Healthy Life Ad
Child

ကလေးခေါင်း အနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း (Minor Head Injury / Concussion)

ဒေါက်တာသီရိ (MBBS,MPH,DCH)

တစ်ခါတရံ ကလေးတွေဆော့ကစားရင်းဖြစ်စေ၊ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်တွေ နိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာဖြစ်စေပါတယ်။

ကလေးငယ်တွေအတွက် ခေါင်းပေါက်၊ ခေါင်းကွဲ၊ ဖူးရောင်တာတွေက ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒါက စိုးရိမ်စရာလိုလား မလိုလားဆိုတာ တစ်ခါတလေပြောရခက်ပါတယ်။ ကလေးအများစုမှာ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရတာဖြစ်ပေမယ့် တချို့ကလေးတွေမှာ ဦးနှောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်တာမျိုးအထိ ဖြစ်တတ်ပါတယ်။

ဦးခေါင်း အနည်းငယ်ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ

ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရတယ်ဆိုတာ အကြမ်းဖျဉ်းအနေနဲ့ အပြင်ဘက်ကနေ ဦးခေါင်းခွံပေါ်သက်ရောက်တဲ့ဒဏ်ကြောင့် ဦးခေါင်းခွံထဲမှာရှိတဲ့ ဦးနှောက်က အနည်းငယ်လှုပ်ခါယမ်းသွားတာပါ။ အဲဒါကြောင့် ပြန်ကောင်းဖို့အတွက် အချိန်အနည်းငယ်လိုပါတယ်။ ခေါင်းကိုက်ခေါင်းမူးတာ၊ ပျို့အန်ချင်တာနဲ့ အိပ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေမှာအများအားဖြင့် ဦးခေါင်းဓာတ်မှန်ရိုက်ဖို့ မလိုအပ်သလို ဆေးရုံတက်ဖို့လည်း မလိုတာများပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်က တစ်ခါတလေပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့ လက္ခဏာတွေ ဘာမှမတွေ့ရဘဲ တဖြည်းဖြည်းနဲ့ ဦးနှောက်ထဲမှာ သွေးစစိမ့်ထွက်တာတို့ တခြားပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဆေးရုံကဆင်းခွင့်ပေးလိုက်ပေမယ့် ထိခိုက်ဒဏ်ရာရပြီး ပထမ ၂၄ နာရီ အိမ်မှာ ကလေးကို သေချာစောင့်ကြည့်ရပါမယ်။

ဘာလက္ခဏာတွေဖြစ်မလဲ

ရောဂါလက္ခဏာတွေကတော့ ဘယ်လိုကြောင့် ထိခိုက်ဒဏ်ရာရလဲဆိုတာပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တချို့က ခဏတဖြုတ် သတိလစ်သွားတာ၊ တချို့က ခဏလေးကြောင်တောင်တောင်ဖြစ်ပြီး သူဘယ်ရောက်နေမှန်း မသိတာတို့၊ ဘာဖြစ်သွားမှန်း ရုတ်တရက်မမှတ်မိတာမျိုးတို့ ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ ခေါင်းကိုက်/ခေါင်းမူးတာ၊ ပျို့အန်ချင်တာ၊ အိပ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ညွှန်ကြားချက်များ

– ခေါင်းကိုက်ခြင်း

– နာကျင်တာ၊ ခေါင်းကိုက်တာတွေအတွက် ပါရာစီတမောကို ၄-၆နာရီခြားပြီး တိုက်ပါ။

– ရောင်နေ/နာနေတဲ့နေရာကို ရေခဲကပ်ပေးပါ။

– ပျို့အန်ခြင်း

– ဒဏ်ရာရပြီး ပထမ ၁-၂နာရီမှာ ၂-၃ ကြိမ် လောက်အန်တတ်ပါတယ်။ အကယ်၍ ဒါ့ထက်ပိုအန်ရင်၊ ဆက်တိုက်အန်နေရင် ဆရာဝန်ဆီပြန်သွားပါ။

– မလန်းခြင်း

ဒဏ်ရာရပြီးပြီးချင်း ကလေးက အိပ်ချင်နေပါလိမ့်မယ်။ အကယ်၍ကလေးက အိပ်ချင်နေတယ်ဆိုရင် အတင်းနှိုးပြီး မအိပ်အောင်လုပ်ဖို့မလိုပါဘူး။ ဒဏ်ရာရပြီး ပထမ ၄နာရီမှာ ၁နာရီခြားတစ်ခါ ကလေးကိုနှိုးပြီး ပုံမှန်အခြေအနေရှိ၊ မရှိ ကြည့်ပါ။ လေးနာရီနောက်ပိုင်း ကလေးအိပ်ပျော်နေရင် ၂ နာရီခြား တခါပဲနိုးပြီး ကလေးအခြေအနေကိုကြည့်ပါ။

ဒါတွေဖြစ်ရင် ဆေးရုံချက်ချင်းပြန်သွားပါ။

– ခဏခဏ ဆက်တိုက်အန်နေရင်

– ဆက်တိုက် ပြင်းပြင်းထန်ထန်ခေါင်းမူး/ ခေါင်းကိုက်ရင်

– တက်ရင်/ အကြောဆွဲရင်

– ကြောင်တောင်တောင်ဖြစ်နေရင်

– ပုံမှန်မဟုတ်ဘဲ ဂနာမငြိမ်ဖြစ်ရင်

– အိပ်နေရာကနှိုးဖို့ ခက်ရင်

– ခြေလက်လှုပ်ရှားမှုအားနည်းခြင်း

– လမ်းလျှောက်ပုံမမှန်ခြင်း

– လျှာလေးပြီး စကားပြောပလုံးပထွေးဖြစ်ခြင်း

– မျက်စိအမြင်ဝေ၀ါးခြင်း ဒါမှမဟုတ် ကလေးပုံမှန်မဟုတ်လို့ ခံစားမိပြီး စိတ်ပူလျင်

နောက်ရက်သတ္တပတ်ခန့် စောင့်ကြည့်ရန်

တချို့နောက်ဆက်တွဲ ပြဿနာတွေကတော့ ဒဏ်ရာရပြီး ရက်အနည်းငယ်နေမှပေါ်လာနိုင်ပါတယ်။ အဲဒါကြောင့် အကယ်၍ ကလေးကနေမကောင်းတဲ့ ပုံစံဖြစ်ပြီး အရမ်းဂျီကျနေရင်၊ စိတ်အတက်အကျ အပြောင်းအလဲအရမ်းဖြစ်နေရင်၊ နှုံးခွေနေရင်၊ အာရုံစူးစိုက်မှုမှာ ပြဿနာဖြစ်နေရင်၊ ပုံမှန်မဟုတ်တဲ့အမူအရာဖြစ်နေရင် ဆရာဝန်နဲ့ ပြန်ပြပါ။

References:
1. Minor Head Injuries in Children,Emergency Department Fact Sheets. Queensland Health. Australia.
2. Head Injury-general health advice. Kids health info. Royal Children’s Hospital. Melbourne. Australia.

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top