Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ(၇)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သား ထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့် ပတ်သက်ပြီး အမှန်လေလား အမှားလား ဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန် ဖော်ပြပေးပါမည်။

ယခုတစ်ပတ်တွင် အားကစားနှင့်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဆိုင်ရာ ယုံကြည်ချက်များကိုဖော်ပြဆွေး နွေးပေးပါမည်။

ယုံကြည်ချက် (၁)
“အသက်ကြီးနေသောကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ မလိုပါ”
အမှန်တကယ်မှာ ငြိမ်ငြိမ်နေလေ ပိုအိုစာလေလေဖြစ်သည်။ မလှုပ်ဘဲနေသောအခါ အရိုးအဆစ် ကြွက်သား တို့သန်စွမ်းနိုင်ခြင်းများ လျော့နည်း စေသည်။ ပုံမှန်လေ့ကျင့်ခန်းမလုပ်ဘဲ အထိုင်များသူများသည် နှလုံးရောဂါ ဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး ဆေးရုံ၊ ဆေးခန်းပြသရမှုနှင့် ဆေးသောက် ရမှုများ ပိုမိုစေနိုင်သည်။ အကယ်၍ တစ်သက်လုံး လေ့ကျင့်ခန်းအားကစားဘာတစ်ခုမှ မလုပ်ခဲ့ဖူးသူဆိုပါက သက်သောင့်သက်သာရှိသည့် အေရိုးဗစ် လေ့ကျင့်ခန်းလိုမျိုးဖြင့် အစပျိုး လုပ်ဆောင်သင့်သည်။

နှလုံးကျန်းမာရှိစေဖို့ တစ်ပတ်လျှင်ငါးရက် တစ်ရက်လျှင် မိနစ် ၃၀ ခန့် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ပေးခြင်းမျိုးက သင့်လျော်သည်။ ကျန်နှစ်ရက်တွင် ကြံ့ခိုင်မှုဖြစ်စေသည့် အားကစားမျိုး ဥပမာ အလေးမကျင့်ခြင်းမျိုး လုပ်ဆောင်နိုင်သည်။ ထိုသို့လုပ်ဆောင်ရန်ပင် ဝန်လေးနေပါက

အနည်းဆုံး တစ်နေ့ဆယ်မိနစ်ခန့် လမ်းလျှောက်ခြင်းသည်ပင်လျှင် မဆိုးလှပါ။

ယုံကြည်ချက် (၂)
“လေ့ကျင့်ခန်းလုပ်ခြင်းသည် မိမိကိုယ်ကို ညှင်းဆဲခြင်းဖြစ်သည်”
လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေးအတွက်သာမက စိတ်လက်ပေါ့ပါး သွက် လက်စေရေးအတွက်ပါ အရေးပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း အားကစားလုပ်ခြင်းသည် လုပ်နေစဉ် မော ပန်းသော်လည်း ထိုမောပန်းမှု နောက်ကွယ်တွင် ရရှိသည့် အကျိုးထူးများကြောင့် မိမိကိုယ်မိမိ ညှင်းဆဲ သည်မမည်ပါ။ သို့သော် မိမိအသက်အရွယ်၊ ကြံ့ခိုင်သန်စွမ်းမှု၊ ရာသီဥတု အခြေအနေတို့ကို ထည့်သွင်းတွက်ချက်ကာ သင့်လျော်သောလေ့ကျင့်ခန်းကို ရွေးချယ်လုပ်ဆောင်တတ်ဖို့ လိုပါသည်။

ယုံကြည်ချက် (၃)
“နှလုံးမကောင်းသောကြောင့် လေ့ကျင့်ခန်း မလုပ်သင့်ပါ”
ဆိုခဲ့ပြီးသည့်အတိုင်း မိမိကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ကို ချင့်ချိန်ကာ လေ့ကျင့်ခန်းလုပ်နိုင်သည်။ နှလုံးမကောင်းသည့်အတွက် ခြွင်းချက်မရှိပါ။ နှလုံးမကောင်းစေကာမူ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုး ဥပမာ ခပ်သွက်သွက် လမ်းလျှောက်ခြင်းမျိုးသည်ပင်လျှင် ကိုလက်စထရောကျဆင်းစေခြင်း၊ သွေးလှည့်ပတ်မှု အားကောင်းစေခြင်းမျိုးကို ဖြစ်စေနိုင်သည်။

ယုံကြည်ချက် (၄)
“လေ့ကျင့်ခန်းလုပ်ဖို့ မတတ်နိုင်ပါ”
လေ့ကျင့်ခန်းလုပ်ဖို့ တန်ဖိုးကြီးလမ်းလျှောက်စက်၊ အလေးမစက် စသည့်စက်များမလိုပါ၊ ကိုယ်ကာယသင်တန်း အသင်းဝင်ကြေးပေးဖို့လည်း အရေးမကြီးပါ။ ဘာမှမလိုသော လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ အိပ်ထမတင် လုပ်ခြင်းမျိုးကပင် ထိရောက်သော ကိုယ်လက်လှုပ်ရှားမှု ကိုဖြစ်စေသည်။ လမ်းလျှောက်ရန်အတွက် ဈေးကြီးသောရှူးဖိနပ်နှင့် ဘောင်းဘီရှည်တို့ရှိမှ ဖြစ်သည်မဟုတ်၊ သူလိုငါလို အိမ်နေရင်း ဝတ်သည့် အဝတ်အစားဖိနပ်နှင့်ပင်ရသည်။ ပဓာန နှင့်သာမညကို ခွဲသိဖို့လိုသည်။ ရာသီဥတုမကောင်းလျှင်ပင် အိမ်တွင်း၌ လေ့ကျင့်ခန်း လုပ်နိုင်သည်။ ထို့ကြောင့် လေ့ကျင့်ခန်းမလုပ်လိုသောကြောင့် ပေးနေသည့် ဆင်ခြေများကိုသာ ဖယ်ရှားလိုက်ပါ။

ယုံကြည်ချက် (၅)
“ငယ်စဉ်ကလောက် မလှုပ်ရှားနိုင်တော့သဖြင့် လေ့ကျင့်ခန်း မလုပ်နိုင်တော့ပါ”
အသက်ကြီးလာသည်နှင့်အမျှ ငယ်စဉ်ကလောက် မလှုပ်ရှားနိုင်တော့သည်မှာ သဘာဝပင် ဖြစ်သည်။ မိမိ ကိုယ်ခန္ဓာကြံခိုင်မှု အခြေအနေကိုလိုက်ပြီး လှုပ်ရှားနိုင်သလောက် လှုပ်ရှားဖို့က ပိုအရေးကြီးပါသည်။ လေ့ကျင့်ခန်းလုပ်ရန် ပုံမှန်လှုပ်ရှားဖို့အတွက် နောက်ကျသည်ဟု မရှိပါ။ သက်ကြီးပိုင်းတွင် နေ့စဉ် တစ်နေ့မိနစ် ၂၀ ခန့် မှန်မှန်လမ်းလျှောက်သူသည် နှစ်နှစ်ခန့်အကြာတွင် လမ်းမလျှောက်သူထက် ပိုမို သန်စွမ်းကျန်းမာ စေသည်။

ယုံကြည်ချက် ၆
“လေ့ကျင့်ခန်းအတူလုပ်ဖို့ အဖော်မရှိပါ”
လေ့ကျင့်ခန်းလုပ်ဖို့ အဖော်ရှိရန်မလိုပါ။ အကယ်၍ သင်သည် တစ်ဦးတည်း စတင်ပြီး လမ်းမှန်မှန်လျှောက်နေလျှင် နောက်ပိုင်းတွင် အခြားသူများ သည်လည်း လမ်းလျှောက်သူများ ဖြစ်လာနိုင်ပါသည်။ သို့မဟုတ် လမ်းလျှောက်နေရင်းနှင့်ပင် လမ်းလျှောက်ဖော် မိတ်ဆွေသစ်များရနိုင်ပါသည်။ ထို့ကြောင့် အဖော်မရှိလို့ လေ့ကျင့်ခန်း မလုပ်ဖြစ်တာပါ ဟု မတွေးသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top