Healthy Life Ad
Health Tips

အသားအရေနုပျိုပြီး အရွယ်တင်စေရန် သဘာဝနည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသားအရေချောမွေ့လှပဖို့အတွက် အိုမင်းမှုတား ခရင်မ်တွေ၊ အင်တီအောက်ဆီးဒင့်ပါတဲ့ လိုးရှင်းတွေ လိမ်းရမယ်ဆိုတာသိပြီးဖြစ်မှာပါ။ အခုဖော်ပြမယ့်နည်းတွေက အသားအရေနုပျိုပြီး တင်းရင်းလှပစေဖို့အတွက် တခြားထိရောက်တဲ့ သဘာဝနည်းသစ်တွေကို အကြံပြုပေးမှာဖြစ်ပါတယ်။


– စိတ်ဖိစီးမှုနှင့်သောက လျော့ပါးစေမည့်နည်းများကို ကျင့်သုံးပါ

ယောဂကျင့်တာ၊ ထိုက်ချိကစားတာနဲ့ တရားထိုင်တာတွေက စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို လျော့ပါးစေပါတယ်။ စိတ်ဖိစီးမှုဟာ အရေပြားတင်းစေတဲ့ ကော်လာဂျင်ကိုထိခိုက်စေပြီး ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ ကော်လာဂျင်တွေ အားနည်းလာတဲ့အခါ အရေပြားက ချောမွေ့မှုမရှိတော့ဘဲ အရေးကြောင်းထင်လာပါတယ်။ စိတ်ဖိစီးမှုဟာ အရေပြားရဲ့ အကာအကွယ်လုပ်ငန်းဆောင်တာကိုလည်း ထိခိုက်စေတဲ့အတွက် အရေပြား ခြောက်သွေ့တာ၊ ထိခိုက်လွယ်တာ၊ စပ်ဖျင်းဖျင်းဖြစ်တာတို့လည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သင့်အသားအရေကို ကျန်းမာလှပစေလိုတယ်ဆိုရင် စိတ်ဖိစီးမှုလျှော့ချပြီး အပန်းဖြေပေးတာက တကယ်ထိရောက်မှုရှိတဲ့နည်းဖြစ်ပါတယ်။


– တောင်တက်ပါ သို့မဟုတ် လမ်းလျှောက်ပါ

တောင်တက်တာ၊ ခပ်သွက်သွက်လမ်းလျှောက်တာ စတဲ့နည်းတွေက စိတ်ဖိစီးမှုကို လျော့ကျစေရုံသာမက အိုမင်းမှုကိုပါ ဟန့်တားပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် နှလုံးခုန်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းရောက်ရှိမှုများလေလေ၊ အရေပြားဆီကို အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေ ရောက်ရှိလေလေဖြစ်ပြီး အသားအရေ ကျန်းမာတောက်ပစေတာဖြစ်ပါတယ်။


– ရောင်စုံစားပါ

ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ဘယ်ရီသီး စတဲ့ တောက်ပတဲ့ အရောင်ရှိ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အေ၊ စီ၊ အီး၊ ဘီတာကယ်ရိုတင်းနဲ့ တခြား အင်တီအောက်ဆီးဒင့်အများအပြားပါဝင်တာကြောင့် အရေပြားအိုမင်းစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ အသက် ၄၀-၇၀ အရွယ် အမျိုးသမီးတွေကို လေ့လာမှုတစ်ခုအရ ဗီတာမင်စီ များများမှီဝဲလေလေ၊ အရေးကြောင်း ဖြစ်နှုန်းလျော့နည်းလေလေဖြစ်ကြောင်း အမေရိကန် အာဟာရဂျာနယ်မှာဖော်ပြထားပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ်ပါတဲ့ ပင်လယ်စာကိုစားတာကြောင့် အရေးကြောင်းဖြစ်နှုန်းကိုလျော့ကျစေပါတယ်။


– ရေသောက်ပါ

အရေပြားက ရေမြှုပ်လိုပါပဲ။ အစိုဓာတ် အလုံအလောက်ရှိနေတဲ့အခါ အရေပြားစိုပြည်ချောမွေ့နေပါတယ်။ အရေပြားခြောက်သွေ့ပြီး ရေဓာတ်ခမ်းခြောက်နေရင် အရေပြားတွန့်နေတတ်ပါတယ်။ အဲဒီအခါ အရေးကြောင်းပါးပါးနဲ့ အရေးကြောင်းကြီးတွေ ထင်ရှားလာတတ်ပါတယ်။ ဒါကြောင့် ရေအလုံအလောက်သောက်ပေးပါ။


– ရေပူသုံးပြီး ကြာကြာရေမချိုးပါနှင့်

အရေပြား အိုမင်းလာတာကြောင့် အသားအရေက ဆီကြည်အထွက်နည်းလာပြီး ပိုခြောက်သွေ့လာတတ်ပါတယ်။ ရေပူကိုကြာကြာချိုးတဲ့အခါ အရေပြားရဲ့ အကာအကွယ်အလွှာကို ဆေးချလိုက်သလိုဖြစ်ပြီး အသားအရေခြောက်သွေ့ကာ အရေးကြောင်းပိုထင်တတ်ပါတယ်။


– နေကာခရင်မ်လိမ်းပါ

နေဒဏ်ကို ကာကွယ်တာက အရေပြားထိခိုက်မှုနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုတို့မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းတစ်ခုပါ။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားက ဖရီးရယ်ဒီကယ်တွေထွက်ရှိစေပြီး အရေပြား ဒီအင်န်အေပြောင်းလဲကာ အရေးကြောင်းထင်တာ၊ နီမြန်းတာ၊ ဆံချည်မျှင် သွေးကြောထိခိုက်တာနဲ့ အမည်းစက်ထင်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းပေးဖို့လိုတာပါ။

– လေထုစိုထိုင်းစေသော စက်တပ်ဆင်ပါ

လေထဲမှာစိုထိုင်းဆနည်းလွန်းနေရင် အသားအရေ ခြောက်သွေ့နေတတ်ပါတယ်။ လေထဲမှာ စိုထိုင်းဆများနေမှသာ အရေပြားက ရေဓာတ်ကိုထိန်းထားပြီး စိုပြည်ချောမွေ့ကာ ကြည့်ကောင်းနေမှာပါ။


– အပျော့စား မျက်နှာသစ်ဆေးသုံးပါ

တစ်နေ့တာအတွင်း မျက်နှာအရေပြားမှာ အညစ်အကြေး၊ အဆိပ်အတောက်တွေကပ်ငြိကာ ချွေးပေါက်ပိတ်ဆို့မှု ဖြစ်လာတတ်ပါတယ်။ ဒီအညစ်အကြေးတွေကို ညနေအိမ်ပြန်ရောက်တိုင်း မျက်နှာသစ်ဆေး အပျော့စားနဲ့ ညင်ညင်သာသာ သန့်စင်ဆေးကြောပေးပါ။ ဒါမှ မွေးညင်းပေါက်တွေပွင့်ပြီး လေဝင်လေထွက်ကောင်းကာ စိုပြည်စေမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top