Healthy Life Ad
Life Style

၄၀ကျော် အမျိုးသား၊ အမျိုးသမီးတို့အတွက် အထူးလိုအပ်သည့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

အသက် ၄၀ ကျော်လာပြီဆိုရင် အမျိုးသား၊ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဗီတာမင်ချို့တဲ့မှုတွေ ဖြစ်လာပါတယ်။

ဒူးနာတာနဲ့ ဝတာတွေ ဖြစ်လာပါတယ်

အသက် ၄၀ ကျော်လာပြီဆိုရင် အထူးသဖြင့် အမျိုးသမီးတွေမှာ ဘယ်လိုဝေဒနာ စဖြစ်သလဲဆိုတော့ ဒူးနာတတ်ပါတယ်။ နောက်တစ်ခုကတော့ ဝလာတာပါပဲ။ ဒီနှစ်ခုကတော့ အသက် ၄၀ကျော်အမျိုးသမီးတွေမှာ အတွေ့ရများတဲ့အတွက် သူတို့တွေဟာလမ်းလျှောက်တာ များရင်ပဲဖြစ်ဖြစ်၊ ထိုင်ရာကနေ ထလိုက်ရင်ပဲဖြစ်ဖြစ် ကျွတ်ကျွတ် . .ကျွတ်ကျွတ်ဆိုပြီး ညည်းညူတတ်ပါတယ်။

ပြီးတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဇီဝရုပ်ဖြစ်ပျက်မှု (Metabolic Rate)ကလည်း တဖြည်းဖြည်း လျော့နည်းလာပါတယ်။ အဲဒီလို လျော့နည်းလာတာကို ကိုယ်ကသတိမထားမိလိုက်ဘဲ အစားအသောက်ကို ပိုပြီးတော့စားမယ် ဒါမှမဟုတ် ခါတိုင်းလိုပဲစားမယ်ဆိုရင် ဝလာတယ်။ အဲဒီအချိန်မှာ ဘာလို့ဝလာတာလဲ၊ ငါအရင်တုန်းကလည်း ဒီအတိုင်းပဲစားနေတာပဲ . . ၃၀ကျော်အရွယ်တုန်းကလည်း ဒီအတိုင်းပဲစားတာပဲလို့ တွေးထင်တတ်ကြတယ်။ မတူပါဘူး။ ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုက တစ်နှစ်ပြည့်တိုင်း ၂ ရာခိုင်နှုန်းကျလာတဲ့အတွက် ခန္ဓာကိုယ်က အသက် ၄၀ကျော်တာနဲ့ ဘာအပြောင်းအလဲမှမလုပ်ဘဲနဲ့ ကိုယ်အလေးချိန် နှစ်ပေါင်အလိုအလျောက် တက်လာတတ်ပါတယ်။

ကြွက်သားထုထည် ပြောင်းလဲလာပါတယ်

အသက် ၄၀ကျော်လာရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားတွေကလည်း အဆီမပါတဲ့အသားကြွက်သား (Lean Muscle) တွေကလည်း တဖြည်းဖြည်းလျော့လာပါတယ်။ အဲဒီအချိန်မှာ ပုံမှန်အစားအသောက်တွေ စားပေးတာကြောင့် ကြွက်သားနေရာမှာ အဆီတွေတိုးလာတတ်ပါတယ်။ ဒီအတွက် ၄၀ ကျော်အရွယ်မှာ ဝလာတယ်၊ ကြွက်သားထုထည်ကျတော့ သေးသွားတယ်လို့ပြောကြတာဖြစ်ပါတယ်။

မျက်စိမှုန်လာပါတယ်

၄၀ကျော်လာတဲ့အခါ ဖြစ်တာကတော့ မျက်စိမှုန်လာတာပါပဲ။ အထူးသဖြင့် အနီးကြည့်တဲ့အခါ မျက်စိမှုန်လာပြီး စာတွေကို မဖတ်နိုင်တော့တဲ့အတွက် မျက်မှန်တပ်လာရပါပြီ။

ဟော်မုန်းအထွက် နည်းလာပါတယ်

၄၀ကျော်အရွယ်မှာ ဟော်မုန်းထွက်တာ နည်းလာပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အီစထရိုဂျင် ဟော်မုန်းထွက်တာ နည်းလာတဲ့အတွက် အရိုးပွတာ၊ အရိုးကြွပ်တာတွေ ဖြစ်လာပါတယ်။

ဗီတာမင်ဒီချို့တဲ့လာပါတယ်

၄၀ကျော်အရွယ်မှာ ခန္ဓာကိုယ်ထဲ ဗီတာမင်ဒီဖြစ်ပွားမှု နည်းလာပါတယ်။ ကယ်လ်ဆီယမ်ကလည်း နည်းလာပါတယ်။ အဆီတိုးလာတယ်၊ ဝလာတယ်။ ဒါတွေရဲ့နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီများတာ၊ ဒူးနာတာတို့ ဖြစ်လာတတ်ပါတယ်။ အရိုးတွေ ပါးလာတတ်ပါတယ်။ တချို့ဆိုရင် ကင်ဆာရောဂါဖြစ်လာတတ်ပါတယ်။

မဖြစ်အောင် ဘယ်လိုကာကွယ်ဟန့်တားနိုင်မလဲ . . .

(၁) အမျိုးသမီးအားလုံး ဖြစ်နိုင်ရင် ဗီတာမင်ဒီအပြည့်အဝရရှိအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ မနက် ၆နာရီခွဲကနေ ၈နာရီအထိ နေပူဆာလှုံပေးဖို့ လိုပါတယ်။ နေပူဆာမလှုံနိုင်ရင် အဲဒီအချိန်မှာဈေးသွားပါ။ မိနစ် ၂၀ အတွင်း နေရောင်ခြည်ရရှိလိုက်ရင် စားလိုက်တဲ့ ကိုလက်စထရောကတစ်ဆင့် ဗီတာမင်ဒီတွေ ဖြစ်လာပါတယ်။ အဲဒီရလာတဲ့ ဗီတာမင်ဒီတွေက စားတဲ့အထဲမှာပါတဲ့ ကယ်လ်ဆီယမ်ကိုယူသုံးပါတယ်။ ပြီးရင် အရိုးတွေထဲ ပို့လိုက်တဲ့အတွက် အရိုးနာတာသက်သာမယ်၊ အရိုးကျိုးတာ သက်သာမယ်၊ အရိုးပွတာ သက်သာမယ်။

(၂) ကယ်လ်ဆီယမ်ရအောင် လုပ်ပေးရပါမယ်။ ကယ်လ်ဆီယမ်ရအောင် နွားနို့သောက်ပေးပါ။ နွားနို့ကို တစ်ရက် နှစ်ခွက်သောက်ပေးရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လ်ဆီယမ် ၁၂၀ဝ မီလီဂရမ် ရရှိမှာဖြစ်ပါတယ်။ နို့သောက်တဲ့အခါ ပြည့်ဝနို့သောက်စရာ မလိုပါဘူး။ အဆီထုတ်ထားတဲ့နို့ကို သောက်လိုက်ရင် လိုအပ်တဲ့ကယ်လ်ဆီယမ်ရရှိမှာဖြစ်ပါတယ်။

(၃) ထမင်းကို လျှော့စားပေးဖို့လိုပါတယ်။ ညစာမှာ ထမင်းကိုလျှော့ဖို့၊ အရင်က တစ်ပန်းကန်စားရင် အခုအခါမှာ ထမင်းစားဇွန်းနဲ့ ငါးဇွန်းလောက်ပဲ စားဖို့လိုပါတယ်။ ဒါဆို ဝိတ်တက်တာအပြင် ဆီးချိုရောဂါမဖြစ်အောင် ရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

(၄) အသားစားမယ်ဆိုရင် နည်းနည်းတိုးစားပါ။ ဥပမာ- ကြက်ဥအကာနှစ်လုံး စားတာမျိုး၊ ကြက်သားနှစ်တုံးစားတာမျိုး . .အသားဓာတ်ပိုရရင် ခန္ဓာကိုယ်မှာ သေးသွားတဲ့ကြွက်သားတွေကို ပြန်လည်းအားဖြည့်ပေးပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဒါဆိုရင် သေးသွားတဲ့ကြွက်သားတွေကို ကြီးထွားစေသလို တိုးလာမယ့်အဆီတွေကို ကာကွယ်ဟန့်တားပေးရာရောက်ပါတယ်။

(၆) အမျိုးသားတွေအတွက်လည်း အထက်က ငါးချက်စလုံးလိုအပ်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဟော်မုန်းဓာတ်က များများလိုအပ်တဲ့အတွက် ဇင့်ဓာတ်များများပါတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ ဥပမာ ပင်လယ်စာ၊ ကြက်ဥ၊ နွားနို့ စတာတွေကိုစားပေးရပါမယ်။ ၄၀ ကျော်အရွယ် အမျိုးသားတွေမှာ ဘီယာသောက်တာကို လျှော့စေချင်ပါတယ်။ ဘီယာသောက်ရင် ကိုယ်အလေးချိန်တက်ပြီး အဆီတက်လာတတ်တာကြောင့် တတ်နိုင်သမျှ လျှော့စေချင်ပါတယ်။

(၇) အမျိုးသားကော အမျိုးသမီးပါ ၄၀ ကျော်အရွယ်မှာ ဖိစီးမှုများပြီး ကိုယ်ခံအားစနစ် ကျလာတဲ့အတွက် ဒါတွေကိုတွန်းလှန်နိုင်ဖို့ ဗီတာမင်ဘီနဲ့ ဗီတာမင်စီတို့ကိုလည်း များများမှီဝဲဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ပြီး အသက်ရှည်မှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top