Healthy Life Ad
Health Tips

နာနတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူး ၇ ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နာနတ်သီးဟာ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ချိုတယ်၊ အရည်ရွှမ်းတယ်၊ အရသာရှိတယ်စတဲ့ အာနိသင်တွေရှိတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဓာတ်လည်း ပြည့်ဝပါတယ်။

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်ပါဝင်ပါတယ်

နာနတ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ပိုတက်စီယမ်တို့အပါအဝင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများအပြားပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လိုရီလည်းပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရောဓာတ်တော့ မပါဝင်ပါဘူး။ ဒီအာဟာရဓာတ်အားလုံးက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၂) မက်ကူလာယိုယွင်းပျက်စီးမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်

နာနတ်သီးဟာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာတစ်ခုကတော့ အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ ဒီရောဂါက အာရုံခံလွှာထိခိုက်မှုကြောင့် အသက်ကြီးသူတွေမှာ အမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အဓိကရောဂါဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရင် စာဖတ်တာ၊ အသိမိတ်ဆွေတွေရဲ့ မျက်နှာတွေကို သတိပြုမိတာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တာတွေလုပ်ဖို့ ခက်ခဲလာပါတယ်။ သင်စားတဲ့ အစာထဲမှာ နာနတ်သီးပါဝင်တာက မက်ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဟာ အမြင်အာရုံကို ကျန်းမာစေပါတယ်။

(၃) ချောင်းဆိုးတာနဲ့ အအေးမိတာမဖြစ်အောင် ကာကွယ်ပေးပါတယ်

နာနတ်သီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် အအေးမိတာနဲ့ချောင်းဆိုးတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။ ဒီလိုဖျားနာစေတဲ့ ပိုးတွေကူးစက်ခံရပြီးပြီဆိုရင်တောင် နာနတ်သီးစားပေးရင် သက်သာစေနိုင်ပါတယ်။ နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ ချောင်းဆိုးတာကိုဖိနှိပ်ပေးပြီး အချွဲတွေကို ပျော့သွားစေပါတယ်။ နာမကျန်းဖြစ်နေချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို မှန်မှန်သောက်ရင်း နာနတ်သီးစားပေးတာက သင့်ကိုမြန်မြန်သက်သာလာစေပါတယ်။

(၄) အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်

နာနတ်သီးဟာ အရိုးတွေကို သန်စွမ်းကျန်းမာအောင် တည်ဆောက်ပေးနိုင်စွမ်းရှိပါတယ်။ နာနတ်သီးမှာ မဂ္ဂနိစ်ဓာတ်ပါဝင်လို့ပါ။ မဂ္ဂနိစ်ဟာ အရိုးနဲ့ တွယ်ဆက်တစ်သျှူးတွေ သန်စွမ်းစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ နာနတ်သီးတစ်ခွက်စားပေးရင် ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနိစ် စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းကို ရရှိပါလိမ့်မယ်။

(၅) သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားဖုံးကျန်းမာရေးမကောင်းရင် သွားတွေရဲ့ ကျန်းမာရေးအခြေအနေကလည်း ကောင်းနိုင်ဖို့မလွယ်ပါဘူး။ သွားတွေအလွယ်တကူနဲ့ နေနိုင်ပါတယ်။ နာနတ်သီးစားတာက သွားဖုံးကျန်းမာရေးကို သန်မာစေပြီး သွားတွေကိုခိုင်ခံ့သန်စွမ်းစေပါတယ်။

(၆) အဆစ်ရောင်နာကို သက်သာစေပါတယ်

နာနတ်သီးမှာ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် နာနတ်သီးစားတာက အရိုးတွေကိုသန်စွမ်းစေပြီး အဆစ်ရောင်နာကို သက်သာစေပါတယ်။ ဂေါက်အဆစ်အမျက်ရောင်ရမ်းနာရှိသူတွေကို ရောဂါသက်သာစေပါတယ်။

(၇) အစာကို ကြေညက်စေပါတယ်

နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ ပန်ကရိယထဲမှာ အရည်ထွက်အောင် လှုံ့ဆော်ပေးတာကြောင့် အစာကြေညက်စေပါတယ်။ ဘရိုမီလိန်းမှာ ပရိုတင်းကို ကြေညက်စေတဲ့အစွမ်းရှိတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top