Healthy Life Ad
Child

ကျောင်းတက်နေတဲ့ ကလေးကို ဘယ်လိုသရေစာ ထည့်ပေးသင့်သလဲ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး. အခုဆိုရင် ကလေးတွေကျောင်းဖွင့်တော့ နေ့လယ်စာထမင်းဘူးအပြင် သရေစာမုန့်လေးတွေပါ ထည့်ပေးရပါတယ်။ မုန့်ဖိုးလည်း မပေးချင်သေးဘူးလေ။ အဲဒါ ဘယ်လိုသရေစာတွေကို ထည့်ပေးသင့်ပါသလဲ။ ဘယ်လို မုန့်ပဲသရေစာက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါသလဲရှင်။
မဝင့်ဝါမော်၊ တောင်ဥက္ကလာ။

ဖြေ. အခုဆိုရင် ကျောင်းဖွင့်တဲ့ ရာသီရောက်သွားပြီ။ ကျောင်းဖွင့်တဲ့ရက်တွေမှာ ကလေးတွေကို မိခင်တွေက နေ့လယ်စာထမင်းဘူး (Lunch Box)တွေ ထည့်ပေးကြတယ်။ ပြီးရင် မုန့်လေးတွေထည့်ပေးကြတယ်။ အဲဒီလို သရေစာထည့်ပေးတဲ့အခါ ဖြစ်နိုင်ရင် ပေါင်မုန့်ထည့်ပေးစေချင်ပါတယ်။

– အိမ်လုပ်ဆင်းဒဝှစ်ချ်ပေါင်မုန့်

ပေါင်မုန့်ကို ဆင်းဒဝှစ်ချ်လိုလုပ်ပြီး ထည့်ပေးစေချင်ပါတယ်။ အိမ်မှာပဲ ကြက်သားပဲဖြစ်ဖြစ်၊ ဝက်သားပဲဖြစ်ဖြစ် တောက်တောက်စင်းပြီး ကြော်လိုက်ပါ၊ ပြီးရင် ပေါင်မုန့်လေးထဲမှာ သခွားသီးစိတ်၊ ဆလတ်ရွက်နဲ့အတူ ညှပ်ပေးလိုက်တာမျိုး လုပ်ပေးလိုက်ပါ။

– သစ်သီးစိတ်လေးများ

သစ်သီးစိတ်လေးတွေ ထည့်ပေးပါ။ ကလေးတွေ ငယ်ငယ်ကတည်းက အသီးလေးတွေကို ကြိုက်နှစ်သက်စွာ စားတတ်တဲ့အကျင့်ရှိအောင် ငှက်ပျောသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မာလကာသီး၊ စပျစ်သီးစသဖြင့် အသီးတစ်မျိုးမဟုတ်တစ်မျိုး ထည့်ပေးစေချင်ပါတယ်။

– နို့ဘူး

ကလေးငယ်တွေကို နွားနို့ဘူးလေးတွေထည့်ပေးတာ၊ ကြီးတဲ့ကလေးတွေဆိုရင် မိုင်လို၊ အိုဗာတင်းဘူးလေးတွေ ထည့်ပေးတာတို့ လုပ်ပေးသင့်ပါတယ်။

– ရေ

မဖြစ်မနေ ထည့်ပေးသင့်တာက ရေဘူးပါ။ ကလေးတွေ ရေသန့်သောက်ဖြစ်အောင် ရေဘူးကို ထည့်ပေးရပါမယ်။

– မြန်မာမုန့်ပဲသရေစာများ

မြန်မာမုန့်တွေဖြစ်တဲ့ ကန်စွန်းဥလေး ပြုတ်ထည့်ပေးတာ၊ ပြောင်းဖူးပြုတ် ထည့်ပေးတာတို့ကို လုပ်ပေးပါ။ ပြောင်းဖူးပြုတ်ဆိုရင် ချိုးပြီးထည့်ပေးတာပဲဖြစ်ဖြစ်၊ ပြောင်းဖူးစေ့လေးတွေကို ခြွေပြီးထည့်ပေးတာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးသင့်ပါတယ်။ ဘိန်းမုန့်ပူပူလေးစားတာကလည်း ကလေးတွေအတွက် သင့်တော်ပါတယ်။

– ရှောင်သင့်သည့် မုန့်ပဲသရေစာများ

တရုတ်ကလာတဲ့ မုန့်တချို့၊ သကြားလုံး၊ ချိုချဉ်၊ အချိုရည် စတာတွေကိုတော့ ကလေးတွေကို သရေစာအဖြစ် မထည့်ပေးစေချင်ပါဘူး။ ဒါတွေက များသောအားဖြင့် အာဟာရဓာတ် မပါဝင်တဲ့အပြင် ကယ်လိုရီများတာပဲ အဖတ်တင်ပါတယ်။ ပြီးတော့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့လည်း ပြောလို့မရတာကြောင့် ဆင်ခြင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top