Healthy Life Ad
Life Style

ကေခိုင်နှင်းရဲ့ ကလေးမွေးပြီး ကိုယ်အလေးချိန်လျှော့ချနည်း

မယ်မြန်မာကေခိုင်နှင်းဟာ အိမ်ထောင်ကျ၊ ကလေးနှစ်ယောက်မွေးပြီးချိန်မှာ ကိုယ်အလေးချိန်မြင့်တက်လာခဲ့ပေမယ့် အခုဆိုရင် လှပကြော့ရှင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပါပြီ။ ဒါကြောင့် သူဘယ်လို ကိုယ်အလေးချိန်ထိန်းခဲ့သလဲ၊ အလှအပအတွက် ဘယ်လိုနေထိုင်စားသောက်နေသလဲဆိုတာကို တခြားအမျိုးသမီးကြီးငယ်မရွေး သိရှိနားလည်စေချင်တာကြောင့် မျှဝေလိုက်ပါတယ်။

– တချို့မိန်းကလေးတွေက အိမ်ထောင်ကျပြီးသွားရင် အလှအပကို သိပ်မပြင်ချင်ကြတော့တဲ့အပေါ် ဘယ်လိုမြင်လဲ။

အလှအပကို ဂရုမစိုက်တာကျတော့ သိပ်သဘောမကျဘူး။ မိန်းကလေးဆိုတာအရွယ်သုံးပါးမရွေး လှချင်ကြတယ်။ ရှေးစကားပုံလည်းရှိတယ်။ မိန်းကလေးတစ်ယောက်ရဲ့အလှက အဆင်းပေါ့နော်။ အခုခေတ်ကတော့ အဆင်းရောအချင်းရောရှိတဲ့ မိန်းကလေးတွေအများကြီးပဲ။ ဘယ်အရွယ်မဆို လှချင်တယ်။ မွေးကတည်းကပါလာတဲ့အလှကို ပြုပြုပြင်ပြင်၊ ထိန်းထိန်းသိမ်းသိမ်းနေမယ်ဆိုရင် အရွယ်သုံးပါးစလုံး လှနေမှာပါ။

– သားသမီးရောရှိလား။

သားသမီးနှစ်ယောက်ရှိပါတယ်။ သားသားက ကိုးနှစ်ပါ။ သမီးလေးက ခြောက်နှစ်ပါ။

– ခန္ဓာကိုယ်ကို ဘယ်လိုများထိန်းထားလဲ။

အပျိုတုန်းကတော့ ပိန်တယ်။ သားသားမွေးပြီးတော့ နည်းနည်းဝလာတယ်။ ပြန်ထိန်းတော့ သိပ်မသိသာဘူး။ ဒုတိယကိုယ်ဝန်မှာ အသက်လည်း ၃၀ ကျော်သွားပြီဆိုတော့ တော်တော်ထိန်းရခက်ပါတယ်။ အိမ်ထောင်မှုထိန်းရတာနဲ့ သားသမီးတွေ ကြည့်ရတာနဲ့ဆိုတော့ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ဘူး။ အဲဒါကြောင့် အစားနဲ့ထိန်းတယ်။ အဓိကက အဆီတွေ၊ အချိုတွေရှောင်တယ်။ အခုအိမ်ထောင်သည်ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ Gym ဆော့ဖြစ်နေတယ်။ တစ်နေ့ကို ၂နာရီ Gym ဆော့ပါတယ်။

– အစားအသောက်နဲ့ ထိန်းတဲ့ပုံလေးပြောပြပါဦး။

အစ်မက အပြုတ်တွေစားတာများတယ်။ စပြီး ဝိတ်ချတုန်းက စားစရာတွေအကုန်လုံးကို လျှော့ပစ်တာ။ ရေသောက်တယ်။ အိပ်ရေးဝ၀အိပ်တယ်။ အဲဒါမျိုးတွေတော့ ဂရုစိုက်တယ်။ ကိုယ်လိုချင်တဲ့ ကိုယ်လုံးအနေအထားလေးရပြီဆိုတဲ့အချိန် Gym လည်း ပြန်ဆော့တဲ့အချိန်မှာ အသားနည်းနည်းစားတယ်။ ဖြည့်စွက်စာအနေနဲ့ပဲစားတယ်။

– ကလေးတွေကိုရော ဘယ်လိုအချိန်ပေးပြီး စောင့်ရှောက်ဖြစ်လဲ။

သားသမီးတွေကို အချိန်ပေးပါတယ်။ အရင်ကတော့ မိခင်တစ်ယောက်အနေနဲ့ အပြည့်အဝတာဝန်ယူတယ်။ အခုကြတော့ ပြိုင်ပွဲသွားမယ်ဆိုတော့ အစမပြိုင်ခင်ကတည်းက နှစ်ဖက်မိဘတွေကို ခွင့်တောင်းတယ်။ သားသမီးတွေအပေါ်လည်း မလစ်ဟင်းချင်ဘူး။ ပြိုင်ပွဲကိုလည်း အာရုံစိုက်ချင်တော့ သားသမီးတွေကိုလည်း သေချာပြောထားတယ်။ မေမေမရှိလို့ အိမ်စာမလုပ်ဘူးဆိုတာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ရပါတယ်။ အစားဆိုလည်း ကိုယ်ကျွေးမှစားတာမျိုးမဟုတ်အောင်၊ အစားကြေးမများအောင် အစကတည်းက လေ့ကျင့်ပေးထားတဲ့အတွက် အရမ်းတော့မခက်ခဲပါဘူး။ အမေက ဒီလိုလုပ်နေလို့ သူတို့ကို ဂရုမစိုက်ဘူးဆိုတဲ့ စိတ်မျိုးမဖြစ်အောင်၊ စိတ်အားမငယ်အောင်တော့ ဂရုစိုက်ပါတယ်။

– တခြားအိမ်ထောင်သည် အမျိုးသမီးတွေအတွက်လည်း အကြံပြုစကားလေး ပြောပေးပါဦး။

အိမ်ထောင်ကျသွားပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပစ်မထားပါနဲ့။ အိမ်ထောင်သည်ရယ်၊ အပျိုရယ် ခွဲခြားမနေဘဲ အိမ်ထောင်ရှင်လည်း လှခွင့်ရှိပါတယ်။ နေရာ၊ အချိန်အခါကိုလိုက်ပြီး ဝတ်စားဆင်ယင်တတ်မယ်၊ ပြင်ဆင်၊ ဆင်ယင်၊ ထုံးဖွဲ့တတ်မယ်ဆိုရင် ဘယ်နေရာမဆို၊ ဘယ်အချိန်မဆို အမြဲတမ်းလှနေမယ့် အမျိုးသမီးတစ်ယောက်ဖြစ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top