Healthy Life Ad
Life Style

ထိုင်ပြီး အလုပ်လုပ်သည့်အခါ သင့်ကျန်းမာရေးကို ကာကွယ်နိုင်မည့် နည်းလမ်းခြောက်သွယ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)


(၁) ခြေထောက်နာခြင်း
ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။ ခြေချိတ်ထိုင်တာကြောင့် သွေးလှည့်ပတ်မှုကို ဆိုးရွားစေပြီး သွေးပြန်ကြောတွေကို ညှစ်ထားသလိုဖြစ်ရာက ထုံကျဉ်တာနဲ့ ခြေထောက်တဆတ်ဆတ်တုန်တာ တို့ဖြစ်တတ်ပါတယ်။ အရင်ဆုံး ထိုင်ခုံကိုညှိဖို့ လိုပါတယ်။ ခြေထောက်က ကြမ်းပြင်ပေါ်မှာ ကျပြီး ဒူးအောက်မှာ ကျနေရပါမယ်။ ခြေချောင်းတွေက ၉၀ ဒီဂရီ အနေအထားနဲ့ ရှိနေရပါမယ်။


(၂) ခါးနာခြင်း
ထိုင်ခုံမှာထိုင်တဲ့အခါ ထိုင်ခုံအကျယ်နဲ့ တင်ပါးအကျယ်က ဟန်ချက်ညီနေဖို့လိုပါတယ်။ ကြီးလွန်းတဲ့ ထိုင်ခုံမှာ ထိုင်ရင် ခါးအောက်မှာ ခေါင်းအုံး တစ်လုံးခံထားပါ။ လျှောထိုင်တာကြောင့် ခါးတစ်ဝိုက်ဖိအားသက်ရောက်ပြီး ခါးနာနိုင်ပါတယ်။ ထိုင်ခုံက သဘာဝကျတဲ့ အကွေးပါပြီး ခါးကို သက်သောင့်သက်သာရှိရှိ ပံ့ပိုးပေးနိုင်မှသာ ခါးနာတဲ့ဝေဒနာကင်းစင်စေပြီး နေရထိုင်ရတာအဆင်ပြေမှာပါ။


(၃) လက်နာခြင်း
ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ လက်တွေက အဆတ်မပြတ် ဖိအားသက်ရောက်မှုရှိနေပါတယ်။ အထူးသဖြင့် အနေ အထားမှားပြီး စာရိုက်တဲ့အခါ လက်ချောင်းထုံကျဉ်ကိုက်ခဲတဲ့ ဝေဒနာဖြစ်တတ်ပါတယ်။ ပခုံးနဲ့ လက်မောင်းက ပုံမှာ ပြထားတဲ့အတိုင်း မှန်ကန်တဲ့အနေအထားမှာရှိရပါမယ်။ လက်ကောက်ဝတ်က ဖြောင့်တန်းနေသင့်ပြီး လက်တံတောင်ဆစ်က ၉၀ ဒီဂရီနီးပါး ရှိသင့်ပါတယ်။


(၄) လည်ပင်းနာခြင်း
လည်ပင်းနဲ့ခေါင်းနာကျင်မှုကို ရှောင်လွှဲဖို့ ကွန်ပျူတာမော်နီတာကို အနေအထားမှန်မှန် ချိန်ရပါမယ်။ မော်နီတာက နိမ့်လွန်းရင် ခါးကို ကွေးထားရတာမျိုး ဒါမှမဟုတ် ထိုင်ခုံမှာ လျှောထိုင်ရတာမျိုးလုပ်ရတတ်ပါတယ်။ ဒီလို လုပ်တာက လည်ပင်းနာတတ်ပါတယ်။ထိုင်ခုံမှာ ထိုင်ပြီး မျက်စိမှိတ်ကာ အနားယူပေးပါ။ မျက်စိဖွင့်လိုက်ရင် မော်နီတာစကရင် အလယ်နေရာက ရှေ့တည့်တည့်မှာ ရှိနေသင့်ပါတယ်။ လိုအပ်ရင် မော်နီတာကို မျက်လုံးနဲ့ တစ်တန်းတည်းမှာ ထားပေး ပါ။


(၅) မျက်စိညောင်းခြင်း
ကွန်ပျူတာသုံးတာ ကြာလွန်းတဲ့အခါ အမြင်ဝါးတာ၊ မျက်စိခြောက်သွေ့တာ၊ မျက်စိနီမြန်းတာ၊ ခေါင်းကိုက်တာ အစရှိတဲ့ မျက်စိ ညောင်းညာတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာ မော်နီတာကို ပြန်ချိန်ပါ။ ကွန်ပျူတာ မော်နီတာ အလယ်နေရာက မျက်စိနဲ့ တစ်တန်းတည်း ၅၀ စင်တီမီတာအကွာမှာရှိနေရပါမယ်။ ကွန်ပျူတာအလင်းရောင်ကို ချိန်ညှိပြီး စာလုံးအရွယ်အစားကို ပြုပြင်ပါ။ မျက်စိကို မကြာခဏ စုံမှိတ်ပေးပါ။ မျက်စိ လေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့။ လုပ်ရမှာက ကွန်ပျူတာသုံးချိန်တစ်နာရီကြာတိုင်း အနည်းဆုံး စက္ကန့် ၂၀ ခန့် ကွန်ပျူတာနဲ့ အဝေးကို အကြည့်လွှဲပေးပါ။


(၆) အကြောလျှော့ခြင်း
အထိုင်များတဲ့အလုပ်မှာ ကြာကြာနေပြီး အဆီအအိမ့်စာတွေ စားဖြစ်ရင် သွေးတွင်း ကိုလက်စထရောအဆင့် မြင့်တက် လာနိုင်ပါတယ်။ သွေးကြော တွေ တောင့်တင်းနေနိုင်ပါတယ်။ဒီလိုတောင့်တင်းနာကျင်မှုတွေ သက်သာစေဖို့ ခြေထောက် နဲ့လက်တွေကို နှိပ်နယ်ပေးပါ။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းကို မကြာခဏပြုလုပ်ပေးပါ။လမ်းလျှောက်ပေးပါ။ အရေးကြီးဆုံးက ကျန်းမာရေးနဲ့အညီ စားသောက်ရမှာပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top