Healthy Life Ad
Life Style

ကိုယ်ဝန်စရှိတယ်ဆိုတာ . . .(Pregnancy and Conception)

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)
ကိုယ်ဝန်ရှိပြီဆိုတာ Sperm ကျားသုက်ပိုးနဲ့ Egg မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန် Conception သန္ဓေတည်ချိန်ကို ခေါ်တာလား။ အဲဒီလိုဖြစ်လာပြီး နောက်တစ်ပတ်အကြာ Embryo implantation သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန် ကိုခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို ချီကာဂို တက္ကသိုလ်ကနေ သုတေသနလုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာတွေ့ရတယ်။ အဖြေဟာ ဘာသာရေးအယူအဆ သက်ရောက်မှု ရှိမှာဖြစ်သလို ကိုယ်ဝန်ကိုမလိုချင်လို့ ဖျက်ပြစ်တာမှာလည်း လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာကို သက်ရောက်စေပါတယ်။

မျိုးပေါင်းစပ်ခြင်း (Fertilization)
ကျန်းမာသန်စွမ်းတဲ့ ကျားသုက်ပိုးတွေထဲက တခုဟာ ရင့်မှည့်နေတဲ့ မ-မျိုးဥတစ်ခုထဲကို အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက် (Penetration) ပြီး၊ ဆဲလ်ပွားခြင်းဖြစ်စဉ် စတင်ပြီဆိုတာကို (ဖာတလိုက်ဇေးရှင်း) ပေါင်းစပ်ခြင်းလို့ခေါ်တယ်။ Embryo သန္ဓေဆိုတာဖြစ်ပြီ။ ဆက်ပြီးကြီးထွား လာတော့မယ်။

ကျားနဲ့မ ပုံမှန်လိင်ဆက်ဆံကြရင် သန်းနဲ့ချီများတဲ့ကျားသုက်ပိုးတွေဟာ မိန်းမ(ဗဂျိုင်းနား)ထဲကို စွန့်ထုတ်မယ်။ ဆက်ပြီး သားအိမ်အဝကို ဖြတ်ပြီး သားအိမ်ထဲ ဝင်လာကြမယ်။

သားအိမ်ပြွန်ဆီဆက်သွားကြမယ်။ ရာသီလလယ်ရက်မှာဖြစ်တဲ့ မျိုးဥထွက်ချိန်မှာ ဟော်မုန်းတွေ ထွက်လာတယ်။ ဒါ့ကြောင့် သားအိမ်အဝမှာရှိနေတဲ့ အချွဲရည်ဟာ ပြောင်းလဲလာပြီး၊ သုက်ပိုး အလွယ်တကူ ဝင်လာစေအောင် ဖန်တီးပေးရာကျတယ်။ ကိုယ်ဝန်တားဆေးတွေက ဒီအလုပ်တာဝန်ကို ဆန့်ကျင်ပေးတာမို့ သုက်ပိုးအထဲကို မဝင်စေအောင် တားဆီးပေးတယ်။

သန်းနဲ့ချီများတဲ့ သုက်ပိုးတွေထဲက ၂၀ဝ၀ လောက်ကပဲ လိုရာခရီးအထိ ရောက်နိုင်ကြတယ်။သန္ဓေတည်စေဖို့ဆိုတာ ရက်ရွေးမှန်ရတယ်။ မ-မျိုးဥက မျိုးဥအိမ်ကနေ ထွက်ပြီးတဲ့နောက် ၁၈-၂၄ နာရီကြားမှာ သုက်ပိုးနဲ့တွေ့တာ အကောင်းဆုံးအချိန်ဖြစ်တယ်။ ယောကျာ်းသုက်ပိုးတွေကလည်း ထွက်ပြီး တဲ့နောက် ၃-၅ ရက်သာ အသက်ရှင်နေမယ်။ ဒါ့ကြောင့် အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ ရက်ဆိုတာ ရာသီလတစ်ခုမှာ ၅-၆ ရက်သာရှိတယ်။ သုတေသနလုပ်ကြည့်တော့ ကျန်းမာသန်စွမ်းကြတဲ့ အတွဲတွေဟာ ပြောတဲ့နေ့ကောင်းရက်သာမှာ အတူနေကြပေမဲ့ ကိုယ်ဝန်ရလမ်း ၃၀-၅၀ ရာခိုင်နှုန်းသာရှိတယ်။

သုက်ပိုးနဲ့ အဲလိုပေါင်းစပ်ပြီးသား မ-မျိုးဥဟာ ကိုယ်ဝန်တည်စေဖို့ ခရီးဆက်ရသေးတယ်။ သားအိမ်ပြွန်ကနေ သားအိမ်ထဲအထိ ဝင်လာပြီး သားအိမ်အတွင်းဆုံးနံရံမှာ တွယ်ကပ်ဖို့ဆိုတာ ပျမ်းမျှ ၆-၇ ရက်ကြာသေးတယ်။ ကိုယ်ဝန်တားဆေးတွေက တွယ်ကပ်မှာကို ဟန့်တားသေးတယ်။
သားအိမ်အတွင်းဆုံးနံရံမှာ တွယ်ကပ်ပြီဆိုတာနဲ့ ဟော်မုန်းနောက်တစ်မျိုး တိုးထွက်လာပြန်တယ်။ Human Chorionic Gonadotrophin (hCG) လို့ခေါ်တယ်။ ကိုယ်ဝန် ရှိ-မရှိစစ်တဲ့အခါ အဲဒီ (hCG) ရှိ-မရှိကို စစ်တာဖြစ်တယ်။ သူရှိနေမှသာ ကိုယ်ဝန်ဆက်တည်လိမ့်မယ်။ ဟော်မုန်းက တစ်ရက်ထက် တစ်ရက်များများလာရတယ်။ တစ်ရက်မှာ ၂ ဆတိုးတာဟာ နောက်ဆုံး ၆၀-၈၀ ရက်မှာ အများဆုံးရှိလာမယ်။

အတူနေပြီးချိန်မှာ ယောကျာ်းဆီကနေ မိန်းမ ဗဂျိုင်းနားထဲကိုစွန့်ထုတ်တဲ့ သုက်ရည်ထဲမှာ သုက်ပိုးပေါင်း သန်း ၁၀ဝ ပါနေတယ်။ သုက်ပိုးတစ်သိန်းထက်နည်းပြီးသာ သားအိမ်ထဲကိုဝင်လာနိုင်တယ်။ သားအိမ်ထဲကိုဝင်လာပြီးနောက် သားအိမ်ပြွန်ဆီ တန်းသွားတယ်။ ခရီးအရှည် ၅ လက်မလောက်သာ ဝေးတယ်။အဲဒီအချိန်မှာ

မိန်းမကလည်း ရာသီလလယ်ရက်လောက်က ထွက်ထားတဲ့မျိုးဥဟာ သားအိမ်ပြွန် အဖျားပိုင်းနားကနေ စောင့်နေမယ်။ မျိုးဥဆီကို သုက်ပိုး ၂၀ဝ လောက်က အရောက်လာနိုင်ကြတယ်။ အဲဒီအထဲက သုက်ပိုးတစ်ခုတည်းကသာ မျိုးဥနဲ့ ပေါင်းစပ်မှုပြုတယ်။ ပေါင်းစပ်တယ်ဆိုတာ ဖခင်ဆီက မျိုးဗီဇနဲ့ မိခင်ဆီကမျိုးဗီဇတွေ ပေါင်းစပ်ကြတာဖြစ်တယ်။ တစ်ယောက်စီကနေ ခရိုမိုဇုမ်း ၂၃ ခုစီပါလာကြတယ်။ ပေါင်းစပ်လိုက်တာနဲ့ မွေးလာမယ့် ကလေးရဲ့ ရုပ်ရည်၊ ဉာဏ်ရည်၊ ကျား-မ၊ အသာဖြူမဖြူ၊ အရပ်ရှည်၊ မရှည် စတာတွေအားလုံးကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တယ်။

၂၄ နာရီအတွင်းမှာတစ်ခုတည်းသော မျိုးဥဟာ ဆဲလ် ၂ခုပါတဲ့ သန္ဓေဖြစ်ပြီ။ ၁၂ နာရီတိုင်းမှာ ဆဲလ် အရေအတွက် ၂ ဆဖြစ်လာတယ်။ ဒီအချိန်မှာ ၂ ခု ကွဲထွက်သွားရင် အသွင်တူအမွှာဖြစ်မယ်။ ၃ ရက်ဆိုရင် ဆဲလ်ပေါင်း ၃၂ ခုရှိလာပြီ။ ဆက်ပြီး ဆဲလ်ပေါင်း ၅၀ဝ ရှိချိန်မှာ အရည်ပြည့်နေတဲ့အိတ် နဲ့အတူ အချင်း ဖြစ်စရာပေါ်လာပြီ။

သားအိမ်နံရံကိုလာပြီး တွယ်ကပ်တာကို ကိုယ်ဝန်ရှိပြီလို့ပြောတယ်။ အဲဒီရက်ဟာ ရာသီလာပြီး ၂၁ ရက်လောက်မှာ ဖြစ်တယ်။ အချင်းကနေ ဟော်မုန်းထုတ်ပေးနေပြီဖြစ်ပေမယ့် စမ်းတွေ့အောင် မများသေးလို့ ဆီးစစ်ရင် အပေါင်းမပြနိုင်သေးပါ။ ကိုယ်ဝန်ကတော့ရှိနေပြီ။ ကိုယ်ဝန် ၂၈ ပတ် ဆိုရင် ဆဲလ်ပေါင်း ၂ ထရီလီယန်ရှိပါပြီ။

အမေရိကန် သားဖွားမီးယပ်အထူးကုဆရာဝန်ပေါင်း ၁၈၀ဝ ဦးကိုမေးမြန်းခဲ့ပါတယ်။ အဖြေပေးကြတဲ့ ဆရာဝန်ပေါင်း ၁၁၅၄ ဦးရှိတယ်။ ၅၇ ရာခိုင်နှုန်း က ကိုယ်ဝန်ရှိပြီဆိုတာ ကျားသုက်ပိုးနဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈ ရာခိုင်နှုန်းက ကျားသုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တစ်ပတ်အကြာ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ဖြစ်တယ်။ ၁၅ ရာခိုင်နှုန်းက မသေချာဘူးလို့ ဆိုပါတယ်။ သားဖွားမီးယပ် ဆရာဝန်တွေအများစုက သန္ဓေတည်ချိန်လို့ပြောတာ ဘာသာရေး ဦးစားပေးသူတွေဖြစ်ကြပြီး ကိုယ်ဝန်ဖျက်တာကို အားမပေးကြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top