Healthy Life Ad
Child

မိုးရာသီတွင် အဖြစ်များသည့် အရေပြား မှိုစွဲ ပြဿနာများ

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မိုးရာသီမှာ သတိထားရမယ့် အရေပြားမှိုစွဲရောဂါတွေအကြောင်းကို သိပါရစေ ဆရာမ။
ဖြေ ။ မိုးတွင်းမှာ နွေရာသီရဲ ့ ပူပြင်းလှတဲ့ အပူချိန် လျော့သွားတာကို ခံစားကြရပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင် ပြောင်းလဲမှုဒဏ်ကို အရေပြားက ခံစားရပါတယ်။ အဲဒီအခါ မိုးတွင်းမှာ မှိုပိုးဝင်တဲ့ အရေပြား ရောဂါတွေ ဖြစ်လာပါတော့တယ်။

မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေက ရာသီမရွေး ဖြစ်ပွားနိုင်ပေမယ့်လည်း မိုးရာသီမှာ ပိုပြီး အဖြစ်များပါတယ်။ အကြောင်းမှာ အရေပြားရောဂါ ဖြစ်စေတဲ့ မှိုပိုးတွေက ပူပြင်းစိုစွတ်ချိန်မှာ ပိုပေါက်ပွားတတ်လို့ပဲ ဖြစ်ပါတယ်။
မှိုပိုးကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါတွေက ကူးစက်တတ်ပါတယ်။ ကူးစက်ပုံတွေကတော့-
ရောဂါပိုးရှိသူရဲ့ အရေပြားကိုထိတွေ့တာ၊
ရောဂါပိုးရှိတဲ့သူရဲ့အသုံးအဆောင်(ဥပမာ- ခေါင်းရိတ်ဓား၊ ဘီး၊ အဝတ်အစားတွေစတာတွေ) တို့ကို ထိတွေ့မိတာ၊
ရောဂါပိုးရှိတဲ့ အိမ်မွေး တိရစ္ဆာန်၊ ရေကူးကန် ကြမ်းပြင်တွေနဲ့ထိတွေ့မိတာ၊
မိမိဘာသာရောဂါပိုးရှိတဲ့နေရာကို ထိကိုင်၊ကုတ်ခြစ်ရာမှ မိမိကိုယ်ကို ပြန်ကူးစက်တတ်တာတို့ ဖြစ်ပါတယ်။

မေး ။ အရေပြားမှိုစွဲရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြား မှိုစွဲတဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေ ကတော့-
ယားယံတာ၊
အရေပြား နီမြန်းတာ၊
အကြေးခွံလေးတွေ ဖြစ်တာ၊
အကွင်း၊ အဝိုင်းပုံစံလေးတွေ ဖြစ်တာ၊
ခြေချောင်း၊ လက်ချောင်းကြားမှာ အရည်စိုထွက်တာ၊ အရေပြားပက်ကြား အက်တာ၊ အရည်ကြည် ဖုဖြစ်တာ၊
လက်သည်း၊ ခြေသည်း အရောင်ပြောင်းတာ၊ လက်သည်းခြေသည်းထူလာတာ၊ ပဲ့ထွက်တာ၊ ပုံပျက်တာ၊ ကပ်ဆတ်တာ၊ ကြည့်ရဆိုးတာ၊
ဦးခေါင်းမှာ အနီဖု၊ အနီပြင်လေးတွေ ဖြစ်လာတာတို့ ဖြစ်ကြပါတယ်။

မေး ။ အရေပြားမှိုစွဲတာကြောင့် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြား မှိုစွဲတာကြောင့် ပြည်တည်တာ၊ နှင်းခူစွဲတာ၊ အရေပြား အရောင်ပြောင်းသွားတာ၊ အမာရွတ်ဖြစ်တာ၊ ဆံပင်ကျွတ်တာတို့ ဖြစ်တတ်ပြီး ပြင်းထန်ပါက ပြန်မပေါက်တာတို့ ဖြစ်တတ်ပါတယ်။

အရေပြားမှိုပိုးဝင်တဲ့ ရောဂါတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့-
ပွေး – အနီရောင် အကွင်းအဝိုင်းလေးတွေအနေနဲ့ တွေ့ရပါတယ်။ ချွေးနဲ့ မိုးရေကြောင့် စိုစွတ်နေတဲ့ အရေပြားဟာ ပွတ်တိုက်၊ ပွန်းပဲ့ဖန်များတဲ့အခါ၊ ယားယံတာကြောင့် ကုတ်ပါများတဲ့အခါ (ဥပမာ- ချိုင်း(ဂျိုင်း)၊ ပေါင်ခြံ၊ ခြေချောင်းကြားတွေမှာ) ပွေးဖြစ်တတ်ပါတယ်။

သဲဝဲ၊ ရေဝဲ – ခြေချောင်း၊ လက်ချောင်းတွေကြားမှာ စိုစွတ်နေတဲ့ အရေပြား မှိုပိုးရောဂါဖြစ်တတ်ပါတယ်။ မိုးတွင်းမှာ ဖိနပ်မပါဘဲ လမ်းလျှောက်တဲ့အခါ၊ ခြေထောက်၊ ဖိနပ်၊ ခြေအိတ်တွေ ကြာမြင့်စွာ ရေစိုတာကြောင့် မှိုပိုးဝင်တတ်ပါတယ်။ ခြေထောက်တစ်ချောင်း နဲ့ တစ်ချောင်း ကူးစက်တတ်ပါတယ်။ (ရေကိုင်၊ ဆပ်ပြာကိုင်များတဲ့သူတွေမှာလည်း လက်ရေဝဲစားတတ်တဲ့အတွက် မှိုပိုးဝင်တတ်ပါတယ်)

လက်သည်း၊ ခြေသည်းမှိုပိုး – သဲဝဲ၊ ရေဝဲကို သေသေချာချာ မကုသရင် မိုးရေထိတာများတဲ့အခါနဲ့ ရေစို၊ ရေစိမ်များတဲ့အခါ ဖြစ်တတ်ပါတယ်။

ဒက်- မှိုပိုး ကူးစက်ထားတဲ့ လက်သည်းနဲ့ခေါင်းကို ဆက်ကုတ်မိပါက ဦးရေပြား မှိုပိုးဝင်တတ်ပါတယ်။

မေး ။ မိုးရာသီမှာ အရေပြားမှိုစွဲရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုလူတွေက အထူးသတိထားသင့်ပါသလဲ ဆရာမ။
ဖြေ ။ မိုးရာသီမှာ အထူးသတိထားသင့်သူတွေက ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ ကိုယ်ခံစွမ်းအားကျသူတွေ၊ ကလေးငယ်နဲ့ အသက်ကြီးတဲ့သူတွေ၊ မိုးရေထဲ ကြာရှည်အလုပ်လုပ်သူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုမစိုက်သူတွေက အထူးသတိထားသင့်ပါတယ်။

မေး ။ အရေပြားမှိုစွဲခဲ့ရင် ဘယ်လို ကုသနိုင်ပါသလဲ ဆရာမ။
ဖြေ ။ မှိုပိုး ဆန့်ကျင်လိမ်းဆေးတွေ၊ စားဆေးတွေ၊ အယားပျောက်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

မေး ။ အခုလို မိုးရာသီမှာ အရေပြားမှိုစွဲရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာမ။
ဖြေ ။ အရေပြားမှိုစွဲခြင်းမဖြစ်အောင် –
မိုးစို၊ ချွေးစိုပါက ကြက်သီးနွေးရုံမျှ ပူနွေးတဲ့ ရေနဲ့ ရေချိုးပေးသင့်ပါတယ်။ ရေချိုးပြီးတာနဲ့လက်ချောင်း၊ ခြေချောင်းကြား၊ ဆံပင်နဲ့အရေပြားတို့အား ခြောက်သွေ့အောင် ပြုလုပ်ပါ။ ခြောက်သွေ့တဲ့ အဝတ်အစား တွေကို ချက်ချင်းလဲပါ။

ဖိနပ်- မိုးစိုခံ ဖိနပ်တွေကို စီးပါ။ (ကြပ်သိပ်ပိတ်နေတဲ့ ဖိနပ်တွေထက် ညှပ်ဖိနပ်စီးတာက ပိုသင့်တော်ပါတယ်။ မိုးရွာထဲ ခြေဗလာနဲ့ လမ်းမလျှောက်သင့်ပါ။)

ဆံပင် – ဆံပင်ကို မိုးစိုနေစဉ် မချည်နှောင်သင့်ပါ။ (ခေါင်းမှန်မှန်လျှော်ရပါမယ်။ မိုးစိုနေတဲ့ ဆံပင်က မှိုပိုးတွေ၊ ဗောက်တွေကပ်ပြီး ယားယံစေတတ်တာ ကြောင့် မိုးတွင်းမှာ ဆံပင်ခြောက်သွေ့အောင် သတိထားရပါမယ်)

အရေပြား – နေ့စဉ် ပုံမှန်ရေချိုးပါ။သန့်ရှင်းရေး ဂရုစိုက်ပါ။ မိုးတွင်းမှာ အဆီပိုထွက်တတ်တာကြောင့် မျက်နှာ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ အရေပြားကို ရေဓာတ်ဖြည့်ခရင်မ် မမေ့မလျော့လိမ်းပါ။
သန့်ရှင်းတဲ့ ရေကို လုံလောက်အောင် သောက်ပါ။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပါ။ မိုးတိမ် ထူနေပေမယ့်လည်း နေရောင်က အန္တရာယ်ပြုနိုင်စွမ်းရှိတာကြောင့် နေရောင်ကို ဂရုစိုက်ကာကွယ်ပါ။ (အပြင်ထွက်ရင် နေရောင်ကာ ခရင်မ်၊ ထီး၊ မျက် မှန်၊ သုံးရပါမယ်)

လက်ဝတ်ရတနာများ – သန့်ရှင်းရေးကို ဂရုစိုက်ပါ။ (မိုးရာသီမှာ တုံ့ပြန်လွယ်တဲ့ အရေပြားရောဂါ တွေကိုဖြစ်စေပါတယ်။ အရေပြားယားယံစေပါတယ်။ အထူးသဖြင့် ကိုယ်မှာကပ်ပြီး ဝတ်ဆင်ရတဲ့ ဆွဲကြိုး၊ လက်ကောက် စတာတွေရဲ့ သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်)

အသုံးအဆောင်များ -မျက်နှာသုတ်ပဝါလို အသုံးအဆောင်ပစ္စည်းတွေကို သီးသန့် သုံးစွဲပါ။ (မှိုပိုးရောဂါရှိသူ တွေနဲ့အတူသုံးစွဲပါက ထိတွေ့မှုကြောင့်ရောဂါကူးစက်တတ်ပါတယ်)

လက်သေသေချာချာ ဆေးကြောပါ။ (လက်က မှိုပိုးရှိတဲ့ နေရာတွေကိုထိတွေ့ထားရင် ကူးစက်စေတတ်ပါတယ်)

အရေပြားကို မိမိဘာသာမှန်မှန်စစ်ဆေးပါ။ အရေပြားမှာပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေရှိပါကစောစော ဆေးကုသမှု ခံယူပါ။
အထူးသတိပေးလိုတာက မိုးရာသီမှာ အဖြစ်များတတ်တဲ့ အရေပြားမှိုစွဲရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top