Healthy Life Ad
Health Tips

ပဋိဇီဝပိုးသတ်ဆေးနှင့် တွဲဖက်မစားသောက်သင့်သည့် အစားအသောက်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အကြောင်းကြောင်းကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကို မှီဝဲနေချိန်မှာ ဆေးအစွမ်းထက်မြက်ထိရောက်စေဖို့ အောက်ပါအစာတွေနဲ့ တွဲမစားသင့်ပါဘူး။

နို့နှင့် နို့ထွက်ပစ္စည်းများ
ချိစ်၊ နွားနို့၊ ထောပတ်၊ ရေခဲမုန့်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပဋိဇီဝပိုးသတ်ဆေးမှီဝဲစဉ် တွဲမသောက်ပါနဲ့။ ဒီအစားအသောက်တွေမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်က ပဋိဇီဝပိုးသတ်ဆေးတွေရဲ့ စုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေလို့ပါ။ ဒါပေမဲ့ ဒိန်ချဉ်ကိုတော့သောက်လို့ရပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားက အူလမ်းကြောင်း ကျန်းမာစေပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာမဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။

သံဓာတ်ပါဝင်မှုများသည့် အစာများ
ကယ်လ်ဆီယမ်လိုပဲ သံဓာတ်ကလည်း ပဋိဇီဝပိုးသတ်ဆေးစုပ်ယူမှုကို ဟန့်တားပေးပါတယ်။ ကြက်သည်း၊ အနီရောင်အသား၊ ကမာကောင်၊ အခွံမာစေ့၊ အစိမ်းရင့်ရောင် ဟင်းရွက်တွေနဲ့ အမည်းရောင် ချောကလက်တွေကို ပဋိဇီဝပိုးသတ်ဆေးနဲ့ တွဲမမှီဝဲပါနဲ့။ ဆေးသောက်ပြီး အနည်းဆုံးသုံးနာရီလောက်ခြားပြီးမှ ဒီအစာတွေကို စားပေးသင့်ပါတယ်။

အရက်
ပဋိဇီဝပိုးသတ်ဆေးသောက်နေချိန် အရက်ရှောင်တာ အကောင်းဆုံးပါ။ ဆေးကြောင့်ဖြစ်တတ်တဲ့ မူးဝေတာနဲ့ ဝမ်းပျက်တာလိုမျိုး အစာအိမ်အူလမ်းကြောင်း ပြဿနာတွေဖြစ်တတ်ပြီး အရက်သောက်လိုက်ရင် ပိုဆိုးစေနိုင်လို့ပါ။

အချဉ်အရသာရှိ သစ်သီးများ
အချဉ်အရသာရှိတဲ့ သစ်သီးတွေမှာ ကိုယ်ခံအားတက်စေတဲ့ ဗီတာမင်စီ ပါဝင် မှုများတာ မှန်ပါတယ်။ ဒါပေမဲ့ ပဋိဇီဝပိုးသတ်ဆေးနဲ့ တွဲမစားလိုက်ပါနဲ့။ လိမ္မော်သီး၊ ရှောက်သီး၊ အထူးသဖြင့် ဂရိတ်ဖရုသီးတွေဟာ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝပိုးသတ်ဆေး စုပ်ယူမှုအပေါ် မကောင်းတဲ့ သက်ရောက်မှုဖြစ်စေလို့ပါ။

အက်စစ်ကဲသော အစားအသောက်များ
ပဋိဇီဝပိုးသတ်ဆေးမှီဝဲနေစဉ် အက်စစ်ကဲတဲ့ အစားအသောက်တွေဖြစ်တဲ့ မန်ကျဉ်းသီး၊ ဝိုင်၊ ကော်ဖီ၊ ဆိုဒါ စတာတွေကို တွဲဖက်မစားသောက်သင့်ပါ။

အမျှင်ဓာတ် ပါဝင်မှုမြင့်မားသော အစားအသောက်များ
ပဋိဇီဝပိုးသတ်ဆေးကို အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအသောက်တွေနဲ့ တွဲဖက်မမှီဝဲပါနဲ့။ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ပဲသီး၊ အခွံမာစေ့၊ ပြောင်းဖူး စတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေက ဆေးစုပ်ယူနိုင်စွမ်းကို ကျစေတာကြောင့် ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top