Healthy Life Ad
International

ကျိန်စာသင့်လူသားဟုစွပ်စွဲသဖြင့် အိမ်ပြင်မထွက်ရဲသည့် မီးလောင်ကျွမ်းအရေပြားပိုင်ရှင်အမျိုးသား

၊ မိုးမင်းထွန်း ၊

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၂၆ နှစ်အရွယ် အန်တိုနီယိုရီလော့ချ်ဟာ Ichthyosis အမျိုးအစားအရေပြားရောဂါနဲ့ မွေးဖွားလာခဲ့ပါတယ်။

ဖခင်က သူမမွေးခင်ကတည်းက မိသားစုကိုစွန့်ခွာသွားခဲ့ပြီး မိခင်က သူ့အသက် ၁၂ နှစ်အရွယ်မှာ အိမ်ကထွက်သွားခဲ့ပါတယ်။ အန်တိုနီယိုဟာ အဘွားလက်ပေါ်မှာ ကြီးပြင်းခဲ့ရပါတယ်။ အရေပြားတွေ ပိုထူထဲမာကျောလာကာ မျက်နှာတစ်ဝိုက်ပါ ပျံ့နှံ့လာတာကြောင့် အမြင်အာရုံဝေ၀ါးလာခဲ့ပါတယ်။ အစပိုင်းမှာ အိမ်ပြင်ထွက်ဈေးသွားတာ၊ ဘုရားကျောင်းတက်တာတွေလုပ်ခဲ့ပေမယ့် ပတ်ဝန်းကျင်က ကျိန်စာသင့်လူသားအဖြစ်စွပ်စွဲတာကြောင့် နောက်ပိုင်းမှာ အိမ်ပြင်မထွက်ရဲတော့ပါဘူး။

အခုအခါ အန်တိုနီယိုရဲ့သတင်းကိုကြားတဲ့ ပရဟိတစေတနာရှင်တွေက သူ့ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပြီး ဆေးကုသမှုခံယူဖို့ မြို့တော်မနီလာသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ရောဂါအမျိုးအစားကို တိတိကျကျသိဖို့ စစ်ဆေးနေပြီး ပျောက်ကင်းအောင်ကုသဖို့မလွယ်ပေမယ့် အက်ကွဲတဲ့ အရေပြားဝေဒနာသက်သာအောင် လိမ်းဆေးတွေပေးဖို့ရှိနေကြောင်း သိရပါတယ်။ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တဲ့သူက နေကောင်းကျန်းမာပြီး ရည်မှန်းချက် အကောင်အထည်ဖော်ချင်ကြောင်း ပြောပြပါတယ်။

လှုပ်ရှားတာများရင် အရေပြားက နာကျင်ကြောင်းနဲ့ ကံမကောင်းအကြောင်းမလှလို့ ဝေဒနာရှင်တစ်ယောက်ဖြစ်နေပေမယ့် သူဟာလည်း တခြားသူတွေလို လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ ပတ်ဝန်းကျင်က လူတွေနားလည်စေချင်ကြောင်း အန်တိုနီယိုက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top