Healthy Life Ad
Life Style

စိတ်ဖိစီးမှုကြောင့် အသားအရေကို ဘယ်လိုထိခိုက်စေနိုင်သလဲ

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုကို ရှောင်လွှဲနိုင်ဖို့က တကယ်ခက်ပါတယ်။ အလုပ်၊ မိသားစုနဲ့ လူမှုရေး တာဝန်တွေကြားမှာ စိတ်ဖိစီးမှုကို အနည်းနဲ့အများဆိုသလို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီအချိန်မှာ အသားအရေက ခြောက်သွေ့တယ်၊ နွမ်းနယ်တယ်၊ အပြစ်အနာအဆာတွေ ထင်လွယ်တယ်ဆိုရင် ဒါဟာစိတ်ဖိစီးမှုကြောင့်ပါပဲ။ အကြောင်းကတော့ စိတ်ဖိစီးမှုများတဲ့အခါ အထွက်များတဲ့ ကော်တီစောဟော်မုန်းဟာ အရေပြားအပါအဝင် တစ်ကိုယ်လုံးကို ထိခိုက်စေတာကြောင့်ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကနေ ကော်တီစောဟော်မုန်းထွက်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက ဆီးချိုရောဂါဖြစ်နှုန်းတိုးမြင့်စေရုံသာမက အသားအရေမှာ Gly-cation ဆိုတဲ့ဖြစ်စဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒီအခါ အရေပြားရဲ့ကော်လာဂျင်ကို ထိခိုက်စေပြီး အရေပြားမှာ အရေးကြောင်းနဲ့ ပါးရေတွန့်တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် ကော်တီစောဟော်မုန်းဟာ အရေပြားရဲ့ Hyaluronic Acid ထုတ်လုပ်မှုကို လျော့ကျသွားစေပါတယ်။ အဲဒီအက်စစ်ဟာ အသားအရေကို သဘာဝအစိုဓာတ်ပေးတဲ့အရာပါ။ ကော်တီစောဟာ အရေပြားရဲ့ကာကွယ်တဲ့ အတားအဆီးကိုပါ ထိခိုက်သွားစေတဲ့အတွက် အရေပြားခြောက်သွေ့မှုဖြစ်လာတာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ကော်တီစောအပြင် အက်ပီနက်ဖရင်ဆိုတဲ့ ဟော်မုန်းလည်း ထွက်ပါသေးတယ်။ အဲဒီဟော်မုန်းကလည်း အသားအရေမှာ သွေးစီးဆင်းမှုလျော့ကျစေတဲ့အပြင် အောက်ဆီဂျင်အပါအဝင် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို လျော့နည်းသွားစေပါတယ်။ အရေပြားမှာ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ အောက်ဆီဂျင်လျော့နည်းတာကြောင့် နွမ်းနယ်ခြောက်သွေ့တဲ့ အရေပြားဖြစ်လာပါတယ်။ အရေပြားက သွေးလှည့်ပတ်မှုမကောင်းတဲ့ အခါအဆိပ်အတောက်တွေ စတင်စုဝေးလာပြီး အသားအရေ ညစ်နွမ်းပျက်စီးလာပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုကို ရှောင်လွှဲလို့မရရင်တောင် ကောင်းကောင်းထိန်းချုပ်ဖို့ နည်းလမ်းရှာသင့်ပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

– လေ့ကျင့်ခန်းလုပ်ပါ။

– အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာ၊ တရားထိုင်တာနဲ့ ငြိမ်ငြိမ်သက်သက်နေတာတို့ကို လိုက်နာရင်း စိတ်ဖိစီးမှုဖြေလျှော့ကာ နုပျိုကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်အောင် ကြိုးစားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top