Healthy Life Ad
Child

ရန်ဖြစ်တဲ့ မိဘ၊ စိတ်မရွှင်ပျတဲ့ ရင်သွေး (၂)

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

မိသားစုအတွင်း အကြမ်းဖက်မှုက သားသမီးရဲ့ စိတ်ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်သလဲ ဆိုတဲ့ ဒေါ်မြတ်နှင်းရဲ့မေးခွန်းကို ဆက်လက်ဖြေကြားလိုပါတယ်။

(က) မိသားစုအတွင်း အကြမ်းဖက်မှုရှိရင် သားသမီးကို ဘာကြောင့် ထိခိုက်သလဲ
မိသားစုအတွင်းမှာ အကြမ်းဖက် ရိုက်နှက်တာရှိရင် သားသမီးတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်နစ်နာ စေတဲ့အချက် တွေရှိပါတယ်။ အဲဒီအဖြစ်အပျက်အတွေ့အကြုံတွေကတော့-

မိဘအချင်းချင်း ရိုက်နှက်တာကိုကိုယ်တိုင် မြင်တွေ့ရခြင်း၊

အဖေက အမေ့ကို အဓမ္မပြုကျင့်နေတာကို မြင်တွေ့ရခြင်း၊

ရိုက်သံ၊ နှက်သံ၊ ရန်ဖြစ်သံတွေကို တစ်ဖက်ခန်းမှ ကြားနေရခြင်း၊

မိဘတစ်ဦးဦး သွေးထွက်သံယိုဒဏ်ရာအနာ တရဖြစ်နေတာကို တွေ့မြင်ရခြင်း၊

မိဘတစ်ဦးဦးက သားသမီးကို ဓားစာခံအဖြစ် အသုံးချတာ ခံရခြင်း၊

မိဘက သားသမီးကို အပြစ်ဖို့တာခံရခြင်း (နင် မလိမ္မာလို့ နင့်ကြောင့် ငါတို့ရန်ဖြစ်ရတာ စသဖြင့် စွပ်စွဲတာ ခံရခြင်း)၊

သားသမီးက ဘက်လိုက်ကာကွယ်ပေးရင် ကျွဲနှစ်ကောင်ကြားက မြေဇာပင်လို ဒဏ်ခံရခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊

အိမ်ထောင်ဖက်ကို အကြမ်းဖက်တတ်သူက သားသမီးတွေကိုလည်း ညှင်းပန်းရိုက်နှက်တဲ့အကျင့် ရှိတယ်။ ဒါကြောင့် အဲဒီလို အိမ်ထောင်မျိုးမှာ သားသမီးတွေလည်း အကြမ်းဖက်ခြင်း ခံရတယ်။

အိမ်နီးနားချင်းတွေဝိုင်းအုံကြည့်ရှုလာလို့ အရှက်ရခြင်း၊ မျက်နှာပူခြင်း၊

ရဲအမှုထမ်းက မိဘတစ်ဦးဦး ဖမ်းဆီးချုပ်နှောင်သွားတာကို မြင်တွေ့ရခြင်း၊

အကြမ်းဖက်ခံရတဲ့ မိဘတစ်ဦးဦးကြောက်ရွံ့နေတာ၊ ငိုကြွေးနေတာ၊ စိတ်ဖိစီးမှုခံစားနေရတာကို မျက်မြင်တွေ့ကြုံရခြင်း၊

အကြမ်းဖက် ရိုက်နှက်တတ်တဲ့ မိဘကို ကျန်တဲ့ အချိန်မှာ ဘယ်လိုဆက်ဆံရမယ်ဆိုတာ မဝေခွဲနိုင် ဖြစ်ခြင်း၊

အကြမ်းဖက် ရိုက်နှက်မှု ဖြစ်လာမယ့် အချိန်ကို နေ့စဉ်နေ့တိုင်း ရင်တမမနဲ့ စောင့်မျှော်နေတတ်ခြင်း၊ စိတ်ထဲမှာ ကျီးလန့်စာစားသလို အစဉ်အမြဲ ခံစားနေရခြင်း။

အဲဒီလို အတွေ့အကြုံတွေနဲ့မကြာခဏ ရင်ဆိုင်ရရင် သားသမီးမှာ စိတ်ဖိစီးမှု လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

(ခ) စိတ်ဖိစီးမှုဒဏ် ပိုမိုဆိုးရွားစေတဲ့ အချက်အလက်တွေရှိသလား

ငယ်ရွယ်စဉ် ကလေးဘဝကစပြီး မိသားစုအ တွင်း အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်း၊

မိသားစုအတွင်း အကြမ်းဖက်မှု မကြာခဏဖြစ် ပွားခြင်း၊ တာရှည်ခြင်း၊

သားသမီးကိုပါ ရိုက်နှက်ညှင်းဆဲမှုရှိခြင်း၊

အကြမ်းဖက်မှုအပြင် မိသားစုထဲမှာ တခြားပြဿနာတွေရှိခြင်း။ ဥပမာ-ငွေရေးကြေးရေး ပြဿနာ၊ အရက်စွဲ မူးယစ်ဆေးစွဲရောဂါရှိခြင်း၊ စိတ်ရောဂါရှိခြင်း၊ အကြမ်းဖက်မှုများတဲ့ ရပ်ကွက်မှာ နေထိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

မိသားစုနဲ့ သားသမီးကို ကူညီပံ့ပိုးပေးတဲ့ ဆွေမျိုးမိတ်ဆွေ၊ အဖွဲ့အစည်းမရှိခြင်း၊

မိသားစုထဲမှာ ကလေးက ချစ်ခင်တွယ်တာ အားကိုးရမယ့်သူ မရှိခြင်း

အကြမ်းဖက်မှုရှိတဲ့ မိသားစုထဲမှာ အထက်ဖော်ပြပါ အခြေအနေတွေ အကြုံးဝင်နေရင် သားသမီးတွေရဲ့ စိတ်ကျန်းမာရေးကို ပိုမိုထိခိုက်နိုင်ပါတယ်။

(ဂ) မိသားစုအတွင်း အကြမ်းဖက်မှုရှိရင် သားသမီးတွေက ဘယ်လို တုန့်ပြန်သလဲ
မိသားစုအတွင်း အကြမ်းဖက်မှုကို မြင်တွေ့ရရင် သားသမီးတွေမှာ “လတ်တလော”တုန့်ပြန်ခံစားရတဲ့ စိတ်ဖိစီးမှုလက္ခဏာတွေ ရှိပါတယ်။ အများအားဖြင့် တွေ့ရှိရတဲ့ လက္ခဏာတွေကတော့-
“မိမိကိုယ်ကိုယ် အပြစ်တင်တာ၊ ခိုကိုးရာမဲ့သလိုခံစားရတာ၊ ပူဆွေးတမ်းတသလို ခံစားရတာ၊ ကြောက်ရွံ့ထိတ်လန့်လာတာ၊ ဝမ်းနည်းပက်လက် ခံစားရတာ၊ အမျက်ဒေါသထွက်တာ၊ စိတ်ခံစားမှုအားလုံး “တုံး”သွားသလို ခံစားရတာ စတာတွေ ဖြစ်ပါတယ်။

အဲဒီလို သာယာမှုကင်းတဲ့ စိတ်ဖိစီးမှုလက္ခဏာတွေနဲ့ အကြိမ်ကြိမ် တွေ့ကြုံခံစားရရင် “နာတာရှည်”စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပွားလာနိုင်ပါတယ်။ သားသမီးရဲ့ အသက်အရွယ်အလိုက် နာတာရှည် စိတ်ကျန်းမာရေး ပြဿနာအမျိုးမျိုး ရှိပါတယ်။

ကလေးငယ်တွေမှာ တွေ့ရှိရတဲ့ နာတာရှည် စိတ်ကျန်းမာရေးချို့ယွင်းမှုတွေကတော့-
“အာရုံစူးစိုက်နိုင်မှု လျော့နည်းလာတာ၊ အကြမ်းဖက် ရန်လုပ်တတ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ လူကြီးပြောစကားကို နားမထောင်တာ၊ အရွဲ့တိုက်တဲ့ အပြုအမူပြတာ၊ အိပ်ရေးပျက်တာ၊ အိပ်မက်ဆိုးမြင်မက်လန့်နိုးတာ၊ အပေါင်းအသင်းကို ရှောင်ကြဉ်တာ၊ လူကြောက်ဝေဒနာ လက္ခဏာတွေဖြစ်ပေါ်တာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတာ၊ စိတ်ခံစားမှု ထုံထိုင်းလာတာ၊ အမြဲလိုလို စိုးရိမ်ကြောင့်ကြစိတ် ရှိနေတာ၊ ပျော်ပျော်ရွှင်ရွှင်နေရမယ့် မိသားစုဘဝကို စိတ်ကူးယဉ်စဉ်းစားနေတတ်တာ၊ ဘဝမှာ မျှော်လင့်ချက် မရှိသလိုခံစားရတာနဲ့ ခန္ဓာကိုယ် ကျန်းမာရေးချို့ယွင်း “ချူချာ”လာတာ စတာတွေ ဖြစ်ပါတယ်။

လူငယ်ပိုင်းအရွယ် သားသမီးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ်။
“မိသားစုအတွင်းမှာ”တွေ့ရှိရတဲ့ပြဿနာ တွေကတော့ မိဘနဲ့အဆင်မပြေ ပဋိပက္ခဖြစ်တာ၊ မိဘကိုစော်ကားတဲ့ အပြုအမူပြတာ၊ တချို့ကလေး တွေကတော့ မိခင်ကိုအကာအကွယ်ပေးချင်တဲ့ စိတ်ကြောင့် လူကြီးလို မတန်တဆ တာဝန်ယူတတ်တာ၊ မိသားစုအတွက် စိုးရိမ်ပူပန်စိတ် လွန်ကဲလာတာ၊ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံဖို့ ရှက်စိတ်ရှိနေတာ၊ အိမ်မှ ထွက်ပြေးတဲ့ အကျင့်ပေါ်ပေါက်လာတာ၊ အရွယ်မရောက်ခင် မိဘတွေနဲ့ ခွဲခွာနေထိုင်တာ၊ အရွယ်မရောက်ခင် အိမ်ထောင်ကျတာ စတာတွေ ဖြစ်ပါတယ်။

“ကျောင်းပတ်ဝန်းကျင်မှာ အပေါင်းအသင်း နည်းပါးတာ၊ အပေါင်းအသင်းတွေနဲ့ ပြောဆိုဆက်ဆံရေး အဆင်မပြေတာ၊ ကျောင်းစာ ညံ့ဖျင်းလာတာ၊ ကျောင်းပြေးတာ၊ အရွယ်မရောက်ခင် ကျောင်းထွက်တာ စတဲ့ ပြဿနာတွေကို တွေ့ရှိရမယ်။

ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်း – မိသားစုအတွင်းမှာ အကြမ်းဖက်မှုရှိရင် သားသမီးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် အထင်သေးတာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးတာ၊ အထီးကျန်စိတ်ရှိတာ၊အမျက်ဒေါသကြီးတာ၊ မိမိရဲ့ လိုအင်ဆန္ဒ နဲ့ စိတ်ခံစားမှုကို ဖွင့်ဟပြောဆိုဖို့ ခက်ခဲတာ၊ အန္တရာယ်များတဲ့ အပြုအမူတွေကို ပြုလုပ်တတ်တာ (ဥပမာ- မူးယစ်ဆေးစတင်သုံးစွဲတာ၊ အကာအကွယ်မယူဘဲ လိင်ဆက်ဆံတာ၊ မော်တော်ကား အမောင်းကြမ်းတာ)စတဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

စိတ်ဝေဒနာများ- မိသားစုအတွင်းမှာ အကြမ်းဖက်မှုရှိရင် သားသမီးတွေရဲ့စိတ်ကျန်းမာရေးချို့ယွင်းလာတာကိုတွေ့ရှိရမယ်။ အဲဒီလို သားသမီး တွေထဲမှာ ပိုမိုဖြစ်ပွားတတ်တဲ့ စိတ်ဝေဒနာတွေက တော့ စိုးရိမ်ကြောင့်ကြစိတ်လွန်ကဲရောဂါ၊ စိတ်ကျ ရောဂါ၊ အရက်စွဲမူးယစ်ဆေးစွဲရောဂါ၊ အစားအစာ ရှောင်လွန်းတာ၊ ဒါမှမဟုတ် အစားကြူးလွန်းတဲ့ လက္ခဏာရှိတဲ့ “အစာစားတာနဲ့ဆိုင်တဲ့စိတ်ဝေဒနာ”(Eating Disorder) စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို လူငယ်တွေထဲမှာ မိမိအသက်ကို အန္တရာယ်ပြုတဲ့ အပြုအမူကို ပိုမိုတွေ့ရှိရပါတယ်။
_ _ _
ဒေါ်မြတ်နှင်းရဲ့မေးခွန်းကို ဆက်လက်ဖြေကြားဖို့ကျန်သေးတယ်။ မိသားစုအတွင်း အကြမ်းဖက်မှု လျော့နည်းအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ၊ မိသားစုအတွင်း အကြမ်းဖက်မှုရှိရင်၊ သားသမီးတွေခံစားရမယ့် စိတ်ဖိစီးမှုဒဏ်လျော့နည်းအောင် ဘယ်လိုကူညီပံ့ပိုးပေးနိုင်သလဲဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top