖို့နဲ့ ဆက်လက်ကုသမှုပေးဖို့အတွက် အရမ်းအရေးပါပါတယ်။

တက်နေတဲ့ကလေးကို အတင်းချုပ်ထားတာမျိုး၊ ခြေမချိုး လက်မချိုးတွေမလုပ်ပါနဲ့။

ကလေးပါးစပ်ထဲကိုဘာမှမထည့်ပါနဲ့။

ကလေးကိုတက်နေစဉ်အတွင်း ရေချိုးပေးတာ ရေလောင်းချတာမျိုး လုံးဝမလုပ်ပါနဲ့။တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့အမြန်ဆုံး ပြပြီး အကြံဉာဏ်ယူပါ။

တက်ပြီးစ ကလေးကို ဘာတွေလုပ် ပေးမလဲ
တချို့ကလေးတွေအတွက် မိနစ်များစွာတက်ပြီးတဲ့အခါ တက်ရတဲ့အကြောင်းအရင်းနဲ့ အဖျားကြီး ရတဲ့အကြောင်းရင်းကိုရှာဖို့ ဆေးရုံမှာစောင့်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။
“ကျွန်မကလေးဖျားနေတယ်၊ အရင် တစ်ခါလို တက်ဦးမှာလား”လို့ မိခင်တွေမေးလေ့ရှိပါတယ်။အဖျားကြီးပြီး တက်ဖူးတဲ့ ကလေးတွေက တခြားကလေးတွေထက် နောက်တစ်ခေါက်ပြန်ဖြစ်နိုင်ခြေ ပိုများပါတယ်။

အဲဒါဆို ဘာလုပ်ရမလဲ
ကလေးအဖျားကျအောင် ပါရာစီတမောကို ခြောက်နာရီခြား တစ်ခါတိုက်ပါ။ ရေပတ်တိုက်ပေးပါ။ ဒါပေမဲ့ ပါရာစီတမောပေးတာဟာ အဖျားကျအောင်ပေးတာပါ။ မတက်အောင်ကာကွယ်တာ မဟုတ်ပါဘူး။ ကလေးကို မတက်အောင် ကြိုတင်ကာကွယ်တဲ့ ဆေးတွေ ပေးလေ့မရှိပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးကပိုများလို့ပါ။

မှတ်သားရန်အချက်များ
အဖျားကြီးပြီး တက်တဲ့ကလေးအများစုမှာ တခြား ကျန်းမာရေးပြဿနာ ဘာမှမရှိဘဲ အသက် ခြောက်နှစ်လောက်မှာ တက်တာလည်း ပျောက်သွားလေ့ရှိပါတယ်။
အကယ်၍ သင့်ကလေးက အကြာကြီးနဲ့ မကြာခဏတက်ရင်တော့ ကလေးအထူးကုနဲ့သေချာပြပြီး တခြားရောဂါတွေကို ရှာဖွေဖို့လိုပါတယ်။

Ref; 1. Febrile convulsions in children. Kids health info. Royal Children’s Hospital. Melbourne. Australia.
2. Febrile seizures. NHS choices. UK.
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top