Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ(၉)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့်ပတ်သက်ပြီး အမှန်လေလား အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြပေးပါမည်။

ယခုတစ်ပတ်တွင် ကိုယ်ဝန်ပျက်ကျခြင်းဆိုင်ရာ ယုံကြည်မှုများကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက်(၁) ‘ကိုယ်ဝန်ပျက်ကျခြင်းသည် အဖြစ်မများလှပါ’

မှားသည်။ ကိုယ်ဝန်ပျက်ကျခြင်းကို အမျိုးသမီးများတွင် အနည်းဆုံး ၅ ရာခိုင်နှုန်းကျော်က တစ်ချိန်မဟုတ် တစ်ချိန်တွင် ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်။ တကယ်တမ်းတွင် ၂၀ရာခိုင်နှုန်း တစ်နည်းအားဖြင့် ငါးယောက်လျှင် တစ်ယောက်နှုန်းဖြင့် ကိုယ်ဝန်ပျက်ကျကြပြီး အများစုမှာ ကိုယ်ဝန်ရှိမှန်းပင်မသိဘဲ ကိုယ်ဝန်ပျက်ကျခဲ့ခြင်းများ ရှိနိုင်ကြောင်း ကျွမ်းကျင်သူများကတွက်ဆကြသည်။

အလေးအပင်မခြင်း၊ ဖိနှိပ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချော်လဲခြင်း စသည်တို့ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်သည်ဟု တချို့က ထင်မှတ်ထားကြသော်လည်း တကယ်တမ်းတွင် ကိုယ်ဝန်ပျက်ကျမှု အများစုမှာ အဆိုပါအချက်များကြောင့်မဟုတ်ပါ။ အမှန်တကယ် ကိုယ်ဝန်ပျက်ကျစေသော အကြောင်းရင်းများမှာ . . .

ယုံကြည်ချက် (၂) ‘တစ်ခုခုလုပ်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်းဖြစ်သည်’

မမှန်ပါ။ အလေးအပင်မခြင်း၊ ဖိနှိပ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချော်လဲခြင်း စသည်တို့ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်သည်ဟု တချို့က ထင်မှတ်ထားကြသော်လည်း တကယ်တမ်းတွင် ကိုယ်ဝန်ပျက်ကျမှု အများစုမှာ အဆိုပါအချက်များကြောင့် မဟုတ်ပါ။ တစ်နည်းအားဖြင့် ကိုယ်ဝန်ပျက်ကျစေရန် ဖော်ပြပါအချက်များလုပ်သည့်တိုင် ကိုယ်ဝန်ပျက်ကျမည်မဟုတ်ပါ။

အမှန်တကယ် ကိုယ်ဝန်ပျက်ကျစေသော အကြောင်းရင်းများမှာ အသက်ကြီးခြင်း၊ သားအိမ်ပုံမှန်မဟုတ်ခြင်း၊ ဆီးချိုရောဂါ ထိန်းမရအောင်ဖြစ်နေခြင်း၊ သိုင်းရွိုက်ဂလင်း ရောဂါများဖြစ်နေခြင်း၊ ကျောက်ကပ်ရောဂါရှိခြင်း၊ ကိုယ်ခံအားကမောက်ကမဖြစ်နေခြင်း၊ ပြင်းထန်သော မတော်တဆမှုဖြစ်ပွားခြင်း၊ အချို့သော ကူးစက်ရောဂါများ (ဥပမာ- ကြောင်မှတစ်ဆင့်ကူးစက်တတ်သည့် ကပ်ပါးပိုးကြောင့်ဖြစ်သော တော်ဇိုပလမ်မိုးစစ်ရောဂါ) ကူးစက်ခံရခြင်းများကြောင့် ကိုယ်ဝန်ပျက်ကျရခြင်းဖြစ်ပါသည်။ ကိုယ်ဝန်ပျက်ကျမှု ရာခိုင်နှုန်းတော်တော်များများ (၆၀ ရာခိုင်နှုန်းကျော်)မှာ သန္ဓေသား ပုံမမှန်မှုတစ်ခုခု (ဥပမာ ခရိုမိုဆုမ်း တစ်ခုခုပိုနေခြင်း) တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

ယုံကြည်ချက် (၃) ‘ကိုယ်ဝန်ပျက်ကျပြီးနောက် ချက်ချင်းဆိုသလို ကလေးရနိုင်ခြေရှိသည်’

မှန်သည်။ ကလေးပျက်ကျပြီးခါစလများမှာပင် ပုံမှန်ရာသီပြန်လာနိုင်သလို ကလေးလည်း ထပ်ရနိုင်ပါသည်။ အများစုမှာ ကလေးပျက်ကျပြီး ၄ပတ်မှ ၆ပတ်အတွင်း ရာသီပြန်လာကာ ကိုယ်ဝန်ဆောင်နိုင်သည့် အနေအထားရှိလာနိုင်ပါသည်။

ယုံကြည်ချက် (၄) ‘ကိုယ်ဝန်တစ်ခါပျက်ကျပြီးလျှင် နောက်တစ်ခါထပ်ဖြစ်နိုင်သည်’

မဟုတ်ပါ။ ကိုယ်ဝန်ပျက်ကျခြင်းသည် ကလေးမရနိုင်တော့သည့် သဘောမဟုတ်သလို နောက်ထပ် ပျက်ကျဦးမည့် သဘောကိုလည်း မဆောင်ပါ။ နောက်တစ်ကြိမ်တွင် ပုံမှန်ကိုယ်ဝန်ဆောင်ကာ ကျန်းမာသောကလေးကို ရရှိမွေးဖွားနိုင်ပါသည်။ အကြောင်းကြောင်းကြောင့် သုံးကြိမ်ဆက်တိုက် ကိုယ်ဝန်ပျက်ကျပါက ဘာ့ကြောင့် ထိုသို့ဖြစ်ရသည်ကို အသေးစိတ်လေ့လာ စစ်ဆေးစမ်းသပ်ရန်လိုပါသည်။ တစ်ခါတရံတွင် သားအိမ်ကသန္ဓေသားကို မထိန်းထားနိုင်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ထိုအခါမျိုးတွင် အခြေအနေကိုမူတည်ကာ ကုသပေးနိုင်ပါသည်။

ယုံကြည်ချက် (၅) ‘ကိုယ်ဝန်ပျက်ကျခြင်းသည် မျိုးရိုးလိုက်တတ်သည်’

မမှန်ပါ။ သို့သော် တစ်အိမ်တည်းနေသူများတွင် ကိုယ်ဝန်ပျက်ကျခြင်းများ မရှေးမနှောင်းဖြစ်ပါက အချို့သော ကူးစက်ရောဂါများကို သံသယဝင်ကာ စစ်ဆေးကုသသင့်သည်။ ဥပမာ ကြောင်ချေးတွင်ပါဝင်နေနိုင်သည့် တော်ဇိုပလမ်မိုးစစ်အမည်ရှိ ကပ်ပါးပိုးကောင်ကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရာပါရောဂါပါသော ကလေးမွေးလာခြင်းများ ဖြစ်လာနိုင်သည်။

ယုံကြည်ချက် (၆) ‘ကိုယ်ဝန်ပျက်ကျခြင်းသည် သူ့အလိုလိုပျက်ကျခြင်းဖြစ်သဖြင့် ကုသရန်မလိုပါ’

မဟုတ်ပါ။ အချို့သော ကိုယ်ဝန်ပျက်ကျမှုများတွင် အပြည့်အစုံပျက်ကျခြင်းမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းက သားအိမ်တွင်းတွင် ကပ်ငြိကျန်နေတတ်သည်။ ထိုအခါမျိုးတွင် အခြေအနေကိုလိုက်ကာ သင့်လျော်သလိုဖယ်ထုတ်ပေးရန်လိုသည်။ ထို့ကြောင့် သူ့အလိုလို ပျက်ကျခြင်းဖြစ်သည့်တိုင် ကုသမှုကို ထိထိရောက်ရောက် ရယူရန်လိုပါသည်။

ယုံကြည်ချက် (၇) ‘ကိုယ်ဝန်ဆောင်စဉ် အချို့ဆေးတွေသောက်သုံးမိခြင်းကြောင့် ကိုယ်ဝန်ပျက်ကျနိုင်သည်’

မှန်သည်။ အချို့သောဆေးများသည် ကိုယ်ဝန်ဆောင်စဉ်သောက်သုံးမိပါက ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ ပေါင်မပြည့် လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွင်းသော ကလေးမွေးဖွားခြင်းများ ဖြစ်စေနိုင်သည်။ အချို့ဆေးများဟုဆိုရာတွင် အနောက်တိုင်းဆေးများသာမက တိုင်းရင်းဆေး၊ ပရဆေး၊ ဗိန္ဒောဆေးများပါ ပါဝင်ကြောင်း သတိပြုစေလိုသည်။ ထို့ကြောင့်ကိုယ် ဝန်ဆောင်ကာလတွင် ဆရာဝန်ညွှန်ကြားချက်မှအပ မည်သည့်ဆေးကိုမှ မသောက်သုံးသင့်ပေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top