Healthy Life Ad
Health Tips

သွားဖုံးရောဂါကင်းဝေးစေရန် အထူးကုဆရာဝန်တို့၏ အကြံပြုချက်များ

သွားဖုံးရောဂါကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။ သွားဖုံးရောဂါဖြစ်လာတာကို လျစ်လျူရှုထားပါကဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဝေဒနာတွေက များပြားလှပါတယ်။ ဒါကြောင့် သွားဖုံးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆရာဝန်တွေရဲ့အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။

သွားဖုံးအထူးကုဆရာဝန်၏ အကြံပြုချက်

သွားဖုံးရောဂါဟာ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေရဲ့ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ သွားဖုံးမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေက သွေးကြောတွေထဲကိုရောက်ရှိပြီး ခန္ဓာကိုယ်အနှံ့ကို ကျန်းမာရေးပြဿနာတွေ ပေးစွမ်းနိုင်တာကြောင့်ပါ။ သကြားများတဲ့မုန့်တွေဟာ သွားပိုးစားစေနိုင်ပါတယ်။ သွားဖုံးရောဂါမဖြစ်အောင် လိုက်နာသင့်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ သွားတိုက်တာနဲ့သွားကြားပွတ်ကြိုးသုံးတာတွေပဲ ဖြစ်ကြပါတယ်။ သွားနဲ့ခံတွင်းသန့်စင်ဆေးရည်ကို သုံးတဲ့အခါ သွားဖုံးရောင်ရမ်းတာကိုလျော့ကျစေပြီး သွားချေးဖတ်တွေ ကင်းစေနိုင်တဲ့အမျိုးအစားကိုရွေးသုံးပါ။

သွားနှင့်ခံတွင်း အလှအပဆိုင်ရာ ဆရာဝန်၏ အကြံပြုချက်

သွားဖုံးရောဂါနဲ့ နှလုံးရောဂါဟာ ဆက်စပ်မှု ရှိတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့ သွားတိုက်ပြီး သွားကြားပွတ်ကြိုးကို သုံးသင့်ပါ တယ်။ ခံတွင်းထဲက ပြဿနာက သေးငယ်နေရင် ပြဿနာကို အသေအချာသိအောင် ရှာဖွေကုသဖို့ အတွက် သွားနဲ့ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သွားတိုက်တဲ့အခါ အချိန်နှစ်မိ နစ်တော့ ပေးသင့်ပါတယ်။

သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်၏ အကြံပြုချက်

သွားနဲ့ခံတွင်းမှာဖြစ်တတ်တဲ့ အဓိက ကျန်းမာရေးပြဿနာတွေဟာ သွားဖုံးရောဂါ၊ သွားပိုးစားတာနဲ့ ကြိတ်ဝါးလို့မကောင်းတာတွေပဲ ဖြစ်ကြပါတယ်။ ဒီပြဿနာအားလုံးဟာ သွားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကျန်းမာဖို့ဆိုရင် အစာစားပြီးတိုင်း သွားတိုက်ပြီး သွားကြားပွတ်ကြိုးကို သုံးပေးသင့်ပါတယ်။ တကယ်လို့ အဲဒီလိုမလုပ်နိုင်ဘူးဆိုရင်တောင် ပလုတ်ကျင်းပေးသင့်ပါတယ်။ သွားဖုံးရောဂါကို ကုသဖို့ဆိုရင် သွားဆရာဝန်က သွားဖုံးနားမှာကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ သွားချေးဖတ်တွေကို အရင်ဖယ်ရှားပေးပါလိမ့်မယ်။

အာဟာရပညာရှင်၏ အကြံပြုချက်

ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စ်ဖိုးရပ်စ်တွေဟာ အရိုးတွေကိုသန်စွမ်းစေပြီး သွားတွေကိုကျန်းမာစေပါတယ်။ ဒါကြောင့် ဒီအာဟာရဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကိုစားပါ ဒါမှမဟုတ် ဖြည့်စွက်ဆေးကိုမှီဝဲပါ။ သင့်အနေနဲ့ သွားဖုံးရောဂါခံစားနေရရင် သွားဖုံးတစ်သျှူးတွေ အနာကျက်မြန်စေပြီး ဆဲလ်ကြီးထွားမှုကောင်းစေတဲ့ ကိုအင်ဇိုင်းကျူ ၁၀ (CoQ10)ကို မှီဝဲပေးပါ။

မှတ်ချက်

နာတာရှည်သွားဖုံးရောင်ရမ်းတာဟာ သွားဆုံးရှုံးစေရုံသာမက နှလုံးရောဂါထတာနဲ့ လေဖြတ်ရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားကြားထိုးကြိုးသုံးတဲ့အခါ သွားဖုံးကနေသွေးထွက်ရင် သွားဖုံးရောင်တာဖြစ်နိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top